ဖေဖော်ဝါရီ   

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်း တစ်ရာကျော်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ပြည်ထောင်စုနိုင်ငံ ဖြစ်သည်ကို ကမ္ဘာ့နိုင်ငံများအားလုံး သိရှိထားကြပြီးဖြစ်သည်။ နှစ်ပေါင်းထောင်ချီရှည်လျားစွာ ဖြတ်သန်းခဲ့သည့် ထိုပြည်ထောင်စုကြီးသည် မည်သည့်အခါကမျှ ယုတ်လျော့သွားသည်မရှိ၊ အချို့ကာလများတွင် ယခုလက်ရှိ ပြည်ထောင်စုကြီးထက်ပင် ပိုမိုကြီးမားကျယ်ပြန့်သည်ကို တွေ့ရပါသည်။

 

 

ပြည်ထောင်စုကြီး ကြီးမားကျယ်ပြန့်ခြင်းသည် ခံ့ညားထည်ဝါမှုနှင့်အတူ ဒေသပတ်ဝန်းကျင်တွင် ဂုဏ်ရှိန်မြင့်မား မော်ကြွားနိုင်ခဲ့ပါသည်။ ပြည်ထောင်စုကြီး မြင့်မားထည်ဝါခြင်းသည် စည်းလုံးညီညွတ်ခြင်း၏ အရင်းခံ အကြောင်းပင်ဖြစ်သည်။ လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၂၆၁၂၂၈ မိုင်ကျယ်ဝန်းပြီး ရှေးရှေးကာလက ထို့ထက်မက ကျယ်ဝန်းသည်။ တရုတ်၊ လာအို၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံများနှင့် ထိစပ်နေသည်။ အတိတ်သမိုင်းကြောင်းကာလ မြန်မာနိုင်ငံ၏ စုစည်းညီညွတ်မှုနှင့် အင်အားတောင့်တင်း ခိုင်မာမှုကို အိမ်နီးချင်းအဆိုပါနိုင်ငံများ အသိဆုံးဖြစ်သည်။

 

ရှေးဦးကာလက မြန်မာနိုင်ငံ၏လူဦးရေမှာ သန်းခုဂဏန်းသာ ရှိသည်။ နိုင်ငံမှာ ကျယ်ဝန်းပြီး လူဦးရေအနည်းငယ်မျှနှင့် အိမ်နီးချင်းနိုင်ငံများကို ကျော်လွှားနိုင်သည်မှာ ပြည်ထောင်စုကြီးအတွင်း နေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ စည်းလုံးညီညွတ်မှုနှင့် ရဲစွမ်းသတ္တိမြင့်မားမှုကြောင့် ဖြစ်သည်။ သမိုင်းကြောင်း တစ်လျှောက်တွင် ပြည်ထောင်စုသား အချင်းချင်း အခန့်မသင့်မှုကြောင့် ပဋိပက္ခဖြစ်ပွားမှု အချို့ရှိခဲ့သော်လည်း ပြည်ထောင်စုကြီးကိုမူ ညီညီညွတ်ညွတ် လက်တွဲပူးပေါင်း ကာကွယ်စောင့်ရှောက်ခဲ့ကြသည့် အစဉ်အလာကောင်းများ ရှိခဲ့သည်။ ကိုယ့်ထီးကိုယ့်နန်းနှင့် ပြည်ထောင်စုကြီးအတွင်း လွတ်လပ်စွာနေထိုင်ခဲ့ကြသည်။ အချင်းချင်း အင်အားပြိုင်မှုမှအပ မည်သည့်တိုင်းတစ်ပါး ကျူးကျော်မှုကိုမျှ လက်မခံခဲ့ကြချေ။ ဤသည်မှာ တိုင်းရင်းသားလူမျိုး ကွဲပြားသော်လည်း ပြည်ထောင်စုကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်အမှန်ပင်ဖြစ်သည်။

 

