ရှင်နော်
ဓာတ်ပုံ-လင်းညွန့်
ရန်ကုန်မြို့တော်ကြီးသည် နိုင်ငံ၏လူဦးရေအများဆုံးမြို့ ကြီးတစ်မြို့ ဖြစ်သလို ပြုပြင်ပြောင်းလဲမှု လှိုင်းတံပိုး၏ရိုက်ခတ်မှုကိုလည်း အများဆုံးခံရသည့် မြို့ကြီးတစ်မြို့ ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်မှုများကို လေ့လာချင်လျှင် ရန်ကုန်မြို့အကြောင်းကို လေ့လာရုံဖြင့် လုံလောက်သည်။ အပတ်စဉ် ရန်ကုန်မြို့၏ ထူးခြားမှုများအကြောင်း တင်ဆက်နေသည့် ရန်ကုန်စာမျက်နှာကဏ္ဍတွင် ယခုသီတင်းပတ်အတွက် ထူးထူးခြားခြား တင်ဆက်လိုသည်မှာ ရန်ကုန်မြို့မှာကျင်းပခဲ့သည့် လေလံပွဲလေးတစ်ပွဲအကြောင်း ဖြစ်သည်။
ထူးထူးခြားခြားဟု သုံးနှုန်းရသည့်အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် လေလံပွဲမျိုးစုံရှိသည့်အနက် မြန်မာ့ပန်းချီကားများနှင့် အနှစ်နှစ်အလလက သိမ်းဆည်းထားသည့် ရှေးဟောင်းပစ္စည်း အမျိုးအမည်ပေါင်း ၄၀ လောက်ကို တစ်နေရာတည်းမှာ မြင်တွေ့လေ့လာခွင့် ရခဲ့သည့်အတွက် ထူးခြားမှု တစ်ခုအနေဖြင့် စာရေးသူက ရှုမြင်ခြင်းဖြစ်သည်။ ယင်းလေလံပွဲကို တစ်ချိန်က မြို့တော်ရန်ကုန်မှာ နာမည်ကျော် ဟိုတယ်ကြီးတစ်ခုဖြစ်ခဲ့သည့် အင်လျားလိတ်ဟိုတယ်မှာ စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တွေမှာ ကျင်းပခဲ့သည်။ ဝင်ကြေးအခမဲ့ဖြစ်၍ ဒီတစ်ပွဲလက်လွှတ်လိုက်ရသော်လည်း နောက်ကျင်းပမည့်ပွဲတွေမှာ ရန်ကုန်သူ၊ ရန်ကုန်သားတို့ လက်လွတ်မခံ သွားရောက်လေ့လာကြရန် ပဏာမ ပြောကြားလိုပါသည်။
မြန်မာနိုင်ငံမှာထုတ်လုပ်ပြီး ပေါ်တူဂီလူမျိုးများက သီပေါစော်ဘွားထံကို လက်ဆောင်ပေးခဲ့သည့် ပစ္စည်းအနေဖြင့် မြင်တွေ့ခွင့်ရခဲ့သည်မှာ ကြက်ဥထည့်ခွက်နှင့်ဇွန်း၊ ထုတ်လုပ်သည့်ခုနှစ်က အေဒီ ၁၈၉၈ ခုနှစ်ကဟု ခန့်မှန်းထားပြီး ခွက်နှင့်ဇွန်း ထည့်ထားသောဘူးတွင် ထုတ်လုပ်သည့် ကုမ္ပဏီ၏ အသားတံဆိပ်ပါရှိသည်။ အင်္ဂလန်နိုင်ငံတွင် ထုတ်လုပ်ပြီး အင်္ဂလိပ်များ မြန်မာပြည်ကို အုပ်ချုပ် ရန်ရောက်ရှိလာသည့်အခါ အရေးပိုင်မင်းများ အသုံးပြုခဲ့သည့် ကော်ဖီခွက်များ၊ ထုတ်လုပ်သည့် ခုနှစ်က အေဒီ ၁၉၀ဝ ပြည့်နှစ်ခန့်ကဟု ခန့်မှန်းထားပြီး ကြက်ဥအကာ၊ ကြွေ၊ ငွေများဖြင့် ရောစပ် ထုတ်လုပ်ထားသည့် သွင်ပြင်လက္ခဏာကို တွေ့မြင်နိုင်သည်။ တရုတ်နိုင်ငံတွင် ဘီစီ ၂၂၁-၂၀၆ အကြား ထုတ်လုပ်ခဲ့သည့် ချင်မင်းဆက် ကြွေပန်းအိုး၊ ပန်းအိုးပေါ်တွင် လယ်သမားကြီးများ၏ ဘဝဇာတ်ခုံများအကြောင်း ပုံဖော်ထားကာ ကဗျာများ ပါဝင်သည်။ နောက်ခံသမိုင်းကြောင်း အနေဖြင့် ချင်မင်းဆက်တွင် ထုတ်လုပ်ခဲ့သည့် အမှတ်အသားပါရှိသည်။ ဒါက ကောက်နုတ်တင်ပြခြင်းမျှသာ။
အင်္ဂလန်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ ကိုရီးယား စသောနိုင်ငံများက ထုတ်လုပ်ထားသော ရှေးခေတ်ဟောင်းပစ္စည်းများ ပြသထားသည်။ အမှန်တကယ် လေလံပွဲကျင်းပ မည့်အချိန်မှာ နေ့ခင်းပိုင်းတွင် စီစဉ်ထားသည့်အတွက် နံနက်စောစောတွင် ရောက်ရှိနေသည့် စာရေးသူမှာ လေ့လာချိန် ပိုမိုရရှိခဲ့သည်။ မြန်မာ့ရေမြေတောတောင် မြစ်ချောင်းအလှကို ဖော်ကျူးထားသောပုံများ၊ ပုထိုးစေတီနှင့် အဝေးရှုမျှော်ခင်းကို အသားပေးပုံဖော်ထားသော ပန်းချီ ကားချပ်များ၊ မန္တလေးတောင်၊ မန္တလေးနန်းမြို့ရိုး နှင့် ကျုံးရေပြင် အလှပန်းချီကားချပ်များ၊ ရှမ်း တရုတ် အမျိုးသား၊ အမျိုးသမီးကြီးများ၏ ဝတ်စား ဆင်ယင်ပုံ၊ ကျောက်မဲဈေးမြင်ကွင်းနှင့် မြေနီကုန်းဈေးတို့ကို ပုံဖော်ထားသော ပန်းချီကားချပ်များ၊ ရွှေတိဂုံစေတီတော်နှင့် ကိန္နရီ၊ ကိန္နရာကဟန် ပန်းချီကားချပ်များ အစရှိသည့် ရှုချင်ဖွယ်ပန်းချီကားမျိုးစုံကို အင်းလျားလိတ်ဟိုတယ်၏ ကပွဲ ခန်းမနံရံများနှင့်အပြိုင် စီစီရီရီချိတ်ဆွဲထားသည်ကို မြင်တွေ့ခွင့်ရခဲ့သည်။
မြန်မာ့ရိုးရာတူရိယာ စောင်းတေးသံ လွင့်ပျံ့နေသော ပြပွဲခန်းမအတွင်း လှည့်လည်ကြည့်ရှုရင်း ပြပွဲနှင့် လေလံပွဲကို တာဝန်ယူကျင်းပနေသည့် Myanmar Auction Company Limited မှ ဈေးကွက်ဒါရိုက်တာ ကိုစိုင်းစစ်မိုးသော်ကို မေးမြန်းခွင့်ရခဲ့သည်။ “ကျွန်တော်တို့က လေလံကုမ္ပဏီဆိုတော့ လေလံဝန်ဆောင်မှုတွေ လုပ်ပါတယ်။ ဒီကုမ္ပဏီ ကို ၂၀၁၈ ခုနှစ်ကစပြီး တည်ထောင်ခဲ့တာပါ။ ပြီးတော့ လေလံမှာလည်း အပိုင်းတွေခွဲထားတယ်။ မော်တော်ကားရှိမယ်၊ မော်တော်ဆိုင်ကယ်ရှိမယ်၊ စက်ယန္တရားနဲ့ အိမ်ခြံမြေရယ်၊ ရှေးဟောင်းပစ္စည်းနဲ့ ပန်းချီကားတွေဆိုပြီး အပိုင်းတွေခွဲထားပါတယ်။ ကျွန်တော်တို့အနေနဲ့ မော်တော်ကားတော့ နှစ်ပွဲ လုပ်ပြီးသွားပြီ။ အခုက ဒုတိယအဆင့်အနေနဲ့ ကျင်းပဖြစ်လိုက်တာပေါ့။ ဒီနေ့မှာ ပြသထားတာတော့ ပန်းချီကား အချပ် ၆၀ လောက်ရှိမယ်။ ရှေးဟောင်းပစ္စည်းက ၄၀ လောက် ရှိပါတယ်။ ပန်းချီကားတွေမှာလည်း မြန်မာနိုင်ငံက တကယ့်ပန်းချီဆရာကြီးတွေ ဆွဲထားတဲ့ ပန်းချီကားတွေ၊ နောက် အလွန်နာမည်ကြီးခဲ့တဲ့ ပန်းချီကားတွေလည်းပါတယ်။ ပြီးတော့ ရှေးဟောင်းပစ္စည်းဆိုလည်း အင်္ဂလန်က ရှေးဟောင်းပစ္စည်း၊ ဂျပန်ပစ္စည်းတွေ ပါပါတယ်။ ဥပဒေမှာကျတော့ မြန်မာ့ရိုးရာပစ္စည်းရယ်၊ ဘာသာရေးပစ္စည်းရယ်ကိုပြသခွင့်၊ ရောင်းချခွင့် မရှိဘူး။ ထိန်းသိမ်းခွင့်ပဲရှိတယ်။ ဒါကြောင့် ရှေးဟောင်းပစ္စည်းကတော့ နိုင်ငံခြားပစ္စည်းတွေပဲ အများဆုံးပြသပါတယ်။
ပစ္စည်းစုဆောင်းမှုအနေနဲ့က ဒီပွဲမလုပ်ခင် သုံးလလောက် ကြိုပြီးကြေညာတယ်ပေါ့။ အဲဒီ အချိန်မှာတော့ အလွန်ကို စိတ်ဝင်စားကြတဲ့ သူတွေလည်းရှိပါတယ်။ လာမေးကြပါတယ်။ ကျွန်တော်တို့အနေနဲ့က လာပို့တဲ့ပစ္စည်းတိုင်းကိုလည်း လက်မခံပါဘူး။ ကျွန်တော်တို့မှာ ပညာရှင်ရှိပါတယ်။ သူက စစ်ဆေးပေးတယ်။ စစ်ဆေးပေးလို့ မှန်ကန်မှသာလျှင် ဒီပစ္စည်းထဲက ပြန်ရွေးပြီးတော့ ပစ္စည်းကိုလည်း ကန့်သတ်ပြီးတော့မှ စိတ်ဝင်စားမယ့်ဟာမျိုးလေးတွေကို ရွေးပြီးတော့ ကျွန်တော်တို့တင်တာပါ။
နောက်ဆုံးပေးတဲ့သူကတော့ လေလံအောင်
ရောင်းချမှာကတော့ ကျွန်တော်တို့က လေလံကုမ္ပဏီဖြစ်တဲ့အတွက် လေလံစနစ်နဲ့ပဲ ရောင်းချမှာပါ။ ပစ္စည်းက ဒေါ်လာတစ်ထောင်ဆိုရင် ကျွန်တော်တို့က ဒေါ်လာတစ်ထောင်နဲ့ စခေါ်မယ်၊ လေလံလာပြိုင်တဲ့သူတွေက ဒီဟာကိုစိတ်ဝင်စားရင် လက်ထောင်ပြီးဈေးပေးပေါ့။ ဥပမာအနေနဲ့ ပြောရရင် ဒေါ်လာတစ်ထောင်ဆိုရင် သူက ကြိုက်တယ်ဆိုရင် အဲဒီအပေါ်မှာ ဈေးပေးလို့ ရတယ်။ အဲဒီလိုဈေးပေးပြီး တဖြည်းဖြည်း တက်သွားပြီး ပေးမယ့်လူမရှိတော့ဘူး ရပ်သွားပြီဆိုရင် နောက်ဆုံးပေးတဲ့သူကတော့ လေလံအောင် တာပေါ့။
