မကွေး  ၈ ဇန်နဝါရီ

မကွေးစာတိုက်ကြီးမှ ပွင့်ဖြူစာတိုက်သို့ ပို့ဆောင်သည့် အောင်ဘာလေထီလက်မှတ်များပါ ချောထုပ်များ ပျောက်ဆုံးခဲ့မှုနှင့်ပက်သက်၍ စာတိုက်တာဝန်ရှိသူက ဇန်နဝါရီ ၃ ရက်တွင် ယာဉ်နောက်လိုက်တစ်ဦးအား တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း မကွေးနယ်မြေရဲစခန်းမှ သိရသည်။ 

ဖြစ်စဉ်မှာ မကွေးစာတိုက်ကြီးမှ ချောစာပို့ဝန်ထမ်း မျိုးသူရသည်  ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၂၇ ရက် ည(၈)နာရီအချိန်၌ မကွေးကားကြီးကွင်းရှိ “စတားသန်းဆုအောင်” ကားဂိတ်တွင် 3M/----အန်စာတုံး ယာဉ်မှ ယာဉ်နောက်လိုက် ဦးပိုင်(အသက်၊အဖအမည်၊နေရပ်လိပ်စာစုံစမ်းဆဲ)ထံသို့ ၂၀၁၉ ဇန်နဝါရီလအတွင်း ရောင်းချမည့် အောင်ဘာလေထီလက်မှတ်(တန်ဖိုး ၆၀၀၀၀၀၀ ကျပ်)ပါ ချောထုပ်တစ်ထုပ်၊ တန်ဖိုးပေးရွေးအမြန် ချောထုပ် သုံးထုပ်(တန်ဖိုး ၄၀၀၀၀ ကျပ်)တို့အား ပို့ဆောင်ပေးရန်အပ်နှံခဲ့ကြောင်း၊ ထိုသို့ပိုဆောင်ပေးလိုက်သော ချောထုပ်များမှာ ပွင့်ဖြူစာတိုက်သို့ မရောက်ဘဲ လမ်းတွင်ကျပျောက်ခဲ့ကြောင်း ယာဉ်နောက်လိုက် ဦးပိုင်မှ ပွင့်ဖြူစာတိုက်မှူး ဒေါ်မြင့်ဌေးထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ စတားသန်းဆုအောင် “ ကားဂိတ်သည် မကွေးစာတိုက်ကြီး နှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ တစ်လလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် ၃ နှစ်စာ  နှုတ်ကတိဖြင့် ပို့ဆောင်ခြင်းလုပ်ငန်းလုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။

အဆိုပါ  ချောထုပ်များပျောက်ဆုံးခဲ့မှုနှင့်ပတ်သက်၍ ဦးပိုင်အား အရေးယူပေးရန် မကွေးတိုင်းဒေသကြီး စာတိုက်မှူး ဒေါ်နှင်းရီသော်က ၂၀၁၉ ဇန်နဝါရီ  ၃ ရက်တွင် တရားလိုပြု တိုင်ကြားခဲ့၍ မကွေးနယ်မြေရဲစခန်းမှ အမှုဖွင့်ထားသည်။

ကျော်ဇေယျ