၁၂ ဇန်နဝါရီ

ကြေးမုံအယ်ဒီတာ့အာဘော်

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် သာယာလှပသည့် သဘာဝခရီးသွား အရင်းအမြစ်များ ပေါများကြွယ်ဝပါသည်။ ယင်းတို့တွင် မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းမှ မြိတ်ကျွန်းစုကဲ့သို့ သဘာဝ အလှအပများနှင့် မြောက်ဘက်ပိုင်းမှ ခါကာဘိုရာဇီတောင်ကဲ့သို့ ခရီးသွားဒေသများမှာ ပြည်တွင်းသာမက နိုင်ငံတကာမှ ခရီးသွားဧည့်သည်များအတွက် စွဲမက်စရာဒေသများ ဖြစ်ပါသည်။

 

မြန်မာပြည်မြောက်ဖျားရှိ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းမှ မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင် ခါကာဘိုရာဇီ ရေခဲတောင်နှင့် အခြား ရေခဲတောင်များ၊ အရပ်ဒေသများမှာ ကမ္ဘာလှည့်ခရီးသွားများ အနှစ်ခြိုက်ဆုံး ဒေသများဖြစ်၍ ဆက်သွယ်သွားလာမှု လွယ်ကူချောမွေ့နေမည်ဆိုလျှင် အဆိုပါဒေသ၏ ခရီးသွားလုပ်ငန်းမှ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီး နိုင်ငံ့ဝင်ငွေလည်း တိုးတက်ရရှိလာနိုင်ပါသည်။

 

သာဓကအားဖြင့် ကချင်ပြည်နယ်မှ ရေခဲတောင်များနှင့် တစ်ကြောတည်းရှိသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လီကျန့်ဒေသရှိ ကျောက်စိမ်းနဂါးရေခဲတောင်သည် ခါကာဘိုရာဇီတောင်ထက်နိမ့်ပြီး အလှအပတွင်လည်း ခါကာဘိုရာဇီ၊ ဂန်လန်ရာဇီတို့ကို မမီချေ။ သို့သော် အဆိုပါအရပ် ဒေသများမှာ ငြိမ်းချမ်းသာယာနေသည်။ လမ်းပန်းဆက်သွယ်ရေး ချောမွေ့ဖြောင့်ဖြူးကောင်းမွန်နေသည်။ နေ့စဉ် ခရီးသွားဧည့်သည်များ စီတန်း ရောက်ရှိနေကြသည်။ တောင်ခြေသို့ ယာဉ်ဖြင့် တစ်တန်၊ တောင်လယ်သို့ ကေဘယ်ကားဖြင့် တစ်ဖုံ၊ စွန့်စားတက်လိုသူများအတွက် ခြေကျင်တစ်သွယ် စခန်းအဆင့်ဆင့် ဖန်တီးပေးထားသဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးနေပြီး နေ့စဉ်ဝင်ငွေ အမြောက်အမြား ရရှိနေသည်။

 

မြန်မာနိုင်ငံမြောက်ပိုင်းရှိ သဘာဝအလှအပများမှာ ၎င်းတို့ထက် များစွာသာလွန်သော်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု အခြေအနေ မှေးမှိန်နေသည်။ အကြောင်းမှာ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ နောက်တစ်ကြောင်းမှာ ငြိမ်းချမ်းသာယာခြင်း မရှိသောကြောင့် ဖြစ်သည်။ ဤသို့ဖြစ်ခဲ့သည်မှာ အချိန်ကာလများစွာ ကြာမြင့်ခဲ့ပါသည်။ ပြည်နယ်အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ အခွင့်အလမ်းများ များစွာ ဆုံးရှုံးနေရသည်။

 

ငြိမ်းချမ်းခြင်းကို ဦးစွာတည်ဆောက်မှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေအနေကောင်းများ ရောက်ရှိလာမည်။ သို့သော် ကချင်ပြည်နယ်အတွင်း ယနေ့ထက်တိုင် မငြိမ်းချမ်းသေးပါ။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသို့ ဦးတည်လျှောက်လှမ်းနေသဖြင့် မိမိဒေသ၏ အခွင့်အလမ်း များကို မိမိတို့ကိုယ်တိုင် ခံစားခွင့်ရှိပါသည်။ ညှိညှိနှိုင်းနှိုင်းနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးပါသည်။ အမြင်မတူ ကွဲပြားခြားနားသော စိတ်ဓာတ်များဖြင့် အတ္တကို ရှေ့တန်းတင်နေမည်ဆိုလျှင် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေဦးမည်။ နိုင်ငံတော်၊ ပြည်နယ်နှင့် တိုင်းရင်းသား ပြည်သူများအတွက် အခွင့်အလမ်းကောင်းများ လက်လွတ်နေမည်။

 

ဥပမာအားဖြင့် မငြိမ်းချမ်းသောကြောင့် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေးကို ဖြောင့်တန်းအောင် မဆောင်ရွက်နိုင်ခဲ့ချေ။ မိုးတွင်းကာလတွင် မြစ်ကြီးနားမှ ပူတာအိုသို့ ၂၁၈ မိုင်ခရီးကို ရွှံ့ဗွက်လမ်းများဖြင့် သွားလာ၍ မရလောက်အောင် ခက်ခဲသည်ကို မြင်တွေ့ဖူးပေလိမ့်မည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ပူတာအိုမှ စားနပ်ရိက္ခာ ဈေးနှုန်းသည် မြစ်ကြီးနားထက် နှစ်ဆဈေးကြီးသည်။ ပူတာအိုမှ ခြေကျင်ခရီးသာသွားနိုင်သော၊ သဘာဝအလှအပများပေါများသော နောင်မွန်း၊ ပန်နန်းဒင်တို့ဆိုလျှင် မည်မျှ ဈေးနှုန်းကြီးမြင့်မည်ကို ခန့်မှန်းနိုင်သည်။

 

ထိုအခါ ခရီးသွားဧည့်သည်များမပါ ဒေသခံ တိုင်းရင်းသားများနှင့် ဒေသခံဝန်ထမ်းများ မည်သို့ ရပ်တည် နေထိုင်နိုင်ပါမည်နည်း။ ယခုအရပ်သားအစိုးရလက်ထက်တွင် ယင်းအခြေအနေကို ပြောင်းလဲနိုင်ခဲ့သည်။ မိုးတွင်းကာလ မြစ်ကြီးနား-ပူတာအို သုံးညအိပ်ခရီးကို ယနေ့ နေ့ချင်းပြန် သွားလာနိုင်ပြီ။ ပူတာအိုမှ နောင်မွန်းခရီးကို ယခင်ကလားဖြင့် လေးညအိပ်သွားလာရာမှ ယခု မော်တော်ယာဉ်ဖြင့် လေးနာရီ ခရီးသွားလာနိုင်ပြီ။ မြစ်ကြီးနား-ပူတာအို-နောင်မွန်း ကုန်ဈေးနှုန်းမှာ ကွာခြားမှုလျော့ကျသွားသည်။

 

ဤသည်မှာ ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်တစ်ခု ဖြစ်သည်။ ကချင်ပြည်နယ်တစ်ခုလုံး ငြိမ်းချမ်းပါက ဆိုဖွယ်ရာမရှိတော့ချေ။