မြန်မာ့ရိုးရာနှင့် နိုင်ငံခြားပစ္စည်းများ
မြန်မာနိုင်ငံမှာ ပန်းချီပြပွဲလေးတွေတော့ ရှိပါတယ်။ ဒီလိုမျိုး ပန်းချီကားကို အခုလိုပွဲနဲ့ လေလံပစ်တာတော့ ကျွန်တော့်အနေနဲ့ ပထမဆုံး အကြိမ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့လည်း ပထမဆုံးအကြိမ် ပြုလုပ်တာပေါ့။ ဒီပွဲမှာ ကျွန်တော်တို့ မြန်မာ့ရိုးရာပစ္စည်းသာမက နိုင်ငံခြားပစ္စည်းလည်း အများစုပါတာပေါ့။
မြန်မာပန်းချီဆရာကြီးတွေရဲ့ ပစ္စည်းတွေလည်း အများကြီးပါတဲ့အတွက် နိုင်ငံခြားသံရုံးတွေလည်း ဖိတ်ထားပါတယ်။ သံရုံးတွေအနေနဲ့ မြန်မာ့အမွေအနှစ်တွေအပြင် သူတို့ပစ္စည်းတွေ ဘာတွေကျန်ခဲ့လဲဆိုတာ သူတို့သိခွင့်ရမှာပါ။ မြန်မာနိုင်ငံမှာကျန်ရှိတဲ့ သူတို့ပစ္စည်းတွေဖြစ်တဲ့ အင်္ဂလိပ်ရေငုပ်ဝတ်စုံတို့ဆိုရင် တော်တော်လေးကို ရှေးကျပါတယ်။ ပြီးတော့ ဓားတွေလည်း ပါပါတယ်။ သူတို့ပစ္စည်းတွေပေါ့လေ။ ဂျပန်ဆိုလည်း ဂျပန်ပစ္စည်းတွေရှိပါတယ်။ သူတို့အတွက်က တော်တော်စိတ်ဝင်စားမှု ရှိကြပါတယ်။”
ဒေါ်လာသောင်းချီတန်ကြေးရှိ
ပြပွဲအတွင်း ပြသထားသော ရှေးဟောင်း ပစ္စည်းများ၊ အနုပညာပန်းချီကားများမှာ အနိမ့်ဆုံးဒေါ်လာ ၅၀ဝ တန် ပန်းချီကားမှစ၍ အမြင့်ဆုံး ဒေါ်လာသောင်းချီ တန်ကြေးရှိသော ပစ္စည်းများ ပါဝင်သည်။
ရှေးဟောင်းလက်ရာများ မျက်မြင်ကြည့်ရှုနိုင်
ယနေ့ခေတ်သည် ကမ္ဘာကြီးကို လက်ဝါးပေါ်တွင်မြင်တွေ့နိုင်သည့် အိုင်တီခေတ်ဖြစ်သည် ဆိုသော်လည်း ရှေးအစဉ်အဆက်က ပြုလုပ်ခဲ့သည့် ရှေးဟောင်းလက်ရာများကို မျက်မြင်ကိုယ်တွေ့ တိုက်ရိုက်ကြည့်ရှုနိုင်သည့်အခွင့် အရေးမှာ ရခဲလှသည်။ ရန်ကုန်သူ ရန်ကုန်သား တို့အတွက် ကြိုတင်သတင်းပေးနိုင်မှု အားနည်းခဲ့သော်လည်း သိလာသမျှ ဗဟုသုတအရပ်ရပ် တို့ကို ဤရန်ကုန်စာမျက်နှာမှတစ်ဆင့် ဝေငှလိုက်ရ ပါသည်။ ။
မြန်မာ့အလင်း