၂၉ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာဇဝတ်အမှုအခင်းများ လျော့နည်း ကျဆင်းရေးအတွက် လင်းယုန်စီမံချက် အဆင့်ဆင့်တို့ကို ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်မှုများအပေါ် ပြည်သူလူထုက ဝမ်းမြောက်ဝမ်းသာဖြင့် မျှော်လင့်ခဲ့ကြသည်။ လူဦးရေ ထူထပ်များပြားပြီး နိုင်ငံ၏စီးပွားရေး အချက်အချာကျသည့် အကြီးဆုံးမြို့ကြီးတစ်ခုအနေဖြင့် ရာဇဝတ် အမှုအခင်းများပြားတတ်သည်မှာ သဘာဝကျသော်လည်း မှုခင်းများ ဖြစ်မလာအောင် ကြိုတင်ကာကွယ်တားဆီးမှု၊ ဖြစ်ပွားသည့် မှုခင်းများကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဖော်ထုတ်အရေးယူမှုနှင့် ဟန့်တားလောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်မှုတို့ဖြင့် ပြည်သူတို့၏ နေ့စဉ်ဘဝများ လုံခြုံစိတ်ချစွာဖြင့် ပရိယေသန ဝမ်းစာရှာဖွေနိုင်ကြရမည် ဖြစ်သည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် အငှားယာဉ်မောင်းတစ်ဦးက ခရီးသည်ဖြစ်သည့် ဝန်ထမ်းအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် လုယက် သတ်ဖြတ်ခဲ့မှုသည် ရန်ကုန်မြို့နေ ပြည်သူများအကြား ဂယက်ရိုက်ခတ်မှု များ ဖြစ်ပေါ်စေခဲ့ရာ ယာဉ်မောင်းနှင့် ခရီးသည်များအကြား အပြန်အလှန် ယုံကြည်မှုများ ပျက်ပြားစေကာ တက္ကစီငှားစီးရန်ပင် ထိတ်လန့်စိုးရွံ့ခဲ့ ကြသည့်အလျောက် အငှားယာဉ်မောင်းသူတို့ ဝင်ငွေလျော့နည်းကြ ရကြောင်း ကြားသိရသည်။ ရန်ကုန်မြို့ ၏ လုံခြုံရေးနှင့် စပ်လျဉ်း၍လည်း မေးခွန်းထုတ်မှုများ ရှိလာကြသည်။ မကြာခဏဆိုသလို သိရှိရသော အချက်တစ်ရပ်မှာ ပြည်သူနှင့် ရဲတပ်ဖွဲ့ ဝင် အချိုးအဆ ကွာဟမှုကြီးမားနေ ခြင်းပင်ဖြစ်သည်။ ယင်းအချက်က ရဲတပ်ဖွဲ့ဝင် တစ်ဦးချင်းအပေါ်တွင် ¤င်းထမ်းဆောင်ရသည့်တာဝန် ဝန်ထုပ်ဝန်ပိုး ကြီးမားနေသည်ကို ပြဆိုနေခြင်းဖြစ်သည်။ ပြည်သူပါဝင်သည့် ရဲလုပ်ငန်းစနစ်ပိုမိုပီပြင်လာစေရေး၊ ရဲတပ်ဖွဲ့ ကို ပြည်သူက ပိုမိုရင်းနှီးကျွမ်းဝင် ကူညီလာစေရေးတို့ လိုအပ်နေ သည်ကိုလည်း ပြဆိုနေသည်။
တစ်ဖက်တွင်လည်း အများပြည်သူတို့၏ ဘဝလုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ တာဝန်ဟု ဆိုစေကာမူ အထက်တွင် ဆိုခဲ့သည့်အတိုင်း အင်အားနည်းပါးကာ လစ်ဟင်းမှု၊ ကွက်ပြည့်မနင်းနိုင်မှု ကဲ့သို့သော အခြေအနေမျိုးတွင်မူ အသက်ဉာဏ်စောင့်ဟူသည့် စကားပုံအတိုင်း မိမိကိုယ်ကိုယ်သာ ကာကွယ်စောင့်ရှောက်နိုင်ရန်မှာ အဓိကကျမည်ဖြစ် သည်။ ခိုး၊ ဆိုး၊ လု၊ နှိုက် ဒုစရိုက်သမားတို့မှာ မိမိတို့နေ့စဉ်သွားလာ လှုပ်ရှားနေထိုင်ရာ ဝန်းကျင်များ၌ပင် လှုပ်ရှားကျက်စားတတ်ကြသည့် အလျောက် မိမိကိုယ်မိမိ စောင့်ရှောက်နိုင်မှ တန်ကာကျမည်ဟုသာ ဆိုချင်သည်။
လင်းယုန်စီမံချက်များအပြင် အငှားယာဉ်များကို အထူးပြု၍ စစ်ဆေးပြီး မှုခင်းများကာကွယ်မည့်စီမံချက် စသည်ဖြင့် သက်ဆိုင်ရာတို့က ဆောင်ရွက်သွားမည့် အစီအမံများရှိနေကြောင်း သတင်းများအရ သိရှိရသည်။ ရာဇဝတ်မှုများ တားဆီးကာကွယ်ရေး၊ နှိမ်နင်းဖော်ထုတ်ရေးတို့မှာ သက်ဆိုင်ရာအဖွဲ့အစည်းတို့၏ တာဝန်များဖြစ်ပြီး တာဝန်ရှိသူ အဆင့်ဆင့် တို့က ဆောင်ရွက်ကြမည်သာ ဖြစ်သကဲ့သို့ မိမိတို့၏ နိစ္စဓူဝ လှုပ်ရှားရှင်သန် ကြရသည့် ကိုယ်ပိုင်ဘဝများ ဘေးကင်းရန်ကွာရေးအတွက် အသိတရားဖြင့် သတိထားကြဖို့အရေး တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း။