နေပြည်တော် ၇ ဇန်နဝါရီ
နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့် နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် လာရောက်လည်ပတ်လျက် ရှိသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ တာချီလိတ်နယ်စပ် ဝင်/ထွက် ပေါက်မှ တစ်ဆင့် ညအိပ်/ နေ့ချင်းပြန် ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား ၂၇၆၉၂ ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသား ခရီးသွားဧည့်သည် ၄၂၁ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၄၂၈ ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၃၃၄ ဦး ရှိကြောင်း သိရသည်။
အဆိုပါ ခရီးသွားဧည့်သည်များသည့် နေ့ချင်းပြန် ခရီးစဉ်အဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြသည်။
ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရား ခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင် စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ကြပြီး ပြည်တွင်းပိုင်း ခရီးစဉ်အား တာချီလိတ်မြို့မှ လေကြောင်းဖြင့် တိုက်ရိုက်ပျံသန်းသော မြို့များဖြစ်သည့် ဟဲဟိုး-ရန်ကုန်- မန္တလေး-မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့် ပြည်တွင်းပိုင်းသို့ သွားရောက်လည်ပတ်ကြသည်။
တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင်ရောက်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် အရေ အတွက်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နေ့ချင်းပြန်/ ညအိပ်ခရီးသည် စုစုပေါင်းမှာ ၇၇၁၆၈၇ ဦးဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ခရီးသည်စုစုပေါင်း ၉၃၂၃ ဦးနှင့် ဗီဇာဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း ၁၆၈၇၀ ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
MDN