နေပြည်တော် ဖေဖေါ်ဝါရီ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် လွှတ်တော် () နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း၌ သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီမိုကရေစီနိုင်ငံနှင့် လွှတ်တော်၏ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့သည်။ လွှတ်တော်သည် နိုင်ငံအတွက် အဓိကကျသည့် မဏ္ဍိုင်ကြီးသုံးရပ်တွင် ဥပဒေပြုရေး လုပ်ငန်းများကို ဆောင်ရွက်ရသော မဏ္ဍိုင်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများတွင် လွှတ်တော်သည် ပထမဆုံးဖြစ်သော အခြေခံအုတ်မြစ်ဖြစ်ပြီး လွှတ်တော်မှတစ်ဆင့် အုပ်ချုပ်ရေးမဏ္ဍိုင် အစိုးရတစ်ရပ် ပေါ်ပေါက်လာသည်။

 

 

နိုင်ငံတစ်နိုင်ငံ ဖြစ်ထွန်းရေး၊ တိုးတက်ရေး၊ ခိုင်မာရေး၊ အင်အားရှိရေးသည် နိုင်ငံတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များပေါ်တွင် မူတည်သည်။ နိုင်ငံတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးသည် တရားဥပဒေစိုးမိုးရေး ရှိမှသာ ရေရှည်တည်တံ့ ခိုင်မြဲနိုင်မည်ဖြစ်သည်။ ထို့ကြောင့်တရားဥပဒေ စိုးမိုးရေးသည် နိုင်ငံအတွက် အလွန်အရေးကြီးသော လုပ်ငန်းဖြစ်သည်။

 

 

တရားဥပဒေစိုးမိုးရေးသည် ဥပဒေ၏စိုးမိုးရေးပင် ဖြစ်သည်။ ထိုဥပဒေကို တရားသည့် ဥပဒေဖြစ်အောင် လွှတ်တော်မှနေ၍ ဥပဒေပြုကြရသည်။ တရားမျှတမှလည်း နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကတရားဥပဒေ စိုးမိုးရေးဆိုတာ အင်မတန်မှ ကျွန်မတို့အတွက် ကောင်းတဲ့ လက္ခဏာလို့ ထင်ပါတယ်၊ တရားတဲ့ ဥပဒေတွေဖြစ်ရမယ်၊ တရားဥပဒေဆိုတာ တကယ်တော့ လူတွေကနေပြီး ပြုတဲ့အရာပဲ။ အဲဒီတော့ လူတွေကနေ ပြုတဲ့အရာဆိုတော့ အမြဲပဲမှန်ကန်တယ်၊ တိကျတယ်၊ ကောင်းမွန်တယ်လို့  ပြာလို့မရဘူး၊ သို့သော်လည်း ဥပဒေဆိုတာကတော့ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်ရေးအတွက်၊ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေးအတွက် လိုအပ်တဲ့အရာ ဖြစ်တဲ့အခါကျတော့ ဥပဒေတွေပြုကြပါတယ်၊ ဒီဥပဒေတွေဟာ တရားမှလည်း နိုင်ငံအတွက်၊ ပြည်သူ ပြည်သားတွေအတွက် တန်ဖိုးရှိမှာပါဟု ရှင်းလင်းပြောကြားခဲ့သည်။

 

 

လွှတ်တော်အတွင်းသို့ ရောက်ရှိနေကြသော လွှတ်တော်ကိုယ်စားလှယ် အားလုံးသည် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ထမ်းရွက်ကြရမည့် ပြည်သူက တိုက်ရိုက်ရွေးချယ်ထားသူများနှင့် သွယ်ဝိုက်ရွေးချယ်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်သည့် ၂၀၁၁ ခုနှစ် ပထမအကြိမ် လွှတ်တော် စတင်ကျင်းပပြီးနောက် အရပ်သားပြည်သူ့ ကိုယ်စားလှယ်များ အနေဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှစတင်၍ လွှတ်တော်အတွင်းသို့ ရောက်ရှိလာခဲ့သည်။

 

 

လွှတ်တော်အတွင်းသို့ ရောက်ရှိသောအခါ ဥပဒေပြုခြင်း၏ တန်ဖိုး၊ ဥပဒေပြုခြင်း၏ ခက်ခဲနက်နဲမှု၊ သိမ်မွေ့မှု၊ စိန်ခေါ်မှုများစွာတို့ကို လေ့လာသိရှိခွင့် ရခဲ့သည်။ လွှတ်တော်သည် ပြည်သူလူထုမှတစ်ဆင့် နိုင်ငံနှင့် ပြည်သူလူထု အကျိုးအတွက် ကောင်းမွန်သည့် ဥပဒေများကို ဖော်ဆောင်ရာ အဆောက်အအုံဖြစ်သည်။ ထို့ကြောင့် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံအတွက် အားကိုးအားထားပြုရာဖြစ်သည်။

 

 

လွှတ်တော် ကိုယ်စားလှယ်များနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုင်ငံရဲ့သုခမိန်ကြီး တစ်ယောက်ပြောသလို နိုင်ငံရေး လုပ်စားတဲ့လူတွေဟာ နောက်ရွေးကောက်ပွဲအတွက်ပဲ စဉ်းစားတယ်၊ နိုင်ငံအရေးကို လုပ်တဲ့သူတွေက နောက်မျိုးဆက်အတွက် စဉ်းစားတယ်ဆိုတာ အဲ့ဒီဟာတော့ လွှတ်တော် ကိုယ်စားလှယ်တိုင်း၊ ကိုယ်စားလှယ်တိုင်း အားလုံးစွဲစွဲမြဲမြဲ နှလုံးသွင်းစေချင်ပါတယ်ဟု သတိပေးပြောကြားခဲ့သည်။

 

 

လွှတ်တော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံ၏ မဏ္ဍိုင်ကြီးသုံးရပ် ကောင်းမွန်ချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် အထောက်အပံ့ ကောင်းများပေးရာ အဆောက်အအုံ ဖြစ်သည်။ အမြင်မတူ သဘောကွဲလွဲမှုများသည် ဒီမိုကရေစီ၏ အနှစ်သာရများဖြစ်၍ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မိတ်ဆွေသဖွယ်၊ ရဲဘော်ရဲဘက်သဖွယ် သဘောထားကာ နိုင်ငံအကျိုး၊ နောင်မျိုးဆက်များ၏ အကျိုးကို ထိထိရောက်ရောက် သယ်ပိုးထမ်းဆောင်နိုင်ကြမည်ဟု ယုံကြည်ပါသည်။

 

ကြေးမုံ