နယ်စပ်ဂိတ်များမှ နွားများကိုတင်ပို့ရာ တရားမဝင်တင်ပို့မှုကြောင့် နိုင်ငံတော်အတွက် နှစ်စဉ်အခွန်ငွေ နစ်နာလျက်ရှိ

mdn

မူဆယ်  ၁၂  သြဂုတ်

 

မြန်မာပြည်မှ အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ဂိတ်များမှဖြတ်သန်း၍ နွားများကိုပို့ဆောင်ရာတွင် တရားဝင် ပို့ဆောင်မှုများရှိသကဲ့သို့ တရားမဝင် ပို့ဆောင်မှုများလည်းရှိရာ နှစ်စဉ်တရားမဝင်ပို့ဆောင်မှုကပို၍ များလာ၍ နိုင်ငံတော်အတွက် အခွန်ငွေနစ်နာလျက်ရှိကြောင်း သိရသည်။

 

မြန်မာ-တရုတ်နယ်စပ်တွင် ဂိတ်ပေါက်(၁၄)ပေါက်ရှိပြီး ထိုဂိတ်ပေါက်များမှ နှစ်နိုင်ငံ ကူးလူးဆက်ဆံသွားလာ လျက်ရှိရာ သွင်းကုန်၊ ထုတ်ကုန်အများဆုံး ဝင်ထွက်သွားလာရာ ဂိတ်ပေါက်ကြီးမှာ မူဆယ်(၁၀၅)မိုင်ဂိတ်ဖြစ်၍ ထိုဂိတ်မှ တရားဝင်သွင်းကုန်၊ ထုတ်ကုန်များကို စစ်ဆေးလက်ခံဖြတ်သန်းသွားလာလျက်ရှိပြီး ထိုသို့ ကုန်စည်စီးဆင်းရာတွင် တရားမဝင်လမ်းကြောင်းများမှ ဖြတ်သန်းသွားလာနေကြသောကြောင့် နိုင်ငံတော်အတွက် ထိုက်သင့်သောအခွန်ငွေက လစဉ်မရရှိဘဲ ရင်ဆိုင်နေရရာ ထိုအထဲတွင် တရားမဝင် နွားတင်ပို့မှုသည်အများဆုံးဖြစ်ကြောင်း သိရသည်။

 

“နိုင်ငံတော်အတွက်အခွန်အခမရဘဲ သွားလာနေတဲ့ ကုန်ပစ္စည်းတွေအများကြီးရှိတယ်။ ကျွန်တော်တို့က ကုန်ပစ္စည်းအားလုံးကို စောင့်ကြည့်ရတဲ့ဌာနလည်းဖြစ်တယ်။ နိုင်ငံတော်သမ္မတကြီးက ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအသီးသီးကို တရားမဝင် ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ညွှန်ကြားထားတာကြောင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ကလည်း လက်ရှိဖွဲ့စည်းဆောင်ရွက် ထားပါတယ်။ ဝန်ကြီးချုပ်ကဥက္ကဋ္ဌ၊ ကျွန်တော်က အတွင်းရေးမှူးတစ်အနေနဲ့ ဆောင်ရွက်ရပါတယ်။ အစိုးရတစ်ဖွဲ့တည်း၊ ဌာနတစ်ခုတည်းနဲ့ လုပ်ကိုင်ဆောင်ရွက်ရတဲ့နိုင်နင်းတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ သက်ဆိုင်တဲ့ဌာနတွေ ဆက်စပ်တဲ့အဖွဲ့အစည်တွေ ပူးပေါင်းပါဝင်လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တဲ့အပြင် တစ်ဖက်နိုင်ငံနဲ့လည်းဆက်သွယ်ပြီး Relation ကောင်းမှပဲ ပိုပြီးတော့ထိရောက်တဲ့လုပ်ငန်းစဉ်တွေ ဖြစ်ပါလိမ့်မယ်” ဟု မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တာဝန်ခံညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောသည်။

 

နယ်စပ်ကုန်သွယ်ရေးတွင် တရားဝမင် ကုန်သွယ်မှုတွင် အရေးယူဆောင်ရွက်ရမည့်ဥပဒေနှင့် တရားစီစဉ်ရေး စနစ်ကိုလည်း လိုအပ်သလိုပြောင်းလဲရန် လိုအပ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံတို့တွင် လုပ်ဆောင်သည့် ပုံစံအတိုင်း လုပ်ဆောင်ခြင်းဖြင့် တရားမဝင်ကုန်သွယ်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွင် ကျင့်သုံးနေသော နည်းဥပဒေကဲ့သို့ ကျူးလွန်သောကုမ္ပဏီများ ထပ်မံကျူးလွန်ခြင်းမရှိစေရန်၊ အလားတူ ထပ်မံမကျူးလွန်စေရန် ထိရောက်စွာအရေးယူခြင်းဖြစ်၍ ဒဏ်ကြေးဖြင့် အရေးယူဆောင်ရွက်ခြင်းသည် တရားမဝင်ကုန်သွယ်မှုကို ထပ်မံကျူးလွန်းရန် တွန်းအားပေးသကဲ့သို့ဖြစ်နေကြောင်း၊ အိမ်နီးချင်းနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုတစ်ခုကို စိစစ်တွေ့ရှိပါက ဖြစ်စဉ်ပေါ်မူတည်၍ ဦးစွာဒဏ်ကြေးကို သတ်မှတ်ပြီးနောက် ထိုကုမ္ပဏီ၏နောက်ကြောင်းကို (၂)နှစ်စာပြန်လည် စိစစ်၍ ကျူးလွန်ထားကြောင်း မတွေ့ရှိခဲ့သည့်တိုင် အလားတူ ကျူးလွန်နိုင်သည်ဟူသော ယူဆချက်ဖြင့်(၂)နှစ်စာ ဒဏ်ကြေးကို ထပ်မံဒဏ်ရိုက်သည့်အတွက် ဆက်လက်၍ တရားမဝင်ကုန်သွယ်မှုကို ဆက်လက်မလုပ်ဆောင်နိုင်တော့သည့်စနစ်ကို အသုံးပြုနေကြာင်း၊ တရားမဝင်ကုန်သွယ်မှုပြစ်မှုတွင် တရားမမှုကဲ့သို့မဟုတ်ဘဲ တစ်လ၊နှစ်လအတွင်း စီရင်ချက်ချနိုင်သော သီးသန့်စီးပွားရေးဆိုင်ရာ တရားရုံးများကို ဖွင့်လှစ်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်းကိုလည်း ဖြည့်စွက်ပြောကြားသည်။

