၁၃  အောက်တိုဘာ

ဆီးရီးယားမှာရှိတဲ့ ကာ့ဒ်ပြည်သူ့စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်မယ်လို့ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်က ကတိပေးပြောကြားပြီးတဲ့နောက် အောက်တိုဘာ ၁၁ ရက်မှာ တိုက်ပွဲတွေ အရှိန်ကောင်းကောင်းနဲ့ ဆက်ဖြစ်နေပါတယ်။ တူရကီဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုအသစ်တွေ ပြုလုပ်မယ်ဆိုတဲ့ သတိပေးချက်ကိုတောင် ဂရုမစိုက်တော့သလို တခြားနိုင်ငံတွေရဲ့ ခြိမ်းခြောက် သတိပေးမှုတွေကိုလည်း လျစ်လျူရှုထားပါတယ်။

ပိတ်ဆို့မှုတွေလုပ်မယ်

ဒီရက်အတောအတွင်း နယ်စပ်ဒေသမှာ တပ်ဖြန့်ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်မယ်ဆိုတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အမိန့်ဟာ တူရကီရဲ့ ကျူးကျော်ထိုးစစ်ဆင်တိုက်ခိုက်မှုကို အစပျိုးပေးလိုက် သလိုဖြစ်ခဲ့တယ်လို့ ယာယီစစ်ပြေငြိမ်းမှုအတွက် ကြိုးစားနေတဲ့ အမေရိကန်တာဝန်ရှိသူအချို့က ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက ယာယီစစ်ပြေငြိမ်းမှုကို အကောင်အထည်ဖော်နေတဲ့အချိန်မှာ တူရကီအနေနဲ့ သူ့ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်နားဖို့တောင်းဆိုလိုက်ပါတယ်။ ပြောသလို မလုပ်ဘူးဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရမယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမယ့်လည်း အာဒိုဂန်ကတော့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို လုံး၀ရပ်နားမှာမဟုတ်ဘူးလို့ အတိအလင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

တူရကီကလည်း ရှေ့တိုးမယ်။ ကုလသမဂ္ဂကလည်း အကယ်၍ တူရကီသာရှေ့တိုးပြီး ထိုးစစ်ဆင်တိုက်ခိုက် မယ်ဆိုရင် ပြည်သူတစ်သိန်းကျော် ရွှေ့ပြောင်းမှုတွေလုပ်ရမယ်လို့ ပြောနေပါတယ်။ အဲဒီလိုအခြေအနေတွေ အပေါ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မန်နျူချင်က ဘာပြောလဲဆိုတော့ အန်ကာရာအပေါ် အလွန်ပြင်းထန်ထိရောက်တဲ့ ပိတ်ဆို့မှုအသစ်တွေပြုလုပ်ဖို့ အမေရိကန် သမ္မတထရမ့်က ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

မိမိတို့ အဲဒီလိုတွေလုပ်ဖို့ မမျှော်လင့်ပါဘူး။ ဒါပေမယ့်လည်း အကယ်၍ လိုအပ်လာပါက တူရကီရဲ့ စီးပွားရေးကို ပိတ်ဆို့မယ်လို့လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မန်နျူချင်က ပြောပါတယ်။ ဆီးရီးယားစစ်ပွဲ စတင်ဖြစ်နေတဲ့အချိန်ကတည်းက တူရကီရဲ့ အခုလိုမျိုး တတိယအကြိမ်ကျူးကျော်စစ်ပြုလုပ်ခဲ့တဲ့အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်ခဲ့သလို သစ္စာရှိတဲ့ မဟာမိတ်တွေအပေါ် ရက်စက်ရာ ကျကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ပြင်းထန်တဲ့တိုက်ပွဲများ

တူရကီတို့ ဦးတည်ချက်ထားတဲ့ ကာ့ဒ်တိုက်ခိုက်ရေး သမားတွေဟာ အိုင်အက်စ်စစ်သွေးကြွတွေကို တိုက်ခိုက် တဲ့နေရာမှာ နှစ်ပေါင်းအတော်များများကြာအောင် အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ အရေး ပါတဲ့ မြေပြင်တပ်ဖွဲ့တွေ ဖြစ်ခဲ့ပါတယ်။

