လူအများဆုံး ထိတွေ့ဆက်ဆံနိုင်သော ကြားခံပစ္စည်းမှာ လူမှုကွန်ရက် ဟုခေါ်သော ဆိုရှယ်မီဒီယာ ဖြစ်သည်။ ဆိုရှယ်မီဒီယာတွင် ခရီးအရောက် ဆုံး၊လူအများဆုံးအသုံးပြုနေသော ကြားခံပစ္စည်း တစ်ခု မှာ Facebook ဖြစ်သည်။ သတင်းအချက်အလက်ရှာဖွေရေး၊ မိတ်ဆွေအချင်းချင်း ဆက်ဆံရေး၊အသိပညာဖလှယ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည့် နယ်ပယ်အားလုံးကို Facebook မှတစ်ဆင့်အသုံးပြုလျှင် လွယ်ကူမြန် ဆန် ထိရောက်အောင်မြင်သည်။
Facebook သည် မြန်မာတို့၏လူမှုဘဝနယ်ပယ်တွင် နေရာယူလာသည်မှာ အချိန်ကာလအားဖြင့် မကြာမြင့်သေးသော်လည်း ယခုအခါ လူငယ် လူရွယ်၊ လူကြီး အသက်အရွယ်မရွေး နေ့စဉ်အသုံးပြု လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် သည် Facebook ကိုအသုံးပြုနေပြီး လူဦးရေသန်း ၂၀ ကျော် နေ့စဉ် အသုံး ပြုလျက်ရှိသည်။ Facebook သည် လူမှုကွန်ရက်တွင် မျှဝေပေး ခြင်း သာမက လူမှုဘဝနယ်ပယ်တွင် အောင်မြင်မှု၊ ကျော်ကျော် ကြားမှု များကိုပါ ဖန်တီးပေးနိုင်ပေသည်။
လောကတွင် အကောင်းနှင့် အဆိုးတို့သည် အမြဲဒွန်တွဲနေသည်ဖြစ်၍လူ အချင်းချင်း ဆက်ဆံခြင်း၊ မျှဝေခြင်းမှ လူအချင်းချင်းလှည့်ဖြားခြင်း၊ ဖျက်ဆီးခြင်း၊ မုန်းတီးခြင်း၊ တိုက်ခိုက်ခြင်းတို့ ပါဝင်လာ တတ်သည်ကို သတိ မူရမည်ဖြစ်သည်။ ဆိုရှယ်သည် လူမှုရေးအရဆက်ဆံခြင်းအပြင် လူမှုလောက အောင်မြင်ခြင်းနှင့် စီးပွားရေးအရအသုံးချခြင်းတို့ကိုပါ အသုံးပြုလာနိုင်သဖြင့် ကောင်းကျိုးများကို ဆောင်ကြဉ်းနိုင်သည့်ကြားခံ ပစ္စည်းအဖြစ်အသိအမှတ်ပြုရမည်ဖြစ်သည်။
လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အသိအမြင်များ၊ ဗဟုသုတရစရာ များ၊ အတွေးအမြင်များ၊ ဖျော်ဖြေ မှုများ၊ ရယ်မောစရာများ၊ ပျော်ရွှင်စရာ များ၊မိမိတို့၏ ဆောင်ရွက်ချက်များ၊ အားထုတ် မှုများကို ကျယ်ကျယ် ပြန့်ပြန့်အသိပေးနိုင်သည့်အပြင် လူတိုင်းနီးပါး အသုံးပြုနိုင်သော ပစ္စည်းဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ပင်ကိုစွမ်းပကားနှင့် အရည်အသွေး များကို လွတ်လပ်စွာ ထုတ်ဖော် ပြသခွင့်ရှိသော နေရာတစ်ခုဖြစ်၍ အများသူငါတို့ ထိရောက်စွာအသုံးချနိုင်သလို လေ့လာသူတို့ အနေဖြင့်လည်း အကျိုးရှိစွာရယူသင့်သည်။
သို့သော် လူမှုကွန်ရက်ကို လူတန်းစားမရွေး အသုံးချနိုင်သောကြောင့်မျှဝေအသိပေးသော အကြောင်း အရာများကို မှန်၊ မမှန်၊ အကျိုးရှိ၊ မရှိ ခွဲခြားဆင်ခြင်နိုင်စွမ်းလည်း ရှိရမည်ဖြစ်သည်။ အလွန်ကျယ် ပြန့်သော နယ်ပယ်ကြီးတွင် လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတတ်သဖြင့် အပြုသဘောဆောင် အကောင်းမြင်သူများရှိသလို အဆိုးမြင် ဝေဖန်တိုက်ခိုက်သူများလည်းရှိမည်။ မမှန်မကန် လုပ်ကြံ ဖန်တီး သူများလည်းရှိမည်။ လူပုဂ္ဂိုလ်ကိုသော်လည်းကောင်း၊ အဖွဲ့အစည်းကိုသော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိ ထိခိုက်နစ်နာအောင် တိုက်ခိုက်သူများလည်းရှိမည်။
လူမှုကွန်ရက်ကို အသုံးပြုရာ၌ အများပြည်သူ၏ လုံခြုံမှုကို ထိခိုက်နိုင်သည်ဟု ယူဆရသော အကြောင်းအရာများ၊ လူမှုရေး၊ ကျန်းမာရေးကိုထိခိုက်စေသော အကြောင်းအရာများ ၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အပေါ် နိုင်ထက်စီးနင်းတိုက်ခိုက်ခြင်းများ၊ လူမျိုး၊ ဘာသာ၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာ စေမှုများ၊ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်ခွင့်များ၊ စာရိတ္တပျက်ပြားစေမှုများ၊ ထိန်းချုပ်ကုန်ပစ္စည်းများ၊ လွတ်လပ်မှုနှင့်ကိုယ်ရေးဆိုင်ရာ အချက်အလက် ထိခိုက်မှုများ၊ ရိုင်းပျမှုများ စသည်တို့ကို မပြုလုပ် မိစေရန် သတိထားရမည် ဖြစ်သည်။
သို့ဖြစ်ရာ ပြောင်းလဲတိုးတက်လာသော နည်းပညာခေတ်ကာလနှင့် အညီ လူမှုကွန်ရက်စာမျက်နှာ များသည် အများပြည်သူတို့အား ကောင်းကျိုးအမျိုးမျိုးတို့ကို ဆောင်ကြဉ်းပေးနေသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် သတိတရားနှင့် ဆင်ခြင်ဉာဏ်ထားကာ ဆောင်ရန်၊ ရှောင်ရန်နှင့် လက်ခံရန် လက်မခံရန်တို့ကို လူမှုကွန်ရက်ကို အသုံးပြုသူတိုင်း အလေးအနက်ထားသင့်ပါသည်။ ကြေးမုံ