 

တရားမဝင်ကုန်သွယ်ရာတွင် သတင်းပေးမှုဖြင့် ဖမ်းဆီးသော အမှုများကို ဆုကြေးဒဏ် ကြေးစနစ်ဖြင့် သတ်မှတ်ထားသော်လည်း အမှုကိစ္စပြီးပြန်မှ သာရရှိသောကြောင့် အမှုတစ်ခုသည် (၂) နှစ်ခန့်ကြာသွားပါက ဆုကြေးခံစားရမည့် သူမှာကျန်းမာရေးအရသေဆုံးမှုရှိနိုင်၍ မြန်ဆန်သော တရားစီရင်ရေးစနစ်၊ ထိရောက်သော ဥပဒေဖြင့် ဆောင်ရွက်နိုင်ပါက အိမ်နီးချင်းနိုင်ငံတို့တွင် ကျင့်သုံးနေသော ဥပဒေအတိုင်း မြန်မာပြည်နယ်စပ် ကုန်သွယ်ရေးတွင် တရားမဝင် ကုန်စည်စီးဆင်းမှုသည် လျော့နည်းပပျောက်သွားမည်ဖြစ်ကြောင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သိရသည်။

 

တစ်ချိန်က မြန်မာနိုင်ငံရှိ ကျွဲ၊ နွားများကို ကုန်သွယ်ရေးမူဝါဒအရ ကုန်သွယ်မှုမပေးခဲ့သော်လည်း တရားမဝင် ဖြတ်သန်းပို့ဆောင်ခဲ့ပြီး တရားဝင်သွားလာခွင့်ဖြင့်ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်အတွက် အခွန်ငွေမရဘဲ နွားကားအစီး (၁၀၀)တွင်အစီး(၂၀)သာတ ရားဝင်သွားလာနေကြောင်းဒေသခံများထံမှ သိရသည်။

 

“တရားဝင်တာကတစ်ပိုင်း၊ တရားမဝင်တာက တစ်ပိုင်းဆိုပြီး နွားတွေတင်ပို့နေတယ် ဆိုတာကြားပါတယ်။ နယ်စပ်ဒေသမှာ ဥပေဒအာဏာစက်နဲ့ ထိန်းချုပ်ဖို့ဆိုတာခက်ခဲတယ်။ ဒေသအများစုမှာ တည်ဆဲဥပဒေများဟာ အပြည်အဝဆောင်ရွက်နိုင်တာမျိုးမရှိပါဘူး။ ဒါကြောင့်ဥပဒေလက်လှမ်းမမီတဲ့၊ အားနဲတဲ့နေရာတွေမှာတော့ ဆက်လက်ရှိနေအုံးမှာပါ။ ရှိနေဆဲလည်းလို့လည်း ကျွန်တော်တို့ကြားပါတယ်။ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာ ထိန်းချုပ်ပေမယ့်ထိန်းချုပ်နိုင်စွန်းမရှိတဲ့ လမ်းကြောင်းတွေ၊ နေရာတွေ၊ ဒေသတွေအများကြီး ကျန်နေပါသေးတယ်” ဟု(၁၀၅)မိုင်ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

 

မြန်မာ-တရုတ်နယ်စပ်ဖြစ်သော မူဆယ်မြို့နှင့် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်ပြည်အတွင်းသို့ ဂိတ်ပေါက် (၄)ပေါက်မှနေ့စဉ်ခရီးသွားနှင့် ကုန်စည်များပို့ဆောင်သွားလာလျက်ရှိပြီး မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် ကုန်ပစ္စည်းမျိုးစုံပါသော ယာဉ်များနေ့စဉ် ဝင်ရောက်သွားလာကြလျက်ရှိကာ မြန်မာပြည်အတွင်းသို့ တရားမဝင် ဝင်ပေါက်များမှလည်း ဝင်ရောက်မှုများရှိသည့်နည်းတူ တစ်ဖက်နိုင်ငံသို့ နွားများကိုတင်ပို့ရာတွင် တရားမဝင်ပို့ဆောင်သော လမ်းကြောင်းများက ပို့ဆောင်နေသောကြောင့် နိုင်ငံတော်အတွက် တရားဝင်ရရှိသော အခွန်ငွေထက်တရားမဝင် ပို့ဆောင်မှုက နယ်စပ်တွင်ပို့၍များနေကြောင်း သိရသည်။

 

သန်းထိုက်

 

ဓာတ်ပုံ -သန်းစိုး