၁၅ ဇန်နဝါရီ
ယခုအခါ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့သည် ကမ္ဘာကြီးအား ခြိမ်းခြောက်လာသည်ကို မြင်တွေ့နေရသည်။ ပုံမှန်အားဖြင့် မြေပေါ်မှ ရေကြီး၊ ရေလျှံ၊ လေပြင်းကျ၊ မုန်တိုင်း တိုက်ခတ် သဘာဝဘေးအန္တရာယ်ဖြစ်စဉ် တစ်မျိုးမျိုးအပြင် မြေအောက်မှမီးတောင်ပေါက်၊ ငလျင်လှုပ်ဖြစ်စဉ်များကိုပါ သတိထားရမည့်အချိန်အခါဖြစ်သည်။
မြန်မာနိုင်ငံတွင် ထူးထူးခြားခြား သဘာဝဖြစ်စဉ်ပြောင်းလဲမှု ဖြစ်ပေါ်လာသည်။ ဆောင်းရာသီတွင် ပုံမှန်မဟုတ်သည့် မိုးရွာသွန်းမှု ဖြစ်စဉ်၊ အချို့အရပ်ဒေသများတွင် အအေးလှိုင်းဖြတ်သန်းမှုဖြစ်စဉ်နှင့် ယခုနှစ်ဆန်း တစ်ရက်နေ့မှစတင်၍ ငလျင်လှုပ်ရှားမှုဖြစ်စဉ်များ စတင်ကြုံတွေ့လာရသည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ဇန်နဝါရီလ ၁၄ ရက်နေ့အတွင်း မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြု၍ ထူးထူးခြားခြား ငလျင် ၁၉ ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့သည်ကို တွေ့ရသည်။
ဇန်နဝါရီလ ၁ ရက်နေ့တွင် ကလေးဝမြို့၏ အရှေ့-အရှေ့တောင်ဘက် ၁၂ မိုင်ခန့်အကွာ၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ကလေးဝမြို့၏ အနောက်တောင်ဘက် ခုနစ်မိုင်ခန့်အကွာ၊ ထိုနေ့တွင်ပင် သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မိုးညှင်းမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ၊ ဇန်နဝါရီလ ၆ရက်နေ့တွင် ကလေးဝမြို့၏ တောင်-အရှေ့တောင်ဘက် ၁၉ မိုင်ခန့်အကွာ၊ ဇန်နဝါရီ လ ၇ ရက်နေ့တွင် ဂွမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ၊ ထိုနေ့တွင်ပင် ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ နောက်နှစ်ရက်ခြား၍ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျောက်ထုမြို့၏ တောင်- အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ၊ ဇန်နဝါရီလ ၁၂ ရက်တွင် ဖြူးမြို့၏ အနောက် အနောက်တောင်ဘက် တွင် သုံးနေရာ သုံးကြိမ်၊ ထိုနေ့တွင်ပင် ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့၏ အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာနှင့် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် ၁၀၈ မိုင်အကွာတို့တွင် အင်အားအသင့် အတင့်နှင့် အင်အားအနည်းငယ်ရှိ မြေငလျင်များ လှုပ်ခတ်ခဲ့ကြောင်း သက်ဆိုင်ရာက အသိပေးထားသည်။
ယခုကဲ့သို့ နှစ်ဆန်း ဇန်နဝါရီလတွင် ငလျင်များနေ့စဉ်နီးပါး လှုပ်ရှားလာခြင်းသည် သဘာဝဘေးငလျင်အန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ အနေဖြင့် သတိမူကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် သတိပေးခေါင်းလောင်း ထိုးလိုက်သကဲ့သို့ပင် ဖြစ်ပေသည်။ ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်စရာ အထူးမလိုသော်လည်း မပြေးသော် ကန်ရာရှိ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်သည်။
ထိုသို့ အင်အားအသင့်အတင့်ရှိသော ငလျင်များ၊ ငလျင်ငယ်များ လှုပ်ရှားလာခြင်းသည် ပြည်သူများအတွက် ကံကောင်းခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထို့ထက်အင်အားပြင်းသော ငလျင်လှုပ်ခဲ့သည် ရှိသော် ကြိုတင်ပြင်ဆင်နိုင်မှု အခွင့်အလမ်းများရှိလာသောကြောင့်ဖြစ် သည်။ မိသားစုအလိုက် ပြင်ဆင်ချိန်ရလာသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း သဘာဝဘေးကြိုတင်ကာကွယ်ရေး အစီအမံများကို ကြိုတင်ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေမည်ဖြစ်သည်။ အကယ်၍ ငလျင်လှုပ်ပါက ကြောက်လန့်တကြား ထွက်ပြေးခြင်းမပြုလုပ်ဘဲ အန္တရာယ်လွတ်ရာတွင် နေထိုင်ခြင်း၊ အဆောက်အအုံ ပြင်ပသို့ထွက်နေခြင်း၊ မခိုင်ခံ့သော အဆောက်အအုံများအား ခိုင်ခံ့ အောင်ပြင်ဆင်ဆောင်ရွက်ခြင်း စသည်တို့ကို ပြုလုပ်ထားရမည်ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ် ကြီးကြီးမားမား ကြုံတွေ့ ထိခိုက်မှုမရှိချေ။ သို့သော် ထိခိုက်လာနိုင်မည်ကို ကြိုတင်မြော်တွေး၍ သဘာဝဘေးကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက် ကြသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားသည်။ ကော်မတီသည် ၂၀၁၆ ခုနှစ် မေလမှ ယနေ့ ကာလအထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများကို နှစ်နှစ်နီးပါးတာဝန်ယူဆောင်ရွက်ခဲ့ရာ မတူကွဲပြားမှုများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရပြီးဖြစ်၍ အဆိုပါအတွေ့အကြုံများဖြင့်သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်
ပါသည်။
ယခင်ကာလက သဘာဝဘေးကျရောက်ပြီးမှသာ ပြင်ဆင်ဆောင်ရွက်ကြသည့်အနေအထားမှ ယခုအခါ သဘာဝဘေးမကျရောက်မီကာလကတည်းက ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်နေပြီဖြစ်၍ ပြည်သူများအတွက် လုံခြုံစိတ်ချရသော အခြေအနေကောင်းများရှိနေပြီဖြစ်သည်။ သို့ဖြစ်ရာ ကာလအလိုက်ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးများကို ကြိုတင်ဖော်ထုတ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ များ လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