၈ ဇန်နဝါရီ
မြန်မာ့အလင်း အယ်ဒီတာအာဘော်
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း SMEs များဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်အစိုးရက ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။ စက်မှုဖွံ့ဖြိုးတိုးတက်သောနိုင်ငံများ၏ ပထမဦးဆုံးခြေလှမ်းမှာ အသေးစား စက်မှုလက်မှုလုပ်ငန်းများဖြင့် စတင်ကြရခြင်းဖြစ်သည်။ ယင်းမှတစ်ဆင့် အလတ်စားနှင့် အကြီးစားစက်မှုလက်မှုလုပ်ငန်းများ အဖြစ်သို့ အဆင့်ဆင့်ကူးပြောင်းကြရခြင်းဖြစ်ရာ SMEsများ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခြင်းသည် ဆိုခဲ့သည့်ဖြစ်စဉ်များ အစပျိုးနိုင်ရန် ပြင်ဆင်ခြင်း ဖြစ်သည်ဟု မှတ်ယူနိုင်သည်။
မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများက ၉၉ ရာခိုင်နှုန်းအထိ ပါဝင်လျက်ရှိရာ နိုင်ငံ၏ စီးပွားရေးစွမ်းရည် မြှင့်တင်ပေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဓိကမောင်းနှင် အား ဖြစ်သည့်အလျောက်SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒနှင့် ရည်မှန်းချက်များချမှတ်၍ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာ ဖွံ့ဖြိုးမှုနှင့် တီထွင်ဖန်တီးတတ်မှု၊ ငွေကြေးအရင်းအမြစ်၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေး၊ သင့်လျော်သော အခွန်အကောက်နှင့် လုပ်ထုံးလုပ်နည်းများ၊ လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်ကောင်းများ ရရှိရေးတို့ကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း SMEs ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားထားသည်။
သို့ဖြစ်သည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များ ပြောကြားလေ့ရှိသည့် အခက်အခဲများဖြစ်သည့် လုပ်ငန်းထူထောင်လုပ်ကိုင်ရန် အရင်းအနှီးနှင့် နည်းပညာလိုအပ်ချက်၊ မြေနေရာရရှိရန်အခက်အခဲနှင့် မြေတန်ဖိုးများ မြင့်မားနေမှု၊ ဝန်ကြီးဌာနများမှ လုပ်ထုံးလုပ်နည်းအဆင့်များ၊ ဘဏ် ချေးငွေဆိုင်ရာ ဖြေလျှော့ပေးစေလိုမှု စသည်တို့ အဆင်ပြေချောမွေ့ လာလိမ့်မည်ဟု မျှော်လင့်နိုင်ပြီဖြစ်သည်။ SME များ ဖွံ့ဖြိုးတိုးတက်မှု သည် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်း၊ အလုပ် အကိုင်များမှ ဝင်ငွေရရှိကာ စားသုံးမှုမြင့်မားလာပြီး နိုင်ငံအတွင်း ငွေကြေးလှည့်ပတ်စီးဆင်းမှု မှန်ကန်စေခြင်း၊ ဆင်းရဲမွဲတေမှုလျော့ကျစေ ခြင်းနှင့် နိုင်ငံအတွက် အခွန်ငွေတိုးတက်ရရှိစေခြင်း စသည့်ကောင်းကျိုး ရလဒ်များကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် ပြည်တွင်း SME လုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် အိမ်နီးချင်းနိုင်ငံများကို ယှဉ်ပြိုင်နိုင်စွမ်းနည်းပါးစွာဖြင့် ပြည်တွင်းရှိ ဈေးကွက်များကိုပါ လက်လွှတ် လိုက်ရသည်များရှိနေပြီး အချို့မှာလည်း ဈေးကွက်ဝေစုများကို ခြိမ်းခြောက်ခံ နေရသည့်အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။ မိမိတို့၏ ပြည်တွင်းဈေးကွက် အခြေအနေအရပ်ရပ်တို့ကို စူးစမ်းလေ့လာကာ ခေတ်မီဆန်းသစ်သော အသွင်အပြင်၊ လူတိုင်းဝယ်ယူသုံးစွဲနိုင်သော ဈေးနှုန်းတို့ဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများကြောင့် အစဉ်အလာ အားဖြင့် ပြည်တွင်းဈေးကွက်ကိုသာ ရည်ရွယ်ထုတ်လုပ်ပြီး ရပ်တည်ခဲ့သည့် လုပ်ငန်းများ ပြိုလဲသွားခဲ့ကြရသည်။ ထို့ပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန် သစ်သီးဝလံ၊ ပန်းမန်၊ သားငါးတို့မှအစ တရားမဝင်လမ်းကြောင်း များမှ ဝင်ရောက်လာကြသည့်အတွက် ပြည်တွင်းစိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများအတွက်လည်း စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ရေရှည် ရပ်တည်နိုင်ရေးအတွက် မိမိတို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်ရန်၊ သမားရိုးကျ ပုံစံများမှ ဖောက်ထွက်၍ တီထွင်ဆန်းသစ်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးသည့် လုပ်ငန်းငယ်များအချင်းချင်း စုစည်း၍ လုပ်ငန်းကြီးတစ်ခု ဖြစ်လာစေခြင်းအားဖြင့် ယှဉ်ပြိုင်နိုင်စွမ်း ပြည့်ဝလာစေရန် ကြိုးပမ်းကြ ခြင်းဖြင့် မိမိစီးပွား၊ နိုင်ငံ့စီးပွားကို မြှင့်တင်နိုင်ကြပါစေကြောင်း။ ။