၆   အောက်တိုဘာ

နိုင်ငံတစ်နိုင်ငံတွင် မည်သည့်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ၊ မည်သည့်နိုင်ငံရေး အယူဝါဒကို စွဲကိုင်သည်ဖြစ်စေ ပြည်သူလူထု ပူးပေါင်းပါဝင်မှုကသာ အဓိကဖြစ်သည်။ အထူးသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူလူထု၏ တစ်ခဲနက် ပူးပေါင်းပါဝင်မှုကို ရရှိမှသာ အောင်မြင်နိုင်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်သူများကရော ပြည်သူလူထု တို့ကပါ အလိုရှိကြသည်မှာ မှန်သည့်တိုင်အောင် ခေါင်းဆောင်နှင့် ပြည်သူတို့၏ ဘဝနှင့်ဆန္ဒတို့ တစ်ထပ်တည်းကျပါမှ၊ ခေါင်းဆောင်နှင့် ပြည်သူတို့ မကင်းကွာပါမှ ဖွံ့ဖြိုးတိုးတက်မှုအစစ်အမှန်ကို ပကတိအခြေအနေမှန်နှင့် ကိုက်ညီစွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

နိုင်ငံ၏အရေးအရာများတွင် ပြည်သူများတက်ကြွစွာ ပါဝင်လိုစိတ်များ ပေါ်ပေါက်လာရေးအတွက် စေ့ဆော်ပေးသည့်အချက်များအနက် “နိုင်ငံ၏အရေးအရာများတွင် မိမိတို့လည်း ထိရောက်စွာ ပါဝင်ခွင့် ရှိနေသည် ဆိုသောအချက်ကို ပြည်သူတို့က လေးလေးနက်နက် သိမြင်ခံစားလာရစေရန် အခြေအနေများ ဖန်တီးပေးထားရန်” ဆိုသည့် အချက်မှာလည်း လိုအပ်သည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အကောင်အထည်ဖော် ဖွင့်လှစ်ပေးလျက်ရှိသည့် လူထုအခြေပြုဗဟိုဌာန (Community Centre)များက အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် နေရာဌာနများပင် ဖြစ်သည်ဟု ရှုမြင်မိသည်။ ။

“လူထုအခြေပြုဗဟိုဌာနဆိုသည့်သဘောမှာ သက်ဆိုင်ရာဒေသအတွင်း နေထိုင်သည့်သူများ အချင်းချင်း တွေ့ဆုံ၍  ရပ်ရွာကိစ္စ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးတိုင်ပင်နိုင်ရန် ဖြစ်ပါကြောင်း၊ လူအများသာမဟုတ်ဘဲ တစ်ဦးချင်းအနေဖြင့်ပါ မိမိကိစ္စသာရေး၊ နာရေးအထိ ဆက်သွယ်ပြောဆို ဆောင်ရွက်နိုင်အောင် ရည်ရွယ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင်လည်း အဆိုပါ လူထုအခြေပြု ဗဟိုဌာနများ ဖွင့်လှစ်၍ ကိစ္စများ ဆောင်ရွက်ကြပါကြောင်း” ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ရာ လူထုအခြေပြုဗဟိုဌာနများ တည်ထောင်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အနက်အဓိပ္ပာယ်နှင့် ပြည်သူများအတွက်အသုံးဝင်ပုံတို့ ကိုသိမြင်နိုင်မည် ဖြစ်သည်။ လူထုအခြေပြုဗဟိုဌာနများသည် သာမန်ရုံးတစ်ရုံး မဟုတ်ဘဲ ပြည်သူအများ ဝင်ထွက်သွားလာအသုံးပြုနိုင်သည့်နေရာ၊ တိုင်းရေးပြည်ရေး၊ ရပ်ရေးရွာရေးတို့ကို တိုင်ပင် ဆွေးနွေးနိုင်သည့်နေရာ၊ သတင်းအချက်အလက်များ ဖလှယ်နိုင်သည့်နေရာ၊ အသိပညာဗဟုသုတများ ရှာမှီးနိုင်သည့်နေရာ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ယူလေ့ကျင့်နိုင်သည့်နေရာ၊ စကားဝိုင်းများ၊ ဆွေးနွေးပွဲများ၊သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ ကျင်းပသည့်နေရာဖြစ်ပြီး လူတစ်ဦးချင်းစီ၏ သာရေး နာရေး ကိစ္စများအထိပါ ဆက်သွယ်ပြောဆိုဆောင်ရွက်နိုင်သော ပြည်သူ့ဝန်ဆောင်မှုဌာနများဖြစ်ရာ ဒေသနေပြည်သူများ အကျိုးရှိရှိ ထိထိရောက် ရောက်သုံးစွဲနိုင်ရန်ကသာ အဓိကဖြစ်သည်။

လူထုအခြေပြုဗဟိုဌာနများသည် ကလေး၊ လူငယ်၊ လူကြီးအရွယ် သုံးပါးစလုံး အသုံးပြုနိုင်သည့် နေရာဖြစ်သည့်အတွက် အမှန်တကယ် သုံးစွဲတတ်သူတစ်ဦးအနေဖြင့်ဆိုလျှင် ကလေးအရွယ်မှစ၍ ဘဝတစ်သက်တာလုံး အသုံးပြုသွားနိုင်မည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရားမြင့်မားသည့် ပြည်သူများ၊ တစ်နည်းအားဖြင့်တန်ဖိုးမြင့်သည့် လူ့စွမ်းအားအရင်းအမြစ်များ ကြွယ်ဝရေးသည် အရေးပါသည့်အလျောက် လူထုအခြေပြုဗဟိုဌာနများက ရေခံမြေခံကောင်းများ ဖြစ်လာနိုင်သည်။ တစ်နည်းအားဖြင့် လူထုအခြေပြု ဗဟိုဌာနများ၏ ဝန်ဆောင်မှုများ ကောင်းမွန်သည်နှင့်အမျှ အများပြည်သူနှင့် အပြန်အလှန်ဆက်ဆံရေး သွက်လက်ကောင်းမွန်ကာ မိမိတို့မျှော် မှန်းသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးတွင် အဓိကအရေးပါသည့် ပြည်သူလူထု၏ တစ်ခဲနက်အင်အားကို ရယူနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။ ။

မြန်မာ့အလင်း