ရန်ကုန်  ၈  ဇန်နဝါရီ

 

မွန်စာပေနှင့်ယဉ်ကျေးမှု တိုးတက်စည်ပင်ပြန့်ပွား လာစေရန်နှင့် တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်လုပ် ဆောင်နေသော မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)၏ နှစ်နှစ်တစ်ကြိမ် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အလုပ်အမှုဆောင်အဖွဲ့ဝင်သစ် ရွေးချယ်ပွဲကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ မွန်ပိဋကတ်တိုက်၌ ကျင်းပသည်။

 

မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ(ရန်ကုန်)၏ ဥက္ကဋ္ဌ နိုင်စိုးအောင်က “မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ စတင်ဖွဲ့စည်းတဲ့ ၁၉၇၂ ခုနှစ်ကနေစပြီးတော့ ယခုအချိန်ထိ နှစ်နှစ်တစ်ကြိမ် အမှုဆောင်သစ် ပြန်လည်ရွေးချယ်ပွဲကို ကျင်းပလေ့ ရှိပါတယ်။ အခုပြုလုပ်မယ့် ရွေးချယ်ပွဲဟာ ၂၀၁၉-၂၀၂၀ နှစ်နှစ်စာအတွက် တာဝန်ထမ်းဆောင်ကြမယ့် အလုပ်အမှုဆောင်သစ်တွေကို ရွေးချယ်မှာဖြစ်ပါတယ်။ အလုပ်အမှုဆောင် ကော်မတီဝင် ၁၅ ဦး ရွေးချယ်မယ်။ မြို့နယ်အသီးသီးမှာ ရှိနေတဲ့ မြို့နယ်ကိုယ်စားလှယ်တွေ ရွေးချယ်မယ်။ မြို့နယ်ကိုယ်စားလှယ်ထဲကနေ ဗဟိုကော်မတီမှာ လစ်လပ်သွားတဲ့နေရာတွေမှာ ပြန်လည်အစားထိုးနိုင်အောင် အရန်ကော်မတီဝင် ခြောက်ဦးကိုလည်း ရွေးချယ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

 

ရွေးချယ်ခံရသည့် အလုပ်အမှုဆောင်သစ်များအနေဖြင့် မွန်စာပေသင်ကြားရေးလုပ်ငန်းများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ လုပ်ငန်းများ၊ စာပေထုတ်ဝေရေး၊ စာကြည့်တိုက်၊ အမျိုးသားရေး လှုပ်ရှားမှုနှင့် ဆက်စပ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်လာအောင် အဓိကလုပ်ဆောင်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည့် ဆပ်ကော်မတီများလည်း ဖွဲ့စည်းသွားမည်ဖြစ်သည်။

 

မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)ကို ၁၉၇၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့ဆိုလျှင် သက်တမ်းအားဖြင့် (၄၇) နှစ်ရှိပြီဖြစ်ရာ ကော်မတီ၏ အဓိကရည်ရွယ်ချက်မှာ မွန်စာပေနှင့် ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းရန်၊ မွန်စာပေနှင့် ယဉ်ကျေးမှုကို ဖော်ထုတ်ပြီး ဆက်လက်တိုးတက် စည်ပင်ပြန့်ပွားစေရန်၊ မွန်စာပေနှင့် ယဉ်ကျေးမှုကို မွန်လူမျိုးတိုင်း အမြတ်တနိုး လက်ခံသုံးစွဲရေးအတွက် လုပ်ဆောင်ရန်၊ မွန်စာပေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့ကို ထိန်းသိမ်းခြင်းအားဖြင့် မွန်လူမျိုးတို့၏ တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်ရန်နှင့် မွန်စာပေနှင့်ယဉ်ကျေးမှုကို တခြားတိုင်းရင်းသားများလည်း စိတ်ပါဝင်စားစွာ လေ့လာသိရှိပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အေးမင်းသူ