၁၄ ဇန်နဝါရီ
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကူညီရန်ဟူသော ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရော့ခိုနို၏ မြန်မာနိုင်ငံခရီးစဉ်ဆိုင်ရာ ရည်ရွယ်ချက်သည် အလေးအနက်ထား ကြိုဆိုရမည့် ရည်ရွယ်ချက်ဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ လိုအပ်တဲ့အချိန်မှာလည်း ဂျပန်နိုင်ငံဟာ အကူအညီတွေ အမြဲပဲပေးလေ့ရှိတယ်” ဟု ထုတ်ဖော်ပြောကြားခဲ့ခြင်းသည်။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ထားရှိသော မိတ်ဆွေကောင်း စိတ်ဓာတ်ကို မီးမောင်းထိုးတင်ပြလိုက်ခြင်း ဖြစ်ပါသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရော့ခိုနိုက ဂျပန်နိုင်ငံ ဆုပ်ကိုင်ထားသည့် “လွတ်လပ်ပွင့်လင်းမြင်သာသော အိန္ဒိယ-ပစိဖိတ်သမုဒ္ဒရာ မဟာဗျူဟာ” နှင့်အညီ မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် စီးပွားရေးဖွံ့ဖြိုးရေး၊ ကြိုးပမ်းအားထုတ်မှုကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကူညီမည်ဟု ပြောကြားခဲ့ခြင်းသည် ဂျပန်နိုင်ငံ၏ မိတ်ဆွေကောင်း စိတ်ဓာတ်ကို နက်နက်ရှိုင်းရှိုင်း ခံစားမိစေပါသည်။ မြန်မာနိုင်ငံအစိုးရ ကြိုးပမ်းအားထုတ်နေသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်တို့သည် အိန္ဒိယ၊ ပစိဖိတ်သမုဒ္ဒရာဒေသ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် လွန်စွာအရေးကြီးသည်ဟူသော ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရော့ခိုနို၏ ပြောကြားချက်သည် တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားနေသည့် မိတ်ဆွေနှစ်နိုင်ငံ၏ ခံယူချက်ကို ထင်ဟပ်ပြသနေပါသည်။
ဂျပန်နိုင်ငံအစိုးရသည် အထက်၌ တင်ပြထားသည့် ရည်မှန်းချက် တို့နှင့်အညီ ငါးနှစ်တာကာလအတွင်း မြန်မာအစိုးရအား ယန်းဘီလီယံ ၈၀ဝ တန်ဖိုးရှိသော အကူအညီတို့ကို ပေးအပ်သွားမည် ဖြစ်ပါသည်။ အဆိုပါ အကူအညီတို့ကို ပေးအပ် အကောင်အထည်ဖော်ရာ၌ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဟူသော ကဏ္ဍသုံးရပ်အပေါ် အဓိကအခြေစိုက် ဆောင်ရွက်သွားမည်ဟု သိရှိရပါသည်။ ဂျပန်နိုင်ငံတို့၏ အကူအညီတို့က မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ နေထိုင်စားသောက်မှု ဘဝအား လက်တွေ့မြှင့်တင်နိုင်ပုံကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရော့ခိုနိုက ဥပမာပေးရာတွင် ရန်ကုန်-မန္တလေး ရထားလမ်း စီမံကိန်းကို တင်ပြသွားပါသည်။ ဂျပန်နိုင်ငံက ပေးအပ်သော အကူအညီတို့ကြောင့် ၂၀၂၀ ပြည့်နှစ်၌ ရန်ကုန်နှင့် တောင်ငူကြား ခရီးစဉ်ကို သုံးနာရီခွဲဖြင့် သွားရောက်နိုင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၌ ရန်ကုန်နှင့် မန္တလေးကြား ခရီးစဉ်ကို ရှစ်နာရီဖြင့် သွားရောက်နိုင်မည် ဖြစ်ပါသည်။ ဤသည်မှာ လက်ရှိကာလနှင့် နှိုင်းယှဉ်ပါက အဆိုပါ ခရီးစဉ်တို့အတွက် ကြာမြင့်ချိန်ကို ထက်ဝက်ခန့်အထိ လျှော့ချလိုက်ခြင်း ဖြစ်ပါသည်။
ရခိုင်ပြည်နယ်အရေးကိစ္စ ကိုင်တွယ်ဆောင်ရွက်ရာ၌ လူ့အခွင့်အရေး ကိစ္စရပ်တို့ကို ထည့်သွင်းစဉ်စားလျက် လုံခြုံရေး ပြန်လည်တည်ဆောက်ခြင်းကို အလေးထားမည်ဟူသော နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက်အပေါ် ဂျပန်နိုင်ငံက အလေးထားခဲ့ခြင်းသည် နှစ်နိုင်ငံ၏ တူညီသော နိုင်ငံရေး အတွေးအခေါ်ကို ထင်ဟပ်ပြသနေပါသည်။ မူဝါဒတို့ဟူသည် နိုင်ငံရေး အတွေးအခေါ်အပေါ်၌ အခြေခံခြင်း ဖြစ်ပါသည်။ ထို့ပြင်ဂျပန်နိုင်ငံက ထွက်ပြေး တိမ်းရှောင်သွားသူတို့ကို ပြန်လည်နေရာ ချထားရေးအတွက် မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ သုံးသန်းဖိုး အကူအညီတို့ကို ပေးအပ်သွားမည် ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် မိတ်ဆွေကောင်းတို့၏ စိတ်ဓာတ်နှင့် ဝတ္တရားကို အပြည့်အဝ ထင်ဟပ်ဖော်ပြနေသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရော့ခိုနို၏ မြန်မာနိုင်ငံခရီးစဉ်ကို နက်ရှိုင်းသော နှလုံးသား အသိအမှတ်ပြုမှုဖြင့် ဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြ အပ်ပါသည်။ ။
(မြန်မာ့အလင်း-အယ်ဒီတာ့အာဘော်)