၁၃ ဇန်နဝါရီ

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတို့သည် တိုင်းပြည်စီးပွားရေး၏ ကျောရိုးဖြစ်ပြီး အဆိုပါ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းတို့ အတွက် ငွေကြေးအရင်းအနှီးလိုအပ်ချက် ဖြည့်ဆည်းပေးရန် လိုသည်ဟူ သော တင်ပြချက်သည် နားရည်ဝနေသော တင်ပြချက် ဖြစ်ပါသည်။ သို့သော် အားလုံးနားလည်လက်ခံပြီးဖြစ်သော တင်ပြချက်တို့ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် အစဉ်အမြဲ လွယ်ကူသော ကိစ္စရပ်မဟုတ်ပါ။ ရှုထောင့်ပေါင်းစုံမှ ထောင့်စေ့အောင်သုံးသပ်၍ တစ်ဆင့် ပြီးတစ်ဆင့် ဆောင်ရွက်ရသောကိစ္စရပ်တို့လည်း ရှိပါသည်။ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတို့၏ ငွေကြေးအရင်းအနှီး ဖြည့်ဆည်းရေး သည်လည်း ထိုကဲ့သို့သော လိုအပ်ချက်မျိုး ဖြစ်ပါသည်။

 

 

ဗဟိုဘဏ်သည် ဘဏ်လုပ်ငန်းတို့အနေဖြင့် ပြန်မဆပ်နိုင်သော ကြွေးဆုံးတို့ ပိ၍ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခြင်းမှ ရှောင်ရှားနိုင်စေရန် ပေါင်နှံပစ္စည်း တင်ပြမှသာ ချေးငွေထုတ်ပေးရန် ဘဏ်တို့အား ညွှန်ကြား ခဲ့ပါသည်။ òန်ကြားချက်သည် ဘဏ်လုပ်ငန်းတို့၌ ကြွေးဆုံးတို့ ဝန်ပိခြင်းကို ကာကွယ်ပေးနိုင်သော်လည်း တစ်ဖက်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတို့ လိုအပ်လျက်ရှိသော ငွေကြေးအရင်း အနှီးတို့အား ထုတ်ချေးရာ၌ အခက်အခဲအဟန့်အတားများစွာကို ကြုံတွေ့ စေပါသည်။ သို့ဖြစ်ပါ၍ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းတို့အား ပေါင်နှံပစ္စည်း မပါ ပါကလည်း ချေးငွေထုတ်ချေးရန် ခွင့်ပြုခဲ့ပါသည်။ သို့သော် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် (၁၉၆၂-၁၉၈၈) ပုဂ္ဂလိက ဘဏ်လုပ်ငန်း တို့ကို ခွင့်မပြုသကဲ့သို့ ၁၉၈၈ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်ထိ ကာလ၌လည်း ပုဂ္ဂလိကဘဏ်လုပ်ငန်းတို့ကို ခွင့်ပြုခဲ့သော်လည်း နိုင်ငံတကာဘဏ်လုပ်ငန်း တို့နှင့် ချိတ်ဆက်လုပ်ကိုင်မှု မဆိုစလောက်သာရှိခဲ့ပါသည်။

 

 

ဤနောက်ခံ သမိုင်း၏ အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကဘဏ်တို့သည် စီးပွားရေးလုပ်ငန်းတို့၏ အလားအလာအပေါ် မူတည်၍ ချေးငွေထုတ်ပေးနိုင်စွမ်းမရှိဖြစ်ခဲ့ရပါသည်။ တစ်နည်းအားဖြင့်ဆိုသော် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကဘဏ်တို့သည် ဆုံးရှုံးနိုင်ခြေနှင့် အကျိုးအမြတ်ချိန်ညှိစီမံခန့်ခွဲ နိုင်စွမ်း(Risk Management) မရှိ ဖြစ်နေပါသည်။ ဤလိုအပ်ချက်ကို ဖြည့်ဆည်းရန် ပုဂ္ဂလိကဘဏ်တို့က ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သကဲ့ သို့ နိုင်ငံတော်ကလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။

 

 

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတို့အနေဖြင့်လည်း ကုမ္ပဏီ၏ ငွေရေးကြေးရေးရှင်းတမ်းကို နိုင်ငံတကာစံချိန်စံòန်းနှင့်အညီ စနစ်တကျ ရှင်းရှင်းလင်းလင်းတင်ပြနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါသည်။ နိုင်ငံတော်ကလည်း အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တို့၏ ဤကဲ့သို့သော ကြိုးပမ်းဆောင်ရွက်မှုတို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ အခြေအနေတစ်ရပ်လုံးကို ခြုံငုံ တင်ပြရပါက သက်ဆိုင်ရာနိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဘဏ်များနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တို့ အပြန်အလှန်ညှိနှိုင်းဆွေးနွေး၍ ငွေကြေးအရင်းအနှီး လိုအပ်ချက် ဖြည့်ဆည်းပေးရေးကို ဟန်ချက်ညီညီ လက်တွဲညှိနှိုင်းဆောင်ရွက်သွား ရမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ပူးပေါင်းဆောင်ရွက်ရေး ခွေးသွားစိပ်တို့ ချိတ်ဆက်မိမိ ချောချောမောမော လည်ပတ်နိုင်ရေးကို ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

 

မြန်မာ့အလင်း