၃၁  ဇန်နဝါရီ

 

ယခုနှစ်ဆောင်းရာသီသည် အလွန်အေးလှသည်။ ဆောင်းပီပီ အေးချမ်းလှပြီး အအေး ပေါ့သော အရပ်ဒေသများတွင်ပင် အအေးပိုလာသဖြင့်ယခုဆောင်းရာသီကို ကျေနပ်နှစ်သက် ကြမည်။ အမှန်တွင် ယခုဆောင်းရာသီမှာ ယခင်နှင့်မတူ အအေးပိုသည်မှာ လာနီညာ ရာသီ ဥတုဖြစ်စဉ် ပြောင်းလဲမှုကြောင့်သာဖြစ်သည်။ ယမန်နှစ်က အယ်နီညိုဖြစ်စဉ်ကြောင့် အလွန်ပူ လောင်ခဲ့သည်ကို ကြုံတွေ့ရပြီးဖြစ်မည်။ ယခု လာနီညာဖြစ်စဉ်ကြောင့် အအေးပိုလာခဲ့သည်။

 

ပြည်သူများအနေဖြင့် ရာသီဥတုဖြစ်စဉ် အေးအေးလေးတွင် ကျေနပ်နှစ်သက်နေရုံဖြင့် မပြီးချေ။ လာနီညာနှင့် အတူဖြစ်ပေါ်တတ်သည့်မုန်တိုင်းအန္တရာယ်ကိုလည်း အထူးသတိထား ရမည်ဖြစ်သည်။ ယခုလာနီညာ ဖြစ်ပေါ်လာသည်မှာ တစ်လ၊ နှစ်လခန့်သာ ရှိသေးသည်။ လာနီညာ၏ ကာလအပိုင်းအခြားမှာ ရှည်ကြာသဖြင့် ရာသီဥတုအပြောင်းအလဲ ဖြစ်ပေါ်တတ် သည်။ လာနီညာဖြစ်စဉ်သည် ရှစ်လမှတစ်နှစ်ခွဲအထိ ကြာမြင့်တတ်သည်ဟု သိရသည်။

 

ယခု လာနီညာဖြစ်စဉ်ကို သိရပြီ၊ လာနီညာဖြစ်စဉ်အပြောင်းအလဲတွင် မုန်တိုင်းဖြစ်စဉ် ပေါ်လာတတ်သည်ကို သတိထားရမည်ဖြစ်သည်။ လာနီညာဖြစ်စဉ်၏ အခြေတည်ရာသည် ပစိဖိတ်သမုဒ္ဒရာ၌ ဖြစ်သည်ဆိုသော်လည်း ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ် အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်နိုင်သောကြောင့် မြန်မာနိုင်ငံအတွင်း အကျိုးသက်ရောက်မှု ရှိလာနိုင်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပြန်ကြည့်မည်ဆိုလျှင် ၂၀ဝ၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်းအားကောင်းသည့် လာနီညာနှစ်များဖြစ်ခဲ့သည်။ အကျိုးဆက်အားဖြင့်၂၀ဝ၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှ မေလ ရက်နေ့အထိ အဖျက်စွမ်းအားကြီးမားသော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဖြစ်ခဲ့သည်။ ဆက်လက်၍၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၉ ရက်မှ ၂၃ ရက်အထိ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဂီရိဖြစ်ခဲ့သည်။

 

ထို့ကြောင့် ရာသီဥတုအေးအေးပြီးလျှင် မုန်တိုင်းကြမ်းကြမ်းကိုသတိပြုရမည်။ ယခုနှစ် အတွက် ထူးခြားချက်မှာ ရာသီဥတုအေးအေးတွင်ငလျင်ငယ်များ ခပ်စိပ်စိပ်လှုပ်ရှားသည်ကို တွေ့ရမည်။ ထို့ကြောင့်ပြည်သူများအနေဖြင့် သဘာဝဘေးအတွက် မမေ့လျော့မိစေရန် အရေးကြီးသည်။ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ် အော်တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းကို သတိပြုရ မည်ဖြစ်သည်။ ယင်းသည် ရာသီအခြေအနေအရ အားကောင်းသောမုန်တိုင်း ဖြစ်နိုင်သောကြောင့် ဖြစ်သည်။

 

ရာသီဥတုသဘာဝဖြစ်စဉ်သည် သူ့သဘောသူဆောင်နေခြင်းသာဖြစ်သည်။ အီကွေတာ အနီးရှိ အရှေ့ပစိဖိတ်သမုဒ္ဒရာအတွင်းမှ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် အနုတ် လက္ခဏာပြသောအခါ အလွန်အေးသည့် လာနီညာဖြစ်စဉ်ပေါ်လာသည်။ ထိုအချိန်တွင် ဆောင်းရာသီအကုန်နွေရာသီအကူး ပူပြင်းသည့်နေ့အပူရှိန်နှင့် အအေးဓာတ်တို့ ထိတွေ့သောအခါ ထကြွမှုများဖြစ်လာကာ မုန်တိုင်းဖြစ်စေသည့် လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်လာနိုင်ပေသည်။

 

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုတွင် အအေးပိုခြင်း၊ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် အထူးသတိထား ကြိုတင်ကာကွယ်ထား ကြရမည်ဖြစ်သည်။လာမည့် မိုးကြိုကာလ ဧပြီ၊ မေလနှင့် မိုးလွန်ကာလ အောက်တိုဘာ၊ နိုဝင်ဘာလများမှာ အထူးသတိထားရမည့် လများဖြစ်သည်ဟု ခန့်မှန်းထားသည်။ အအေးပြီးလျှင် မိုးနှင့် လေပြင်းဖြစ်၍ ပြည်သူများအတွက်ကျန်းမာရေးသာမက ထိခိုက်ပျက်စီး နိုင်သည့် အခြေအနေများကိုကြိုတင်တွက်ဆပြီး ကာကွယ်ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ရာသီဥတုဖြစ်စဉ် ပြောင်းလဲမှုနှင့်ပတ်သက်သည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စဉ်ဆက်မပြတ် သတင်းထုတ်ပြန်ပေးနေမှုများကို သိရှိမှတ်သားထားရမည်ဖြစ်သည်။ နိုင်ငံတော်ကဆောင်ရွက်ပေးသော သဘာဝဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးမှုများနှင့် သဘာဝဘေးကျရောက်တတ်သည့် ဒေသများအတွက် စီစဉ်ပေးမှုများအား ပြည်သူလူထုအနေဖြင့် လိုက်လျောညီထွေရှိစွာဖြင့် ပြုမူနေထိုင် ပါဝင်ဆောင်ရွက်ရေးအတွက် အလေးထားသင့်ပါကြောင်း။

 

ကြေးမုံ