ရေကြည် ၈ ဇန်နဝါရီ
ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့၌ နွားအရောင်းအဝယ်ပြုလုပ်ရာတွင် တစ်သောင်းတန် ငွေစက္ကူအတုများဖြင့် အရောင်းအဝယ် ပြုလုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ မအူကုန်အုပ်စု စံပြကျေးရွာနေ ဦးကိုမြင့်ပိုင်ဆိုင်သော အသက်(၁၀)နှစ်ခန့် နွားထီးတစ်ကောင်အား ဇန်နဝါရီ ၇ ရက် နံနက် ၅ နာရီခန့်က ရေကြည်မြို့နယ်/ဇရပ်လှကျေးရွာရှိ မီးရထားသံလမ်းအနီးတွင် နွားဝယ်ယူသူ(အမည်မသိ) (စုံစမ်းဆဲ) နှင့် ချိန်းဆို၍ နွားအရောင်းအဝယ်ပြုလုပ်ခဲ့ပြီး နွားဖိုးပေးချေသော တစ်သောင်းတန်ငွေစက္ကူများအား ရေတွက်ကြည့်ခဲ့ရာ AI 7223849(ကဈ ၇၂၂၃၈၄၉)နံပါတ်တူ တစ်သောင်းကျပ်တန်ငွေစက္ကူ(၁၁၄)ရွက်/BI 7120943 (ခဈ ၇၁၂၀၉၄၃)(၃၂)ရွက်နှင့် အခြားနံပတ်ပါ တစ်သောင်းကျပ် တန်ငွေစက္ကူ (၁၁)ရွက် စုစုပေါင်းငွေစက္ကူအတု ၁၅၇ ရွက်ကို မသင်္ကာသဖြင့် ငါးသိုင်းချောင်းနယ်မြေရဲစခန်းသို့ သွားရောက် အပ်နှံခဲ့သည်။
ထို့နောက် ငါးသိုင်းချောင်းနယ်မြေရဲစခန်းမှ အရောင်းအဝယ်ပြုလုပ်ခဲ့သည့် နွားအား ယင်းနေ့ညနေပိုင်းတွင် ပြန်လည်ရှာဖွေရရှိခဲ့ပြီး ငွေစက္ကူအတုများဖြင့် နွားဝယ်ယူခဲ့သူအား ဆက်လက်ရှာဖွေစုံစမ်းဆဲဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)
