နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သည့် အဓိကအဖွဲ့အစည်းသည် တပ်မတော်ဖြစ်သည်။ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်သောအဖွဲ့ အစည်းသည် ရဲတပ်ဖွဲ့ဖြစ်သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ကို ပြည်သူလူထုကြားတွင် လှုပ်ရှား၍ ပြည်သူလူထု ယုံကြည်ကိုးစားအားထားရသော အဖွဲ့အစည်းဖြစ်အောင် အစဉ်အမြဲ ကျင့်ကြံအားထုတ် လုပ်ကိုင်လျက်ရှိသည်။

 

ရဲတပ်ဖွဲ့နှင့်ပတ်သက်၍ နိုင်ငံတကာမှ စံပြရဲတပ်ဖွဲ့တစ်ခုမှာ ဗြိတိန် ရဲတပ်ဖွဲ့ ဖြစ်သည်။ အင်္ဂလိပ်လူမျိုး အများစုက ရဲတပ်ဖွဲ့ကို ယုံကြည်အားထားကြသည်။ ဗြိတိန်ရဲတပ်ဖွဲ့၏ကြိုးပမ်းအားထုတ်မှုကြောင့် ရာဇဝတ်မှုများ လျော့ကျခဲ့သည်။ ရာဇဝတ်မှုများ လျော့ကျသွားခြင်းမှာ ရဲတပ်ဖွဲ့က လူဆိုး သူဆိုးတို့ကို အပြင်းအထန် ကွပ်ညှပ်သောကြောင့်မဟုတ်။ ရာဇဝတ်မှု မဖြစ်ပွားအောင် တားဆီးနိုင်သောကြောင့် ဖြစ်သည်။ ဤရည်ရွယ်ချက် အထမြောက်ရန် ပြည်သူလူထု၏ ယုံကြည်မှုကို တည်ဆောက်ခဲ့ကြသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလွတ်လပ်ရေးရပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲ မှုများပြုလုပ်လာခဲ့ရာ ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ ရဲတပ်ဖွဲ့ဖြစ်လာပြီးနောက် ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံရဲ့ တပ်ဖွဲ့၏ ဆောင်ပုဒ်မှာ "သစ္စာ၊ သမာဓိ ၊ သတ္တိ " ဖြစ်သည်။ သစ္စာဆိုသည်မှာ အမှန်တရား၊ မှန်ကန်သောစကား၊ နိုင်ငံနှင့် လူမျိုးအပေါ်တွင် စောင့်သိရိုသေမှု ဖြစ်သည်။ သမာဓိဆိုသည်မှာ စိတ်တည်ကြည်ခြင်း၊ တည်ကြည်ဖြောင့်မတ်ခြင်း ဖြစ်သည် ။ သတ္တိမှာ စွမ်းရည်ရှိခြင်း၊ ရဲရင့်ခြင်းဖြစ်သည် ။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ရည်ရွယ်ချက်ကောင်းမွန်သော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းမည့် ရဲတပ်ဖွဲ့ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ယုံကြည်သည်။ ဆောင်ပုဒ်ကို ဦးထိပ်ပန်ဆင်ပြီး ကျင့်ကြံအားထုတ်ခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု ပိုမိုရရှိလာမည်ဖြစ်သည်။

 

ယနေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဝန်နှင့်အားမမျှ နိုင်ငံတကာ ရဲတပ်ဖွဲ့ကဲ့သို့လည်း နည်းပညာနှင့် အထောက်အပံ့ မရသော်လည်း မွန်မြတ်သော အစဉ်အလာကောင်းများနှင့် နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဦးလည်မသုန် ကြိုးပမ်းလျက်ရှိသည်။

 

ခေတ်အဆက်ဆက်တွင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ဟူသည့် ရည်မှန်းချက်တာဝန် (၄)ရပ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် ကာလတွင် ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့် နက်ရှိုင်းလာသဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ပိုမိုရရှိအောင် ကြိုးပမ်းအားထုတ်ကြရာ၌ ပြည်သူအတွက် သက်စွန့်ကြိုးပမ်းခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား အသိအမှတ်ပြုရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် ကြုံတွေ့နေရသည့် အကြမ်းဖက်မှု အပါအဝင် မျိုးစုံသောမှုခင်းများ များပြားခြင်း၊ နည်းပါးခြင်း၏ အကြောင်းတရားသည် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် လူမှုရေးပြဿနာ၊ ပညာရည် နိမ့်ကျမှုပြဿနာ၊ စီးပွားရေး ဆိုင်ရာပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာများနှင့် ဆက်နွယ်နေပြီး တည်ဆဲဥပဒေနှင့် တရားစီရင်ရေးအပေါ်တွင် မှီခိုအားထား ခြင်းဖြင့် မလုံလောက်တော့ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ လူထုလူတန်းစား အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်နေရသည်။

 

မည်သို့ပင်ဖြစ်စေ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာတွင် မှုခင်းကြိုတင် ကာကွယ်တားဆီး ရေးသည် ပြည်သူများအတွက် အဓိကလိုအပ်ချက်ဖြစ်၍ မြန်မာနိုင်ငံ၌ အမျိုးသားအဆင့် မှုခင်းကြိုတင် ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာကိုရေး ဆွဲပြဋ္ဌာန်း၍ ပြည်သူလူထု ယုံကြည်ကိုးစား အားထားရသော ရဲတပ်ဖွဲ့ဖြစ်အောင်၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးသော ရဲတပ်ဖွဲ့ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နိုင် လိမ့်မည်ဟု ယုံကြည်ပါကြောင်း။       ။