နေပြည်တော် ၂ အောက်တိုဘာ
လူငယ်များနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍသည် နိုင်ငံတစနိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ဖန်တီးရာတွင် အလွန်အရေးကြီးသည့်အတွက် လူငယ်များနှင့် ကလေးများသည် နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များ ဖြစ်ပါကြောင်း နေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေကပြောကြားခဲ့သည်။
၂၀၁၈ခုနှစ် နှစ်စဉ်လုပ်သားအင်အား စစ်တမ်းအရ မြန်မာနိုင်ငံတွင် အသက်ငါးနှစ်မှ ၁၇ နှစ်အထိ ကလေးဦးရေ ၁၂ ဒသမ ၄ သန်းရှိရာ ၃၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ကလေးအလုပ်သမား ဖြစ်ကြပြီး ၂၀ ရာခိုင်နှုန်းကျော်သည် မြို့ပြကလေးအလုပ်သမားများ ဖြစ်နေကြသည်။ ကလေးအလုပ်သမားများတွင် အများစုသည် မူလတန်းပညာအဆင့်သာ သင်ကြားခဲ့ရပြီး ပညာဆက်လက် သင်ကြားခြင်းမရှိနိုင်သည်ကို တွေ့ရသည်။
ကလေးအလုပ်သမား ဖြစ်ရခြင်းအကြာင်းရင်းသည် ဆင်းရဲနွမ်းပါးမှု၊ လူမှုဘဝနိမ့်ကျမှုကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပြီး ရေရှည်ဖြေရှင်းရမည့် ပြဿနာဖြစ်သည်။ အဆိုပါပြဿနာသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့်သက်ဆိုင်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချေရး၊ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်ရေး၊ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးတို့ကို ဖော်ဆောင်နိုင်လျှင် ကလေးလုပ်သားများ လျော့ကျမည် မှန်သော်လည်း မိဘအုပ်ထိန်းသူများဘက်မှ အသိအမြင် မြင့်မားမှုမှာလည်း ရေးပါသည့်အချက်ဖြစ်သည်။
ကလေးအလုပ်သမားပြဿနာသည် မဖွံ့ဖြိုးသောနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပေါ်လေ့ရှိပြီး မိဘအုပ်ထိန်းသူများ ဝင်ငွေနည်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ပြည်တွင်းပဋိပက္ခအချို့ကြောင့် ဆင်းရဲနွမ်းပါးမှုနှင့် ရွှေ့ပြောင်းနေထိုင်မှု၊ ရာသီဥတုပြောင်းလဲခြင်း အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော သဘာဝေဘးအန္တရာယ် ကျရာက်မှု၊ စားနပ်ရိက္ခာ မဖူလုံမှု စသည့်အကြေင်းများသည် ကလေးများအား ပညာဆုံးခန်းတိုင်အောင် မသင်စေနိုင်ဘဲ ကလေးလုပ်သားများအဖြစ် တွန်းပို့ဖြစ်သည့် အကြောင်းများဖြစ်လာသည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစီးပွားရေး တိုးတက်ကောင်းမွန်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးရေးကို အလေးထား အကောင်အထည်ဖော်လျက်ရှိရာ လက်ရှိတွင် မူလအခြေအနေထက် ပိုမိုတိုးတက် ကောင်းမွန်လာသည်ကို တွေ့ရသည်။ ဤသို့ အကာင်အထည်ဖော်နေချိန်တွင် မိဘအုပ်ထိန်းသူများနှင့် အလုပ်ရှင်များကလည်း ကလေးငယ်များ၏ အနာဂတ်အရေး၊ တိုင်းပြည်၏ အနာဂတ်အရေးအတွက် ရှေးရှုကြရမည်ဖြစ်သည်။ မိမိတို့၏အရေးထက် ကလေးငယ်များအရေးကို ဦးစားပေးရမည်ဖြစ်သည်။
လက်ငင်းဘဝပေး အခြေအနေအရ ကလေးငယ်များအား မဖြစ်အနေ အလုပ်လုပ်ကိုင် စေခိုင်းရခြင်းမျိုးဖြစ်လျှင်လည်း ကလေးငယ်များပညာသင်ကြားရေးကို လုံးဝဆိတ်သုဉ်းသွားခြင်း မရှိစေဘဲ ကလေးအနာဂတ်အတွက် ပညာသင်ကြားနိုင်မည့် အခွင့်အရေးကို လမ်းဖွင့်ပေးရမည်ဖြစ်သည်။ အလုပ်ရှင်များအနေဖြင့်လည်း မိမိတို့၏ အကျိုးစီးပွားဖြစ်ထွန်းရေး၊ လုပ်အားခပေးရမှု သက်သာစေရေး တစ်ခုတည်းကိုမကြည့်ဘဲ မိမိအလုပ်သမား ကလေးငယ်များ၏ အနာဂတ်အရေးအတွက် ပညာသင်ကြားနိုင်မည့် အခွင့်အရေးကို ထည့်သွင်း စဉ်းစားပေးကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးကို ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် နိုင်ငံတကာမှထောက်ပြမှုများ ရှိနေသာ်လည်း ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ကာ ရေရှည်ဆောင်ရွက်နေချိန်တွင် အလုပ်ရှင်နှင့် မိဘအုပ်ထိန်းသူများကလည်း နိုင်ငံတော်နှင့် ကလေးငယ်များ၏ အနာဂတ်အရေးအတွက် တတ်နိုင်သည့်ဘက်မှ အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကျောင်းနေအရွယ်ကလေးအားလုံး အခမဲ့ပညာသင်ကြားနိုင်ရေး၊ ကလေးသူငယ်များကို ထောက်ပံ့ကူညီမည့် အရပ်ဘက်အဖွဲ့အစည်းများ တိုးပွားရေး၊ အလုပ်လုပ်နိုင်သော အရွယ်များ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချေရး၊ ပထမအဆင့်အနေဖြင့် အန္တရာယ်ရှိသော အလုပ်အကိုင်များ၊ မသင့်လျော်သောအလုပ်များတွင် ကလေးငယ်များ မလုပ်ကိုင်စေရးတို့ကို ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ ကလေးများ နောင်ရေး တစ်စတစ်စ စိတ်အေးလာမည်ဖြစ်ပါကြောင်း။
မြန်မာ့အလင်း