မိတ္ထီလာ ၇ ဇန်နဝါရီ
မိတ္ထီလာမြို့ပေါ် ရပ်ကွက်အတွင်းရှိ လမ်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ လမ်းများကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ ဈေးအရှေ့ပြင်ရပ်ကွက် စည်သူလမ်း၊ အောင်ဆန်းရပ်ကွက် ရွှေစစ်သည်လမ်း၊ ဝန်ဇင်း နယ်မြေ(၁၂) သုခကာရီလမ်း၊ ဝန်ဇင်းနယ်မြေ (၁၇-အေ)မင်္ဂလာဦးလမ်းများကို ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ပြည်သာယာတောင် (၃)လမ်း၊ ဝန်ဇင်းရပ်ကွက် နယ်မြေ(၅)(၆)လမ်း၊ အောင်ဇေယျာ ရပ်ကွက် နယ်မြေ(၁၃)ရှိ နန္ဒဝန်အစပ်မှ ချည်စက်ရပ်ကွက် သဲတောလေးနယ်မြေ(၁/၂) မဟာစည်တိုးချဲ့ ရပ်ကွက်အထိနှင့် စက်မှုဇုန် (၂)လမ်းများကို ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် ပေါက်ချောင်းကွက်သစ်နှင့် တိုးချဲ့ကြား မိန်းလမ်းမကြီး ကျောက်ချောခင်းခြင်းလုပ်ငန်းနှင့် ပြည်သာယာ (မြောက်) ချမ်းသာကြီးဘုန်းတော်ကြီးကျောင်း ဂန့်ဂါးခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)နှင့်အထက် မြို့ပြလမ်း/တံတား တည် ဆောက်ရေး လုပ်ငန်းများကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့်ဖြစ်ရာ ၎င်းလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါ စိစစ်ရွေးချယ်ရေးအဖွဲ့မှ သတ်မှတ်ထားသော အဆိုပြုလွှာ၊ စည်းကမ်းချက်များနှင့်အညီ မြို့နယ်စည်ပင်သာယာရေး ကော်မတီသို့ ဇန်နဝါရီ ၁၈ ရက်အထိ လျှောက်လွှာများ လျှောက်ထားနိုင်ကြောင်း ခရိုင်စည်ပင်သာယာရေးဌာနမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)