၁၇ ဇန်နဝါရီ

အာမခံလုပ်ငန်းဟူသည် ကြိုတင်မျှော်လင့်မကာကွယ်နိုင်သော အန္တရာယ် တစ်စုံတစ်ရာနှင့်ပတ်သက်၍ အများပြည်သူ၏ ပူးပေါင်းပါဝင်မှုဖြင့် ကံ အကြောင်းမလှစွာ အဆိုပါ အန္တရာယ်ကြုံတွေ့ရင်ဆိုင်ရသူတချို့အတွက် ငွေရေးကြေးရေးအရ ဖိစီးလဲပြိုမှုမဖြစ်စေရန် အကာအကွယ်ပေးသော လုပ်ငန်းဖြစ်ပါသည်။ ဥပမာအားဖြင့် ပြောရပါက ရန်သူမျိုးငါးပါးတွင် ပါဝင်သော မီးဘေးသည် ကြိုတင်မျှော်လင့် ကာကွယ်နိုင်သော အ္တရာယ် မျိုးမဟုတ်ပါ။ မီးအာမခံကိုသာ ပြည်သူတစ်ရပ်လုံးက စိတ်အားထက်ထက် သန်သန်ထားရှိပါက ကံအကြောင်းမလှ၍ မီးဘေးကြုံတွေ့ရသော ပြည်သူတချို့အနေဖြင့် အာမခံလျော်ကြေးငွေ ရရှိသည့်အတွက် မီးဘေး ကြောင့် ဘဝပျက်သည့် အ္တရာယ်မှရှောင်လွှဲနိုင်မည် ဖြစ်ပါသည်။ တစ်ဖက် ၌လည်း ကျယ်ပြန့်လာသော အာမခံလုပ်ငန်းကို အမှီပြု၍ အလုပ်အကိုင် အခွင့်အလမ်းများစွာကိုလည်း တိုးချဲ့ဖန်တီးနိုင်မည် ဖြစ်ပါသည်။

 

 

အာမခံလုပ်ငန်းက ပြည်သူလူထု၏ ဘဝအား အကာအကွယ်ပေးနိုင်ပုံ ကို လူထုကျန်းမာရေးကဏ္ဍ၌ ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ နိုင်ငံတော် ဘဏ္ဍာငွေဖြင့် လည်ပတ်နေသော ပြည်သူ့ဆေးရုံတို့က ပြည်သူလူထု၏ ကျန်းမာရေးကို ဖြစ်နိုင်သမျှ ကြိုးပမ်းစောင့်ရှောက်ကုသပေးနေသော်လည်း တိုင်းပြည်၏ ဖွံ့ဖြိုးမှုအတိုင်းအတာအရ အပြည့်အဝဆောင်ရွက်ပေးနိုင်စွမ်းမရှိသေးပါ။ သို့ဖြစ်ပါ၍ ပြည်သူလူထု၏ တချို့သော အစိတ် အပိုင်းသည် ပုဂ္ဂလိကဆေးကုခန်းတို့အပေါ် အားကိုးအားထား ပြုရပါ သည်။ သို့သော် ပုဂ္ဂလိကဆေးရုံ ဆေးခန်းတို့၏ ကုသစရိတ်သည် တိုင်း ပြည်၏ဝင်ငွေအနေအထားနှင့် နှိုင်းယှဉ်ပါက အဆမတန်မြင့်မားနေပါ သည်။ ရေရှည်ကုသရသောရောဂါမျိုးကိုသာ ကုသရပါက သက်ဆိုင်ရာ မိသားစုအတွက် ကြီးမားသောငွေရေးကြေးရေးဝန်ထုပ်ဝန်ပိုးကို တောင့်ခံ ရတော့မည် ဖြစ်ပါသည်။

 

 

မြန်မာနိုင်ငံ၌ ကျန်းမာရေးအာမခံလုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်သော်လည်း ပြည်သူလူထုအတွင်း၌ ကျယ်ကျယ် ပြန့်ပြန့် သိရှိစိတ်ဝင်စားခြင်းမရှိ၍ အုတ်မြစ်ခိုင်မာတောင့်တင်းမှု မရှိ သေးပါ။ ဤကိစ္စရပ်၌ အာမခံလုပ်ငန်းကို စနစ်တကျ ထိထိရောက်ရောက် လုပ်နိုင်စွမ်းမရှိခြင်းသည် အခြေခံအကြောင်းရင်းတစ်ရပ်အနေဖြင့် ပါဝင် နေသည်ဟု ယူဆပါသည်။ ကျန်းမာရေးကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံ၌ အာမခံအကာအကွယ်ယူသော ပြည်သူအရေအတွက်သည် ပြည်သူဦးရေ ၁ဝဝဝ လျှင် ၈၆ ဦးသာရှိ၍ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းသည် များစွာ နိမ့်ကျနေဆဲ ဖြစ်ပါသည်။

 

 

ယခုအခါ မြန်မာနိုင်ငံ၌ အာမခံလုပ်ငန်းဆိုင်ရာသင်တန်းတို ပို့ချနိုင် ရေးအတွက် မြန်မာနိုင်ငံအာမခံအသင်းနှင့် နိုင်ငံခြားအာမခံသင်တန်း ကျောင်းများဖြစ်သည့် General Insurance Association of Japan (GIAJ) Insurance Institute of India (III) Malaysia Insurance Institute (MII) ?The Australian and New Zealand Institute of Insurance & Finance (ANZIIF)တို့ အကြား နားလည်မှုစာချွန်လွှာတစ်ရပ် (MoU)ကို လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ လက်မှတ်ရေးထိုး ထားသော နိုင်ငံတကာ အာမခံကျောင်းတို့မှ ဆရာတို့က မြန်မာနိုင်ငံ၌ လာရောက်သင်ကြားပေးမည်သာမက သင်တန်းသားများကိုလည်း ပြည်ပအာမခံ ကုမ္ပဏီကြီးများတွင် အလုပ်သင်အဖြစ် လေ့လာသင်ယူ နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

 

 

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ အာမခံအသင်း၏ ရည်ရွယ်ချက်တစ်ခုဖြစ် သော အာမခံကုမ္ပဏီအချင်းချင်း စုပေါင်းလျက် အာမခံလုပ်ငန်း အမျိုး အစားသစ်များ ဖန်တီးရေးကို ထိထိရောက်ရောက် ပံ့ပိုးပေးသွားနိုင်မည် ဖြစ်ပါသည်။ ဤဖြစ်ရပ်၏ အကျိုးဆက်အနေဖြင့် အာမခံဈေးကွက်ကို တိုးချဲ့နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာကို တိုးချဲ့ဖန်တီးပေး နိုင်မည် ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံအာမခံအသင်းက ဖော်ဆောင်သည့် ဤသို့သော ကောင်းကျိုး ရလဒ်တို့ကို ဖန်တီးပေးမည့် အာမခံသင်တန်းများ ဖွင့်လှစ်ရေးနားလည်မှု စာချွန်လွှာကို ဂုဏ်ပြု ကြိုဆို ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

 

 

မြန်မာ့အလင်း