နေပြည်တော် ၂၈ ဇန်နဝါရီ

 

ပြည်သူများ၏ဘဝ လုံခြုံစိတ်ချပြီး အေးချမ်းသာယာစွာနေထိုင်နိုင်ရေးအတွက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးရှိဖို့လိုအပ်ပါသည်။ ယင်းအချက်ကို ဥပဒေပိုင်းဆိုင်ရာနှင့်လုံခြုံရေးပိုင်းဆိုင်ရာတို့ကသာ တာဝန်ရှိသည်မဟုတ်၊ ပြည်သူကိုကိုယ်စားပြုသော အဖွဲ့အစည်းများနှင့် ပြည်သူပြည်သားများကိုယ်တိုင် တာဝန်သိသိလက်တွဲပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်သည်ဟု ယူဆပါသည်။

 

 

မျက်မှောက်ကာလတွင် ပြည်သူတို့၏လူမှုဘဝနယ်ပယ်၌ ဒုစရိုက်မှုအမျိုးမျိုးကို တစ်နေရာမဟုတ် တစ်နေရာရာတွင် တစ်မျိုးမဟုတ်တစ်မျိုး ကျူးလွန်ခဲ့သည့်သတင်းများကို မကြာမကြာကြားသိနေရသည်။ ထိုအခါပြည်သူတို့၏ဘဝ လုံခြုံဘေးကင်းမှု လျော့ရဲနေပြီလားဟု ဝေဖန်ပြောဆိုလာကြသည်။ ဒုစရိုက်သမားများသည် ပြည်သူလူထ ုကြားတွင်ရဲရဲတင်းတင်း လက်ရဲဇက်ရဲကျူးလွန်လာကြသည်။ ထို့ထက်မက ရက်ရက်စက်စက် ကျူးလွန်လာကြသည်။ ဒုစရိုက်မှုများ များပြားလာပြီး ပြည်သူတို့၏ လူမှုဘဝတည်ငြိမ်အေးချမ်းမှုများ ထိခိုက်မှုရှိလာသောအခါ အုပ်ချုပ်သူတို့အပေါ်တွင်ဖြစ်စေ၊ တိုင်းပြည်အပေါ်တွင်ဖြစ်စေ ဝေဖန်မှု များ ရှိလာခဲ့သည်။

 

အမှန်တကယ်တွင် ဒုစရိုက်မှုများအား တားဆီးကာကွယ်နှိမ်နင်း နိုင်ရေးအတွက် ပြဋ္ဌာန်းထားသည့် ဆိုင်ရာဆိုင်ရာ ဥပဒေများလည်း ရှိထားပြီး ဒုစရိုက်သမားများအား ရှာဖွေတားဆီး ဖမ်းဆီးနှိမ်နင်းနိုင်သော လုံခြုံရေး အဖွဲ့များလည်း ရှိထားပြီးဖြစ်သည်။ ပြစ်မှုကျူးလွန်ပါကလည်း ဖမ်းဆီးအရေးယူ အပြစ်ပေးနေမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ သို့သော် ဒုစရိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်မှာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ဒုစရိုက်အမှုနှင့်သက်ဆိုင်သည့်၊ ဒုစရိုက်အမှုများဖြစ်ပေါ်နိုင်သည့် အသိပညာ ဗဟုသုတများ နည်းပါးနေသေးသည်ဟု ဆိုနိုင်ပါသည်။

 