၁၉ ရာစုနှစ်ဦးသို့ ရောက်သည့်အခါ ကံမကောင်း အကြောင်းမလှ၍ လည်းကောင်း၊ စည်းလုံးညီညွတ်မှု လျော့နည်း၍ လည်းကောင်း တိုင်းတစ်ပါးနယ်ချဲ့ကျူးကျော်မှု သုံးကြိမ်ပြုလုပ်ပြီးနောက် ပြည်ထောင်စုကြီးတစ်ခုလုံး လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။ မြန်မာနိုင်ငံသား ပြည်ထောင်စုဖွားတို့သည် တိုင်းတစ်ပါးလူမျိုးခြား လက်အောက်သို့ ကျရောက်ခဲ့ရသည်ကို အနည်းငယ်မျှ လိုလားခြင်းမရှိခဲ့ကြချေ။ အရှည်ဖြစ်တည်ခဲ့သော ပြည်ထောင်စုကြီး ပြန်လည်လွတ်မြောက်ရေးအတွက် တိုင်းရင်းသားအားလုံး အတူပူးပေါင်းလက်တွဲ၍ ကျူးကျော်သူနယ်ချဲ့တို့ကို ညီညီညွတ်ညွတ် တွန်းလှန်ခဲ့ကြရာ လုံးဝလွတ်လပ်သော နိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

 

မြန်မာနိုင်ငံ၏ ရှည်လျားသောသမိုင်းကြောင်းတွင် တိုင်းရင်းသားပြည်သူ အားလုံးတို့သည် ညီညွတ်ခဲ့ကြသည်။ ပြည်ထောင်စုကြီးကို ချစ်မြတ်နိုးခဲ့ကြသည်။ မည်သည့်အခါမျှ ပြည်ထောင်စုကြီး၏ အစိတ်အပိုင်း တစ်ခုခု ပဲ့ထွက်သွားမည်ကို လက်မခံခဲ့ကြချေ။ တို့ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးကို ယနေ့ထက်တိုင် စွဲမြဲခိုင်မာစွာ လက်ခံထားဆဲဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်တွင် အကြောင်းအမျိုးမျိုးတို့ကြောင့် ပြည်ထောင်စုသားအချင်းချင်း သွေးကွဲခဲ့ကြသည်။ သွေးကွဲခဲ့ရသည့် သွေးခွဲမှု အကြောင်းရင်းခံများလည်း ရှိသည်။ ပြည်ထောင်စုသား အားလုံးမှာမူ မည်သည့်နည်းနှင့်မျှ သွေးကွဲလိုခြင်း မရှိကြချေ။ သွေးကွဲလျှင် ပြည်ထောင်စုကြီး ယိုင်ယဲ့ချည့်နဲ့ သွားနိုင်ပေသည်။ ပြည်ထောင်စုကြီးယိုင်နဲ့လျှင် တိုင်းတစ်ပါး စွက်ဖက်မှုများရှိလာမည်။ မျက်မှောက်ကာလ ပြည်ထောင်စု၏ အနေအထားကို သတိထားရှုမြင်ကြရမည်။

 

မိမိတို့ ပြည်ထောင်စုသား ဘိုးဘွားဘီဘင်များ ပြည်ထောင်စုကြီး အရှည်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းအားထုတ် ခဲ့ကြသည်များကို မမေ့မလျော့ဘဲ လက်ဆင့်ကမ်း အမွေထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သည်။ စည်းလုံးညီညွတ်ခြင်းသည် အောင်မြင်ခြင်းနှင့် တည်တံ့ခိုင်မြဲခြင်းဖြစ်၍ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်။ မတူကွဲပြားပြီး သဘောထားကွဲလွဲမှုကြောင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်ပြီး အေးချမ်းသာယာဝပြော၍ တစည်းတလုံးတည်း ဖြစ်ထွန်းနေသည့် ပြည်ထောင်စုကြီး ဖြစ်တည်လာအောင် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်အတူ လက်တွဲပါဝင် ဆောင်ရွက်ကြရန် လေးစားစွာဖြင့် အလေးအနက် တိုက်တွန်းအပ်ပါသည်။

 

(ကြေးမုံ - အယ်ဒီတာ့အာဘော်)