၁၃ ဇန်နဝါရီ
ပညာသည်သာ လူ့ဘောင်လောက အေးချမ်းသာယာဖွံ့ဖြိုးရေးအတွက် အခရာဖြစ်သည်။ ပညာဟုဆိုရာ၌လည်း အတန်းပညာသက်သက်၊ ဘွဲ့ထူး၊ ဂုဏ်ထူး ပညာသက်သက်မဟုတ်၊ တွေးခေါ်မြော်မြင် ဆင်ခြင်တုံတရားနှင့် ပြည့်ဝသောပညာကို ဆိုလိုရင်းဖြစ်သည်။
ယနေ့လူ့ဘောင် လောကတွင် ကြုံတွေ့ကြားသိနေရသော စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရပ်များ၊ အကြောင်းကိစ္စရပ်များကို ဖြစ်စေသည့် အနိဋ္ဌာရုံ အဖြစ်ဆိုးများသည် တွေးခေါ်မြော်မြင် ဆင်ခြင်တုံတရားနှင့် ပြည့်ဝသော ပညာအခံ မလွှမ်းခြုံသော၊ အခြားတစ်နည်းမှာ မိမိစိတ်ကို ချုပ်တည်း ထိန်းသိမ်းနိုင်စွမ်းမရှိသော အကြောင်းတရားများကြောင့် ဖြစ်ရသည်ဟု အကြမ်းဖျင်း ဆိုနိုင်သည်။
မိမိတို့သည် လူသာမန်တို့ပင်ဖြစ်၍ မိမိတို့၏ စိတ်သန္တာန်တွင် အနုသယ ကိလေသာများ ကိန်းအောင်းနေလေ့ ရှိသည်။ ငုပ်လျှိုးနေလေ့ရှိသည်။ ၁ - ကာမဂုဏ်၌ နှစ်သက်အပ်သော “လောဘ”၊ ၂ - ဘဝ၌ နှစ်သက်အပ်သော “လောဘ” ၊ ၃ - ပြစ်မှားကြမ်းကြုတ်သော “ ဒေါသ”၊ ၄ - မောက်ကြွားထောင်လွှားသော “မာန”၊ ၅ - မှားသောအယူဝါဒကို ယူသော “ဒိဋ္ဌိ”၊ ၆ - ရတနာသုံးပါး စသည်တို့၌ သို့လော သို့လော တွေးတောခြင်း “ဝိစိကိစ္ဆာ”၊ ၇ - မသိမလိမ္မာ တွေဝေမိုက်မဲခြင်း “မောဟ” ဟူသည့် အနုသယ ခုနစ်ပါးသည် အကြောင်းတစ်စုံတစ်ခုနှင့် ပေါင်းဆုံမိ၍ အဆင်သင့်ဖြစ်ပေါ်နိုင်ရန် လူသတ္တဝါတို့ သန္တာန်၌ ကိန်းဝပ်နေသော ကိလေသာများဖြစ်သည်။
ထို့ကြောင့် လူဟူသည် အကြောင်းတစ်ခု ပေါင်းဆုံမိလျှင် သတိသမ္ပဇဉ်ဉာဏ်ဖြင့် ချွန်းအုပ် ဘရိတ်မအုပ်နိုင်လျှင် မည်မျှအန္တရာယ်ကြီးမားကြောင်း သိသာနိုင်ပေသည်။ တစ်ဖန် အနုသယကိလေသာတွင် နောင်တရခြင်း၊ အဟောင်းဖြစ်သောရန် မုန်းတီးခြင်း၊ မျက်မုန်းကျိုးခြင်း၊ အာရုံ၌ စွဲကပ်ခြင်းတို့လည်း ရှိပေသေးသည်။ ကျွန်ုပ်တို့သည် သံသရာ၌ ကျင်လည်နေသရွေ့ ကာလပတ်လုံး ကုသိုလ်နှင့်အကုသိုလ် နှစ်မျိုးအနက်အမြဲတစေ တစ်မျိုးမျိုးကို ပြုလုပ်နေကြသည်။ ကုသိုလ်အလုပ် ဖြစ်ချင်ဖြစ်မည်။ အကုသိုလ်အလုပ် ဖြစ်ချင်ဖြစ်မည်။ ထိုအလုပ် နှစ်မျိုးအနက် တစ်မျိုးသာဖြစ်နေသည်။ ကြားအလုပ်ဟူ၍မရှိ၊ တစ်မျိုးမျိုးသာ ဖြစ်နေကြသည်။
