၁၄   ဇန်နဝါရီ

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဇန်နဝါရီ ၁၂ ရက်က နှစ်နိုင်ငံ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲ၌ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်သူ၊ ပြည်သားများ၏ ဘဝမြှင့်တင်ရေးကို လက်တွေ့ခံစားနိုင်စေဖို့ ရည်ရွယ်ထားသည့် ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှု အစီအစဉ်ကို ရှင်းလင်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံအပေါ် မိတ်ကောင်းဆွေကောင်း ပီသသည့် ကူညီထောက်ပံ့ရေး အစီအစဉ်သည် ယမန်နှစ် ဒီဇင်ဘာလအတွင်းက နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးတွင် ဂျပန်နိုင်ငံက ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကူညီသွားမည်ဆိုသည့် နောက်ဆက်တွဲ အကျိုးရလဒ်ကောင်းများပင်ဖြစ်သည်။

 

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အမြစ်တွယ်စေရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို ကူညီနိုင်ရန်အတွက် နှစ်နိုင်ငံသဘောတူညီ ထားပြီးဖြစ်သည့် ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ငါးနှစ်အတွင်း ဂျပန်ယန်း ဘီလီယံ ၈၀ဝ တန်ဖိုးရှိသည့် အကူအညီများကို ဆောင်ရွက်ပေးမည်ဟု လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းက မူဝါဒ ချမှတ်ထားသည်ကို သိရှိရသည်။

 

ချမှတ်ထားပြီးဖြစ်သည့် ကူညီထောက်ပံ့ရေး မူဝါဒများအနက်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍသုံးခုတွင် ဂျပန်နိုင်ငံက အဓိကပူးပေါင်း ဆောင်ရွက်သွားမည်ဟု သတ်မှတ်ထားသည်။ ထိုကဏ္ဍသုံးခုကို အခြေပြု၍ ၂၀၂၀ ပြည့်နှစ်မတိုင်မီ ကာလအထိ မြန်မာလူမျိုးများ၏ နေထိုင်စားသောက်မှုဘဝ မြှင့်တင်ရေးတွင် လက်တွေ့ကျကျခံစားနိုင်အောင် ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့ရေးရည်ရွယ်ချက်မှာ မွန်မြတ်ကောင်းမွန်သည့် အစီအစဉ်များဖြစ်သည်။

 

ထိုအစီအစဉ်တွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမတိုင်မီ ရန်ကုန်နှင့် တောင်ငူကြားရှိ ရထားလမ်းပိုင်းတွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀ဝ နှုန်းပြေးဆွဲနိုင်သည့် ရထားတွဲအသစ်များ တပ်ဆင်ပြေးဆွဲသွားရန် ရည်ရွယ်ထားသည်ဟု သိရသည်။ ထို့နောက် ၂၀၂၃ ခုနှစ်တွင် ထိုရထားလမ်းပိုင်းကို မန္တလေးအထိ တိုးချဲ့ပြေးဆွဲနိုင်ရန် ရည်ရွယ်ထားသည်။ လက်ရှိတွင် ရန်ကုန်-တောင်ငူခရီးစဉ်ကို ပြေးဆွဲချိန် ခုနစ်နာရီကြာရာမှ သုံးနာရီခွဲ ခရီးလျှော့ချ ပြေးဆွဲသွားနိုင်မည်ဖြစ်ပြီး မန္တလေးသို့ ရှစ်နာရီဖြင့် ခရီးပေါက်နိုင်မည်ဖြစ်သည်။ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းခရီးကို အချိန်တိုအတွင်း ခရီးပေါက်နိုင်အောင် ထောက်ပံ့ကူညီနိုင်မှုကြောင့် စီးပွားရေးမြို့တော်များဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့သို့  ဆက်သွယ်သွားလာမှုနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့မြန်ဆန်လာခြင်းနှင့်အတူ ပြည်သူများ၏ လူမှုဘဝမြင့်မားရေးနှင့် စီးပွားရေး တိုးတက်ရေးအတွက် ရထားပို့ဆောင် ဆက်သွယ်ရေးမှ အထောက်အပံ့ကောင်းများ ရလာမည်ဖြစ်သည်။

 

ထို့အပြင် ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု ပြန်လည်ပြုပြင်ရေး အစီအစဉ်အရ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ မတိုင်မီအထိ ရထားတွဲသစ်၁၈ တွဲပြေးဆွဲသွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပြီး ၂၀၂၂ ခုနှစ်တွင် နေ့စဉ်ပြေးဆွဲသည့် မြို့ပတ်ရထားခေါက်ရေကို လက်ရှိတွင် ခေါက်ရေ ၁၂၀ ခန့်ဖြင့် ပြေးဆွဲနေရာမှ ခေါက်ရေ ၁၈၀ အထိ တိုးတက်ပြေးဆွဲနိုင်မည် ဖြစ်သောကြောင့် ရန်ကုန်မြို့တွင် မျက်မှောက်ကာလ၌ မြို့နေပြည်သူများ ရင်ဆိုင်ကြုံတွေ့ နေရသော ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ လျော့ကျသွားနိုင်ဖွယ်ရှိသည်။ ထို့အပြင် ရထားလမ်းပိုင်းရှိ ဘူတာဝန်းကျင် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးသွားမည်ဖြစ်၍ မြို့ပြလူနေမှုဘဝများပါ မြင့်မားလာနိုင်ပေသည်။ ဤသည်မှာ ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် မိတ်ဆွေကောင်း ပီသစွာဖြင့် စိတ်ရင်းစေတနာမှန်စွာ ကူညီထောက်ပံ့သည့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းမှ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များလည်း ရှိနေသေးရာ အလှူရှင်နိုင်ငံ၏ စေတနာကို လေးစားသောအားဖြင့် မြန်မာနိုင်ငံသားများကလည်း ကျရာကဏ္ဍမှ စည်းကမ်းတကျ ဝိုင်းဝန်းကူညီဆောင်ရွက်ရန် တိုက်တွန်းပါသည်။

 

(ကြေးမုံ- အယ်ဒီတာ့အာဘော်)