မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်တင်ပို့မှု တစ်လထက် တစ်လ ပိုမိုတင်ပို့နိုင်

mdn

မောင်တော  ၁၂  သြဂုတ် 

 

ရခိုင်ပြည်နယ် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်တင်ပို့မှုအနေဖြင့် တစ်လထက်တစ်လ ပိုမိုတင်ပို့နိုင်လျက်ရှိပြီး အထူးသဖြင့် ဂျင်း(အစို) တင်ပို့မှုမှာ သိသိသာသာများပြားလျက်ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာန မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။ 

 

"ကျွန်တော်တို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှာ ပို့ကုန်အနေနဲ့ ပြန်တက်လာတာကတော့ ဂျင်းတင်ပို့မှုက အများဆုံးဖြစ်ပါတယ်။ ဘာလို့များလဲဆိုတော့ သူတို့နိုင်ငံမှာ ပွဲတော်ရက်လည်းနီးတဲ့အတွက်ရယ် ပြီးတော့ အချိုရည်ထုတ်တဲ့နေရာမှာလည်းသုံးတယ်လို့ ကုန်သည်တွေပြောကြတယ်။ အချိုရည် ထုတ်တဲ့နေရာမှာ ဘယ်လိုသုံးတာလဲဆိုတာတော့ သေချာမသိဘူး။ ဒါကြောင့် ဂျင်းတင်ပို့မှုကပိုများလာတယ်။ နောက်တစ်ခုကတော့ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဘက်ကပို့တဲ့ ရေချိုငါးလေးတွေ တင်ပို့မှုများလာတယ်။ ဒီအတွက်ကြောင့် မောင်တောကုန်သွယ်ရေးစခန်း အနေနဲ့ကတော့ လျာထားချက်ပြည့်မီအောင် တင်ပို့နိုင်ပါတယ်။ တစ်လထက်တစ်လ ပို့ကုန်တင်ပို့မှုအပိုင်းမှာ တိုးတက်လာတယ်လို့ပြောလို့ရပါတယ်။" ဟု မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအေးက ပြောသည်။ 

 

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ဇူလိုင်လအတွင်း လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ မတ်ပဲ၊ ကုလားပဲ၊ မန်ကျည်းသီး၊ ဂျင်း(အစို)၊ ဒညင်း သီး၊ နနွန်းနှင့်ဇီးသီးခြောက်၊ ရေထွက်ကုန်များဖြစ်သည့် ငါးသလောက်၊ ငါးမြစ်ချင်း၊ ငါးနီတူခြောက်နှင့် ငါးလေးခြောက်၊ သစ်တော ထွက်ကုန်ပစ္စည်းဖြစ်သည့် ဝါးကြီးနှင့် စက်မှုကုန်ချောပစ္စည်း ဖြစ်သည့် ဇီးယိုထုပ်၊ ကွေကာ၊ လုံချည်၊ ရေမွှေး၊ ဝက်ခြံပျောက်ခရင်၊ သနပ်ခါးခဲ၊ နေကြာစေ့၊ သကြားလုံးနှင့်ဆပ်ပြာတို့ကို တင်ပို့နိုင်ခဲ့ပြီး တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၀၈၉၀၇ ဒသမ ၁၆၇ ဒေါ်လာဖြစ်ကြောင်း သိရသည်။ ထို့ပြင် သြဂုတ် ၁၀ရက်အထိ ပို့ကုန် တင်ပို့မှုအခြေအနေတွင် လယ်ယာထွက်ကုန်ပစ္စည်း (၄)မျိုး၊ ရေထွက်ကုန်ပစ္စည်း (၄)မျိုး၊ သစ်တောထွက်ကုန်ပစ္စည်း (၁)မျိုးနှင့် စက်မှုကုန်ချောပစ္စည်း (၁) မျိုးတို့ကို တင်ပို့ပြီးဖြစ်ကာ ပို့ကုန်တင်ပို့မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၅၇၃၃၀ ဒသမ ၃၈၄ ဒေါ်လာဖြစ်ကြောင်း သိရသည်။ 

 

သတင်း၊ ဓာတ်ပုံ- ဟိန်းထက်လင်း၊ မျိုးသူဟိန်း