ဤတွင် မိမိတို့ကောင်းမှုကုသိုလ် မလုပ်ဖြစ်၍ အကုသိုလ် ဖြစ်နေပြီလောဟူ၍လည်း တွေးတော ပူပန်ဖွယ်လည်း မဖြစ်သင့်ချေ။ လောက၏အစီးအပွားအတွက်၊ ဓမ္မဝါဒ ရှင်သန်ထွန်းကားရေးအတွက် မိမိအကျိုးစီးပွားကို မငဲ့ခြင်း၊ အနစ်နာခံခြင်း၊ မိမိအား ပေးအပ်ထားသော တာဝန်ကို ကျေပွန်အောင် ထမ်းရွက်ခြင်းတို့သည် ကုသိုလ်သဘောရှိသည်။ ယင်းကုသိုလ်များသည် အကုသိုလ်ကို ဟန့်တားထားနိုင်သည်။
ဉာဏ်ပညာရှိသူတို့ကား ဘရိတ်ချွန်းအုပ်ကာ အကုသိုလ်ကို ဖိနှိပ်ထားနိုင်သည်။ ဉာဏ်ပညာရှိသူပင် ဖြစ်လင့်ကစား သတိဟူသည့် ဘရိတ်ချွန်း မအုပ်နိုင်ပြန်လျှင်လည်း ထိုသူ၏ထံပါး၌ အကုသိုလ်သည် ပွားစီးတော့သည်။ ဉာဏ်ပညာမရှိသူ၊ နည်းသူတို့အဖို့ကား အကုသိုလ်အမှုတို့ ဝင်လာဖို့သည် ဆိုဖွယ်ရာ မရှိတော့ပြီ။ ထို့ကြောင့် အသိပညာကို ဦးစွာပွားတိုးအောင် ကြိုးပမ်းထုတ်ဖော်သင့်သည်။ ထို့နောက် သတိဉာဏ်ပညာကို အမြစ်တွယ်အောင် အဖန်ဖန် အားထုတ်သင့်သည်။
မျက်မှောက်ကာလတွင် ပညာတတ်သူတို့ကလည်း သတိဉာဏ် မထုတ်နိုင်၊ ပညာမတတ်သူတို့ကလည်း အသိဉာဏ်မလုပ်နိုင်သောကြောင့် စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းများကို နေ့စဉ်လိုလို မြင်တွေ့ကြားသိနေရသည်။ သူတစ်ပါးသားမယား ပြစ်မှားခြင်း၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့တိုက်ခိုက်ခြင်း၊ အနိုင်အထက်ကျူးလွန်ခြင်း၊ ဘာသာတရားကို စော်ကားခြင်း၊ ပြောင်ပြောင်တင်းတင်း ခိုးဆိုးလုယက် ကျူးလွန်ခြင်း၊ သေကြောင်းကြံစည်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း စသည့် မကောင်းမှုမျိုးစုံတို့ကို တစ်ခုမဟုတ်တစ်ခု ကျူးလွန်နေကြသည်။
ယင်းတို့ကို ဥပဒေဖြင့်ကွပ်ညှပ်ထိန်းချုပ် အပြစ်ပေးပါသော်လည်း ဖြစ်မြဲဖြစ်နေသည်မှာ ပညာတည်းဟူသော အသိ၊ ဉာဏ်တည်းဟူသော သတိ နည်းနေသောကြောင့်ဖြစ်သည်။ ပညာလည်း မဆည်းပူး၊ သတိလည်းမပွားများပါက ဖြစ်မြဲဖြစ်နေမည်သာ၊ မိမိတို့တွင် ကိန်းဝပ်နေသော အနုသယ ခုနစ်ပါးကို သတိထားကြရမည်သာ၊ တစ်ပါးပါးကပ်သည်နှင့် ဖယ်ရှားရမည်သာ။ ယင်းသည် ပညာ၊ ယင်းသည် သတိဉာဏ်ပညာ၊ ထို့ကြောင့် လူ့ဘောင်လောက သာယာရေးအတွက် အခရာဖြစ်သည့် အသိ၊ သတိ၊ ဉာဏ်ပညာရှိဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့။
ကြေးမုံ