မောင်တော     ၇   ဇန်နဝါရီ   


မောင်တောမြို့၌ ဇန်နဝါရီ ၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်က ငွေအတုများဖြင့် ငွေလွှဲရန် လူ(၁)ဦး ရောက်ရှိနေကြောင်း ကမ္ဘောဇဘဏ် မန်နေဂျာ ဒေါ်ချိုမီမီခင်က ဖုန်းဖြင့်ဆက်သွယ် သတင်းပေးပို့ချက်အရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇော်ဦး ဦးဆောင်၍  သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။


ယင်းသို့စစ်ဆေးရာ  မြို့မအနောက်ရပ်ကွက်၊ အလယ်ရွာနေ ဇော်လင်းထက် (၃၁)နှစ် မှာ မြန်မာငွေစက္ကူတစ်သောင်း ကျပ်တန် သိန်း(၄၀၀)ကျပ်အားလွှဲအပ်လာစဉ် ၎င်းငွေစက္ကူ တစ်သောင်း ကျပ်တန်(၄၀၁)ရွက်မှာ ငွေစက္ကူအတုများ ဖြစ်နေကြောင်းသိရသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး ငွေစက္ကူအတုများ သိလျှက်ထားရှိ အသုံးပြုခဲ့သူ ဇော်လင်း ထက်အား မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေအရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


သက်လွင်စိုး(ပြန်/ဆက်)