ကောလင်း ၈ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ် ရွှေဘို- မြစ်ကြီးနားသွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၁၅/၁၁၆ ကြားတွင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ခဲ့သဖြင့် ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၄ နာရီခန့်တွင် ကောလင်းမြို့နယ် နယ်မြေရဲကင်း စခန်းမှူး ရဲအုပ် စိုးသိန်းအောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ကောလင်းမြို့နယ်၊ ရွှေဘို- မြစ်ကြီးနား သွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၁၅/၁၁၆ ကြားနေရာတွင် ယာဉ်နောက်လိုက်ဖြစ်သူ ချမ်းမြေ့အောင် မောင်းနှင်ပြီး ယာဉ်မောင်း သိန်းယုနိုင် ဘေးမှထိုင်လိုက်လာသည့် ခရီးသည်(၁၄)ဦးတင်ဆောင်လာသော ` MDY 4N/------ မှန်လုံယာဉ်သည် မိုင်တိုင်အမှတ် ၁၁၅/၁၁၆ ကြား အကွေ့တွင် ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ တံတားလက်ရမ်းအုတ်ခုံအား ဝင်တိုက်မိပြီး တိမ်းမှောက်သွားခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ၁၂ ဦးဒဏ်ရာ ရရှိခဲ့သဖြင့် ယာဉ်နောက်လိုက် ချမ်းမြေ့အောင်၊ ဟိုပင်မြို့၊ ကချင်ပြည်နယ်နေသူ နှင့် ယာဉ်မောင်း သိန်းယုနိုင်၊ အမှတ် ၆ ရပ်ကွက်၊ ကသာမြို့နေသူတို့အား ခန်သာနယ်မြေ ရဲကင်းစခန်းမှ  အရေးယူ ဆောင်ရွက်ထားကြောင်း ရဲအုပ်စိုးသိန်းအောင် ထံမှသိရသည်။

လူအောင်(ကသာ)