မန္တလေးကျောက်ဝိုင်းတွင် ဝီချက် (WE CHAT) ဖြင့် ဝယ်ယူနေခြင်းကို တားဆီးပေးရန် ပြည်တွင်းကုန်သည်များ လက်မှတ်ထိုး တောင်းဆို

mdn

မန္တလေး  ၇  စက်တင်ဘာ 

 

မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ဈေး(ကျောက်ဝိုင်း)အတွင်း တရုတ်ကုန်သည်များက ဝီချက်(We chat) ဖြင့် ကျောက်စိမ်းများ ဝယ်ယူနေခြင်းမှာ ပြည်တွင်းကျောက်ကုန်သည်များအတွက် ဈေးကွက်ပျက်ခြင်းနှင့် နစ်နာမှုများ ရှိခြင်းတို့ကြောင့် ဝီချက်(We chat) ဖြင့် ရောင်းဝယ်ခြင်းကို တားဆီးပေးရန် ကျောက်သမားအများစုက တောင်းဆိုသည့် ကမ်ပိန်းပြုလုပ်နေကြောင်း သိရသည်။

 

 

ကျောက်ဝိုင်းအတွင်း ဝယ်လက်တရုတ်ကုန်သည်များမှ ဝီချက်(We chat) ဖြင့် အရောင်းအဝယ်ပြုလုပ်နေသည်မှာ ၂ နှစ်ခန့် ကြာပြီဖြစ်၍ ၎င်းကိုတားဆီးပိတ်ပင်ပေးနိုင်ရန် တောင်းဆိုဆန္ဒပြုလက်မှတ်များကို စက်တင်ဘာ ၃ ရက်မှ စတင်ကောက်ခံလျက်ရှိရာ ၆ ရက်အထိ လက်မှတ်၂၀၀၀ ကျော်ရရှိပြီဟု ဦးဆောင်လက်မှတ်ကောက်ခံသူ KLG ကျောက်မျက် ကုမ္ပဏီမှ ကိုမျိုးက ပြောသည်။

 

“ပြည်တွင်းကုန်သည်တွေက တစ်ယောက်တည်း ကြည့်ဝယ်တော့ အခြားသူ မမြင်သေးဘူး။ ဒီကျောက်ရဲ့ တခြား အရည်အသွေးပိုင်း သိတဲ့သူက ပိုပေးချင်ပေးမယ်။ ကျောက်စိမ်းအရောင်း အဝယ်က အာရုံနဲ့ ရောင်းဝယ် လုပ်ကြတာ။ ဈေးမကိုက်လို့ ရွှေလီတင်မယ်ဆိုရင် အဲဒီက ဝယ်လက်တွေက ဝီချက်(We chat) ကတဆင့် ကြည့်ပြီးသား ဖြစ်နေတော့ တန်ရာတန်ဖိုး မပေးတော့ဘူး”ဟု ကိုမျိုးကပြောသည်။

 

ကျောက်စိမ်းသည် ရွှေကဲ့သို့ တစ်ကျပ်သားလျှင် ပေါက်ဈေးသတ်မှတ်ထားခြင်းမရှိဘဲ ဝယ်သူ၏ အာရုံ ပေါ်မူတည်၍ တန်ဖိုးဖြတ်ဈေးပေးခြင်းဖြစ်ရာ မန္တလေးမှ တရုတ်ပြည်သို့ မရောက်ခင်၌ပင် ဝီချက်(We chat) မှ ပြန့်နှံ့သွားရာက  တရုတ်ပြည်ရှိ ဝယ်လက်ကုန်သည်များ ကြည့်ရှုပြီး ဖြစ်သွားခြင်းကြောင့် ဈေးနှိမ်ခံရခြင်း၊ ပစ္စည်းအသစ်မဟုတ်ဘဲ ဈေးကွက်လည်သည်ဟု ဆိုကာ ဈေးမပေးတော့ခြင်းများက ပြည်တွင်းကုန်သည်များအား နစ်နာစေသည်ဟု ကျောက်စိမ်းကုန်သည်များက ပြောကြားသည်။

 

“ကျောက်ဝိုင်းတွင်းမှာ ဝီချက်(We chat) နဲ့ ဝယ်တာကို ပိတ်ပင်ပေးဖို့ပါ။ အလွတ်သဘောနဲ့ ဘယ်လိုဝယ်ဝယ် ရတယ်။ အများလာတဲ့ ကျောက်ဝိုင်းမှာတော့ မလုပ်သင့်ဘူး။ ဥပမာပြောရင် ဟောင်ကောင်က ရတနာဆိုင်ကြီး တစ်ခုက ဝီချက်ကနေ လက်ကောက်ကို သိန်း ၈၀ ပေးနေတာတောင် မန္တလေးကျောက်ဝိုင်းက ဝီချက်(We chat) သမားက သိန်း ၅၀ က မတက်ဘဲ ဈေးရပ်လိုက်တော့ ဈေးသေသွားတယ်။ ရသင့်ရထိုက်တာမရဘူး”ဟု ထွန်းတောက်လျှံ ကျောက်မျက် ကုမ္ပဏီပိုင်ရှင် ကိုအောင်ဝင်းဦးက ပြောသည်။

 

ကျောက်စိမ်းလက်ကောက်များကို ဝီချက်(We chat) ဖြင့် အများဆုံးဝယ်ယူကြပြီး ကျောက်ဝိုင်းအတွင်းရှိ တရုတ်ဝယ်လက်များက ၎င်းတို့နှင့် ချိတ်ဆက်သူများထံ အွန်လိုင်းလေလံကဲ့သို့ ပြုလုပ်ကာ ရောင်းချခြင်းဖြစ်ပြီး ကော့မန့်မှ ပေးလာသည့် ဈေးနှုန်းကို ပြည်တွင်းကုန်သည်များအား ဈေးပေးခြင်းဖြစ်ကြောင်း သိရသည်။ ကောက်ခံရရှိသည့် လက်မှတ်များကို ကျောက်မျက်ဈေး အကျိုးတော်ဆောင်အဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့(မြို့တော်စည်ပင်)သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝီချက်(We chat) ဖြင့် ဝယ်ယူခြင်းနှင့် တရုတ်ပြည်သို့ ကျောက်စိမ်းအရိုင်းတုံးများ တရားမဝင် သယ်ယူ ရောင်းချခြင်းများက ကျောက်စိမ်းဈေးကွက်ပျက်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများ ဆုံးရှုံးနေကြောင်း၊ ကျောက်မျက်ဥပဒေပြင်ဆင်ရေး အတွက်လည်း ကျောက်မျက်လုပ်ငန်းရှင်များ အသင်း(မန္တလေး)က လိုအပ်ချက်များကို တင်ပြထားကြောင်း သိရသည်။

 

အိမို့မို့ခိုင်