၃၀ ဇန်နဝါရီ
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီများဖွဲ့စည်းပြီး လက်တွေ့ဆောင်ရွက်မှုများမှာ ယခုအခါ ထင်သာမြင်သာရှိနေပြီဖြစ်သည်။ ထိုသို့အကောင်အထည်ဖော်မှုများအား နိုင်ငံတော်အပိုင်းမှ စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် တစ်ချိန်တည်းတွင် အကြံပြုချက်အပေါ် အကောင်အထည်ဖော်နိုင်မှုကို လေ့လာသည့်အဖွဲ့များ၊ ဒေသတွင်း နိုင်ငံများပါ ပိုမိုလေ့လာသိရှိနိုင်ပြီဖြစ်သည်။
ဤသည်မှာ ဖြစ်ပေါ်ခဲ့သောအခြေအနေအရပ်ရပ်အပေါ် အကောင်း မြင်စိတ်ထားဖြင့် စေတနာရှေ့ထား ဆောင်ရွက်ပေးခဲ့ခြင်းရလဒ်ဖြစ် သည်။ ဘာသာလူမျိုး မခွဲခြားဘဲ လူသားချင်းစာနာထောက်ထားမှုဖြင့် လက်တွေ့ကျကျ ဆောင်ရွက်ပေးနေမှုများကို အထင်အရှားမြင်တွေ့နေရ သည်။ ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက်နေ့က အာဆီယံ အရေးပေါ်တုံ့ပြန် ရေးနှင့် ဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ကလည်း ထောက်ပံ့ပေးထားသည့် လူသားချင်းစာနာမှုအကူအညီများ ဖြန့်ခွဲထားမှုကို သိရှိလေ့လာနိုင်ရန်နှင့် ထပ်မံလိုအပ်နိုင်သည့်အကူအညီများအတွက် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်ပေးနိုင်ရန် ရခိုင်ပြည်နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြားစခန်းတို့သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မိမိနိုင်ငံ၏အင်အားဖြင့် အဓိကအားထားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင် အကောင်းမြင်သည့် မိတ်ဆွေနိုင်ငံများ၏ ကူညီပံ့ပိုးမှုကိုလည်း ရရှိခဲ့သည်။ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း နေရပ်စွန့်ခွာခဲ့ကြသူများအတွက် လူသုံးကုန်ပစ္စည်းများကို လွှဲပြောင်းထောက်ပံ့ပေးအပ် ခဲ့သည်။ တစ်ဖက်တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်နေရာချထား ရပ်တည်နေထိုင်ရေးအတွက် နိုင်ငံတော်အစိုးရက လိုလေသေးမရှိ အဘက်ဘက်မှပြည့်စုံပြီး အသင့်ဖြစ်အောင် ဆောင်ရွက် ပေးထားသည်။ ယင်းအခြေအနေများသည် လူသားအချင်းချင်းအပေါ် အမှန်တကယ်စာနာထောက်ထားသည့် ပကတိအခြေအနေမှန်များဖြစ်သည်။
သို့သော် အနောက်အဖွဲ့အစည်းများကမူ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအရေးကို အကြောင်းပြုပြီး ပုံကြီးချဲ့၍ မမှန်မကန် စွပ်စွဲပြောဆိုမှုများ၊ ဖိအားပေးအကျပ်ကိုင်မှုများ ရှိနေဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက် ၈၈ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်နေမှုများမှ ဖြစ်ထွန်းလာ သော ရလဒ်များအပေါ် နားလည်သိရှိလက်ခံလာကြသည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်သည် ရေမြေသဘာဝကောင်းမွန်သည့် ပြည်နယ်ဖြစ်သည်။ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းသလို ရေသယံဇာတအရင်း အမြစ်များလည်း ပေါများကြွယ်ဝသည်။ ခြောက်သွေ့ရာသီတွင်ပင် စိမ်းလန်းစိုပြည်သော ဒေသဖြစ်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပေါများရာအရပ်ဖြစ်သည်။ သို့သော် နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သဖြင့် ဒေသခံပြည်သူများ အခက်အခဲများနှင့်ကြုံတွေ့ရပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသည်။
ယခုအခါ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်နေပြီး အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၊ အမျိုးသမီးများအတွက် အထည်ချုပ်စက်ရုံများတည်ထောင်၍ အလုပ်အကိုင်များ တိုးတက်လာစေမည့် အလားအလာကောင်းများရှိနေပြီဖြစ်သည်။ ထို့အပြင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် သံတွဲခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုများလည်း ရှိနေပြီဖြစ်သည်။ နေရပ်စွန့်ခွာသွားသူများအတွက် ပြန်လည်နေရာချထားရေး၊ အလုပ်အကိုင်ရရှိရေးကိုလည်း ဆောင်ရွက်ပေးနေပြီဖြစ်သည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက စေတနာမှန်ဖြင့် တစိုက်မတ်မတ် ဆောင်ရွက်ပေးနေခြင်း၏ အကျိုးရလဒ်များကို သိရှိလာကြပြီး ဖြစ်သည်။ မည်သူတို့က မည်သို့ပင် စေတနာမမှန်သော်လည်း မှန်ကန်သော လုပ်ဆောင်မှုဖြစ်သည့် အလုပ်နှင့် သက်သေပြမှုများမှာ လက်တွေ့အကောင်အထည်ပေါ်လာပြီဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် ဥပဒေဘောင်အတွင်းနေထိုင်ခြင်းဖြင့် ဖွံ့ဖြိုးမှုရလဒ်များကို ရယူခံစားနိုင်ကြရန်ဖြစ်ပါကြောင်း။ ။