ဒုစရိုက်သမားဟူသည်မှာ မျက်နှာဖုံးတပ်၊ တံဆိပ်ကပ်ထားသောသူများမဟုတ်ချေ။ ဒုစရိုက်မှု ကျူးလွန်မည့်သူများသည် ပြည်သူလူထုကြားတွင်ပင်ရှိနေပြီး အဖြူအမည်း ကွဲပြားခြားနားစွာ သိရှိနိုင်ခြင်းမရှိချေ။ လူကောင်း သူကောင်းများမှာ လူမှုဘဝနယ်ပယ်တွင် ကိုယ့်အလုပ်နှင့်ကိုယ်၊ ကိုယ့်အတွေးနှင့်ကိုယ် သွားလာလှုပ်ရှားလျက်ရှိသည်။ ဒုစရိုက်သမားများ ကို ရှာဖွေနိုင်စွမ်း၊ အကဲခတ်နိုင်စွမ်းလည်း မရှိချေ။ ဒုစရိုက်မှု ကျူးလွန် မည့်သူမှာ ဒုစရိုက်မှုကျူးလွန်ရန်အတွက် ပြည်သူတစ်ဦးဦးအား စောင့်ကြည့်လေ့လာကာ ပြည်သူတစ်ဦးဦး၏ အားနည်းချက်၊ အခွင့်သာမည့် အချက်များကို ချောင်းမြောင်းနေကြသူများဖြစ်သည်။

 

 

ယင်းအချက်များကို ပြည်သူတို့၏ လုံခြုံအေးချမ်းသောဘဝများအားမဖျက်ဆီးနိုင်ရေး၊ ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် လုံခြုံရေးအဖွဲ့အစည်းများက စောင့်ကြည့် ကာကွယ်တားဆီးပေးရန် လိုအပ်သလို ပြည်သူများအနေဖြင့်လည်း မိမိတို့၏ ဘဝလုံခြုံရေးအတွက် သွားသတိ၊ လာသတိဖြင့် ဆင်ခြင်ဉာဏ်သတိတရားဖြင့် သွားလာလှုပ်ရှားနေထိုင်ကြရန် လိုအပ်ပါသည်။ဒုစရိုက်မှု ကျူးလွန်နိုင်သည့် အနေအထားသို့ရောက်မသွားအောင်သတိထားဖို့လိုအပ်ပါသည်။

 

ယနေ့ဖြစ်ပေါ်ခဲ့သော ဒုစရိုက်မှုအမျိုးမျိုးတွင် ပြည်သူလူထုအပိုင်းမှအားနည်းချက်များ ရှိခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ဒုစရိုက်သမားများ ကျူးလွန်နိုင်သည့်အနေအထားရောက်အောင် လမ်းပွင့်သွားခဲ့သည် ကိုတွေ့ရသည်။ အထူးသဖြင့် ဒုစရိုက်မှုများနှင့်ပတ်သက်၍ အသိအမြင် ဗဟုသုတများ အလွယ်တကူရရှိနေသော ကာလတွင် သင်ခန်းစာယူစရာ၊ ဆင်ခြင်စရာ အတွေးအမြင်များနည်းပါးပြီး သက်ဆိုင်သူတို့ကလည်း ဝိုင်းဝန်း အသိပေး၊ သတိပေးမှုလည်း အားနည်းနေသည်ကိုတွေ့ရသည်။ ဖြစ်ပေါ်မှသာ ဝမ်းနည်းကြေကွဲဖွယ်ရာ၊ စိတ်မကောင်းဖွယ်ရာ၊မခံချိမခံသာဖြစ်စရာ ဖြစ်ကြရသည်။

 

ယခုအခါ သက်ဆိုင်ရာအဖွဲ့အစည်းများက ပြည်သူလူထုဘဝ လုံခြုံစိတ်ချရမှုကို ထိပါးစော်ကားလာသော ဒုစရိုက်သမားများအား ထိထိရောက်ရောက် အရေးယူကိုင်တွယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် နေသည်ကိုတွေ့ရသည်။ ပြည်သူလူထုအနေဖြင့်လည်း ပြစ်မှုကျူးလွန်ခြင်း၏ အခြေခံသဘောတရားများကို သိရှိထားခြင်း၊ ပြစ်မှုကျူးလွန်ကြံစည်သူ၊ အားထုတ်သူတို့အား ရှောင်ရှားခြင်းစသည်ဖြင့် ဆင်ခြင်နေထိုင် သွားလာလုပ်ကိုင်ပါက ဘေးကင်းရန်ကွာ စိတ်ချမ်းသာစွာ နေထိုင်နိုင်မည် ဖြစ်ပါသည်။

 

ကြေးမုံ အယ်ဒီတာ့အာဘော်