သုံးဘီးဆိုင်ကယ်များ အသုံးပြုလာသည့် မန္တလေးမြို့တွင်း ပို့ဆောင်ရေး ဈေးကွက်

mdn

မန္တလေး ၁၀  ဩဂုတ်

 

မန္တလေးမြို့တွင် ဆိုင်ကယ်တက္ကစီနှင့် Mini Truck  အငှားယာဉ် (ခေါ်) ခွေးဘီးလူးကားများ နေရာတွင် သုံးဘီးဆိုင်ကယ်များ ခရီးသည်ပို့ဆောင်ရေး ကဏ္ဍတွင် များစွာတွင်ကျယ်လာကြောင်း တွေ့ရသည်။ သုံးဘီးဆိုင်ကယ်များမှာ ခရီးသည် နှစ်ဦးမှ သုံးဦးအထိ စီးနင်းနိုင်ပြီး ခရီးဆောင်အိတ်ကဲ့သို့ ကုန်ပစ္စည်း အထိုက်အလျောက် တင်ဆောင်နိုင်သည်။ လေကာမှန်နှင့်အမိုးများ တပ်ဆင်ထားသဖြင့် နေပူမိုးရွာ အခြေအနေများတွင် အိန္ဒြေရစွာ သွားလာနိုင်ကြောင်း တွေ့ရသည်။

 

မန္တလေးမြို့တွင် ဆိုင်ကယ်တက္ကစီများမှာ ငှားရမ်းအသုံးပြုခ ဈေးနှုန်း သက်သာမှုကြောင့် များစွာ တွင်ကျယ်ခဲ့သော်လည်း ခရီးသည်နှစ်ဦးနှင့် ပစ္စည်းအနည်းငယ် ပါဝင်ပါက ဆိုင်ကယ်သုံးစီးခန့် ငှားရမ်းရသဖြင့် ကုန်ကျစရိတ်မှာ Mini Truck ငှားရမ်းခခန့် ကုန်ကျမည်ဖြစ်သည်။ Mini Truck ငှားမည်ဆိုပါက နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ Mini Truck ၏ အရင်းအနှီးအရ ကျပ် ၅၀ဝ၀ ကျော် ပေးရမည်ဖြစ်၍ ငှားရမ်းသုံးစွဲမှုများအတွက် ကုန်ကျစရိတ် သက်သာမှု မရှိလှပေ။ ဆိုင်ကယ်တက္ကဆီနှင့် Mini Truck ကြားတွင် ပေါ်ပေါက်သော သုံးဘီးဆိုင်ကယ်များမှာ ဆိုင်ကယ်တက္ကစီထက်လဲ သွားလာရအဆင်ပြေပြီး Mini Truck လောက် ကုန်ကျစရိတ် မများသောကြောင့်ခရီးသည် ပို့ဆောင်ရေးတွင် တွင်ကျယ်လာခြင်း ဖြစ်ကြောင်း သိရသည်။

 

မန္တလေးတွင် ဆိုင်ကယ်တက္ကစီ  လုပ်ကိုင်သူတွေများသကဲ့သို့ ဆိုင်ကယ်စီးနင်း အသုံးပြုသူလည်းများရာ သွားလာနေသည့် ဆိုင်ကယ်များကို မည်သူမှလက်တား၍ ငှားရမ်းသူမရှိသကဲ့သို့ စုစည်းနေရာသို့ လာရောက်ငှားရမ်းမှုလည်း  နည်းပါးသည်။ Mini Truck  အများစုမှာ အိမ်သုံးအဖြစ် ဝယ်ယူ အသုံးပြုကြခြင်းဖြစ်ရာ နံပါတ်အနက်များဖြစ်၍ အငှားယာဉ်အဖြစ် မသိသာ၍ မေးမြန်းငှားရမ်းသူ နည်းပါးသည်။ ဆိုင်ကယ်တက္ကစီနှင့် Mini Truck အငှားယာဉ်များကို လက်တား၍ ငှားရမ်းအသုံးပြုသူ မရှိသလောက် နည်းပါးသည်။

 

သုံးဘီး ဆိုင်ကယ်များကိုမူ အငှားယာဉ်အဖြစ်သာ ဝယ်ယူ အသုံးပြုကြခြင်းကြောင့် အငှားယာဉ်အဖြစ် သိသာပြီး ငှားရမ်းမှုလွယ်ကူသည်။ ယခင်က မန္တလေးလမ်းကြောင်း တစ်ခုခုပေါ်တွင် မောင်းနှင်နေစဉ် အတွင်းမှာပင် လက်ပြတား၍ ငှားရမ်းမှုများအထိ ရှိလာသည်။ သုံးဘီးဆိုင်ကယ် ပြေးဆွဲသူများသည် ယာဉ်၏မြင်သာသောနေရာတွင် ဆက်သွယ်ခေါ်ယူနိုင်သည့် ဖုန်းနံပါတ်များ ရေးထိုးထားခြင်း၊ ယာဉ်ကို ငှားရမ်းအသုံးပြုသူများအား အမည်နှင့်ဖုန်းနံပါတ်ပါ လိပ်စာကတ်များ ပေးခြင်းဖြင့် နောက်တစ်ကြိမ် အသုံးပြုလိုပါက နေအိမ်မှပင် ဆက်သွယ်ခေါ်ယူနိုင်မည် ဖြစ်သည်။

 

သုံးဘီးဆိုင်ကယ်များမှာ ရံဖန်ရံခါ အသုံးပြုသူများကိုသာမက အမြဲတမ်းအသုံးပြုသည့် ကျောင်းကြိုပို့လုပ်ငန်းများတွင်လည်း လပြတ်၊ နှစ်ပြတ် စနစ်ဖြင့် ဝန်ဆောင်မှုပေးနေခြင်းကိုလည်း တွေ့ရသည်။  

 

အေးမြ(မန္တလေး)