ညောင်ဦး ၇ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ကလေးသူငယ်အခွင့်အရေးနှင့် အကျိုးစီးပွားဦးစားပေးသည့် တရားစီရင်ရေးဆိုင်ရာ ရဲလုပ်ထုံးလုပ်နည်းနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ သင်တန်း အမှတ်စဉ် (၁/ ၂၀၁၉)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေလင်းက ကလေးသူငယ်မှုခင်းများနှင့် ကျား/မ အကြမ်းဖက်မှုဆိုင်ရာ မှုခင်းများကို ဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းဆောင်ရွက် တတ်စေရန် ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို ဂရုတစိုက် လေ့လာသင်ယူသွားကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြ ဆရာများက သင်တန်းသားတပ်ဖွဲ့ဝင်များအား ကလေးသူငယ်များ၏ရပိုင်ခွင့် အခွင့်အရေးများ၊ အကျိုးစီးပွားကို ဦးစားပေးသည့် တရားစီရင်ရေးဆိုင်ရာ ရဲလုပ်ထုံးလုပ်နည်းများ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသည်။
အဆိုပါ ကလေးသူငယ် အခွင့်အရေးနှင့် အကျိုးစီးပွားဦးစားပေးသည့် တရားစီရင်ရေးဆိုင်ရာ ရဲလုပ်ထုံး လုပ်နည်းနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၁/ ၂၀၁၉) သင်တန်းဖွင့်ပွဲသို့ ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေလင်းနှင့် နယ်မြေရဲစခန်းမှူးများ၊ ရဲကင်းစခန်းမှူးများ၊ ဌာနစိတ်တာဝန်ခံ အရာရှိများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရပြီး၊ အဆိုပါ သင်တန်းသို့ ခရိုင်အတွင်းရှိ ရဲတပ်ကြပ်အဆင့်မှ ရဲအုပ်အဆင့်ထိ သင်တန်းသားတပ်ဖွဲ့ဝင် ၂၀ ဦး တက်ရောက်သင်ကြားသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းအား ဇန်နဝါရီ ၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ နှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)