ဖေဖော်ဝါရီ 

 

မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် နိုင်ငံဖြစ်သည်။ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံ၊ ပြည်ထောင်စုနိုင်ငံလည်းဖြစ်သည်။ မိမိတို့နိုင်ငံသည် ပထဝီအနေအထားအရ တောင်အာရှ ဒေသနှင့် အရှေ့တောင် အာရှဒေသနှစ်ခုတို့အကြား ပေါင်းကူးသဖွယ်တည်ရှိနေပြီး အင်အားကြီးနိုင်ငံကြီး နှစ်ခုနှင့်လည်း တစ်ဖက်တစ်ချက်တွင် ထိစပ်လျက်ရှိသည်။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပြီး အနာဂတ်တွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက် သွားရန်မျှော်မှန်းထားကြပြီး ဖြစ်သည်။

 

 

မိမိတို့နိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများတွင်လည်း ပြည်ထောင်စုစနစ်ကို မကျင့်သုံးကြစေကာမူ စင်စစ်အားဖြင့် လူမျိုးတစ်မျိုး တည်းသာ နေထိုင်ကြခြင်းမဟုတ်ဘဲ တိုင်းရင်းသားလူမျိုးများစွာတို့ အတူတကွ နေထိုင်ကြခြင်းဖြစ်သည်ကို တွေ့မြင်နိုင် သည်။ ပတ်ဝန်းကျင် နိုင်ငံများရှိ အချို့တိုင်းရင်းသားလူမျိုးများဆိုလျှင် မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးများနှင့်အတူတူပင် ဖြစ်ကြသည်ကို တွေ့ရသည်။ အတူတူဟုဆိုရာတွင် ဓလေ့ထုံးစံ၊ ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှု၊ အယူဝါဒ စသည်ဖြင့် လူမျိုးတစ်မျိုး၏ အမှတ်လက္ခဏာတို့ တူညီကြခြင်းကိုဆိုခြင်းဖြစ်သည်။

 

 

ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ တောင်အာရှနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများအကြားတွင် မိမိတို့နိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် နှစ်ပေါင်းထောင်ချီ ရပ်တည်နိုင်ခဲ့သည်မှာ မိမိတို့ ဘိုးဘွားများ၏ စွမ်းရည်သတ္တိများနှင့် စည်းလုံးညီညွတ်မှုများကြောင့်ပင် ဖြစ်သည်။ ရှေးပဝေသဏီကာလ မြေရှင် ပဒေသရာဇ်ခေတ်တွင် ခေတ်စနစ်၏ ပြဋ္ဌာန်းချက်များအတိုင်း နေထိုင်ခဲ့ကြစဉ်ကလည်း စည်းလုံးညီညွတ်ခဲ့ကြသည့် အလျောက် ပတ်ဝန်းကျင်နိုင်ငံများက လေးစားခန့်ညားခဲ့ကြရသည်ကို သမိုင်းမှတ်တမ်းများ၌ တွေ့ရှိနိုင်မည် ဖြစ်သည်။ ဗဟိုအုပ်ချုပ်ရေးတွင် စည်းလုံးညီညွတ်မှု ပြိုကွဲခြင်း၊ ကမ္ဘာ၏ ပြောင်းလဲလာသည့် မျက်မှောက်အခြေအနေကို မှန်ကန်စွာ ရှုမြင်နိုင်မှု မရှိခြင်းတို့အပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အဘက်ဘက်မှ နိမ့်ကျမှုများကြောင့် နယ်ချဲ့၏ ပရိယာယ်အောက်တွင် လက်မြှောက်အရှုံးပေးခဲ့ရပြီး လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်မှာအတိတ်သမိုင်း၏ သင်ခန်းစာတစ်ခုပင် ဖြစ်သည်။

 

 

စင်စစ် အတိတ်သမိုင်းကို သင်ခန်းစာယူခြင်းသည် အနာဂတ်နိုင်ငံတော်ကို ကောင်းစွာတည်ဆောက်နိုင်ရန်အတွက် ဖြစ်သည်။ ပစ္စုပ္ပန်ကာလ မိမိတို့နိုင်ငံ၏ အဓိက လိုအပ်ချက်မှာ စည်းလုံးညီညွတ်မှု ဖြစ်သကဲ့သို့ အနာဂတ်ကာလအတွက် ထာဝရလိုအပ်ချက်မှာလည်း စည်းလုံးညီညွတ်မှုပင် ဖြစ်သည်။ စည်းလုံးညီညွတ်မှုသည် ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံ ဖြစ်သော မိမိတို့နိုင်ငံအတွက်အသက်ဟု ဆိုရမည်ဖြစ်ပြီး သွေးထိုးမှု၊ သွေးခွဲမှုစသည်ဖြင့် ပြည်တွင်းမှရော ပြည်ပမှပါ အမှောင့်ပယောဂများစွာဖြင့် အားထုတ်နေမှုများက စည်းလုံးညီညွတ်မှုကို ပြိုကွဲစေပြီး နိုင်ငံကိုအသက်အ္တရာယ်ကျရောက်အောင် ပြုလုပ်နေကြခြင်းဖြစ်သည့်အလျောက် ပြည်ထောင်စုသားအားလုံးက လက်တွဲမဖြုတ်စတမ်း သွေးစည်း ညီညွတ်စွာ ကာကွယ်စောင့်ရှောက် သွားကြရမည် ဖြစ်သည်။

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး က္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးတို့အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ သံသယကင်းစင်သော၊ ရင်းနှီးချစ်ခင်သော နှလုံးသားများမှထွက်ပေါ်လာသော ထာဝရစည်းလုံးညီညွတ်မှု အင်အားဖြင့်သာ တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း။  

 

(မြန်မာ့အလင်း - အယ်ဒီတာ့အာဘော်)