အိုင်အက်စ်သံသယရှိသူအဖြစ်သတ်မှတ်ထားသူတွေရဲ့ ဆွေမျိုးတွေ လက်ခံထားရှိရာ အယ်လ်ဟိုးစခန်းရဲ့ အပြင်ဘက်ဒေသတွေကို တူရကီတို့ တိုက်ခိုက်သွားမယ့်အပေါ် အမျိုးသမီးတွေကတော့ လျင်လျင်မြန်မြန်နှိမ်နင်း တိုက်ခိုက်ဖို့ အောက်တိုဘာ ၁၁ ရက်က ဆူဆူညံညံတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ တူရကီတွေရဲ့ ကျူးကျော်ထိုးစစ်မှာ ဂျီဟတ်တွေ လွတ်သွားမယ့်အရေးကိုလည်း နိုင်ငံတကာက စိုးရိမ်နေပါတယ်။ သို့သော်လည်း ရုရှားကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တူရကီထိုးစစ်ကို ရပ်တန့်ဖို့ ကြေညာချက်ထုတ်ပြန်မှုအပေါ် မသိကျိုးကျွန်ပြုခဲ့တယ်လို့ သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်။

တူရကီရဲ့ထိုးစစ်ဟာ တတိယရက်ကို ဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် ကာ့ဒ်ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (အက်စ်ဒီအက်ဖ်)တွေဟာ အကြမ်းဖျင်းအားဖြင့် ၇၅ မိုင်ရှည်တဲ့ နယ်စပ်တစ်လျှောက် ခုခံတွန်းလှန်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။ ရှေ့တန်းစစ်မျက်နှာ ဘက်ပေါင်းစုံမှာ အက်စ်ဒီအက်ဖ် တပ်ဖွဲ့တွေနဲ့ တူရကီတပ်ဖွဲ့တွေဟာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလျက် ရှိပါတယ်။ အထူးသဖြင့် တယ်လ်အဘယာ့ဒ်မှ ရက်စ်အယ်လ်အိန်အထိဖြစ်ပွားလျက် ရှိပါတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တူရကီတပ်ဖွဲ့တွေနဲ့ ဆွန်နီအာရပ် သူပုန်ဟောင်းတွေ အများစုပါဝင်တဲ့ ဆီးရီးယားကိုယ်စားလှယ်တပ်ဖွဲ့တွေကြား လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေ၊ ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေကြပါတယ်။

ပြောင်းရွှေ့ထွက်ခွာ

ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ကားနဲ့ တိုက်ပွဲရှောင်ထွက်ပြေးနေစဉ်အတွင်း လေကြောင်း တိုက်ခိုက်မှု ထိမှန်ခဲ့တဲ့အတွက် အရပ်သားလေးယောက် တယ်လ်အဘယာ့ဒ်မှာ သေဆုံးခဲ့ကြောင်းနဲ့ တခြားသုံးဦးတို့လည်း နယ်စပ်က လှမ်းပစ်တဲ့ စနိုက်ပါလက်ချက်ကြောင့် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဆီးရီးယားဘက်ကတော့ အခုလတ်တလောမှာ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရပြီး တူရကီဘက်ကလည်း ၁၇ ဦး သေဆုံးခဲ့ကြောင်း ပြောပါ တယ်။

ထို့အတူ အက်စ်ဒီအက်ဖ်တပ်ဖွဲ့က ၅၄ ဦးကျဆုံးခဲ့သလို တူရကီတပ်ဖွဲ့ကလည်း တပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။ ကာ့ဒ်ပြည်သူ့စစ်တွေဟာ တူရကီတပ်ဖွဲ့တွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ကျားကုတ်ကျားခဲခုခံ တိုက်ခိုက် နေပေမယ့်လည်း ရေရှည်မှာ ပြင်ပအကူအညီမရပါက ခံစစ်ပြိုလဲနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားထားပါတယ်။

သူတို့နှစ်ဦးကြားတိုက်ပွဲတွေကြောင့် ရက်စ်အယ်အိန်၊ တယ်လ်အဘယာ့ဒ်နဲ့ အခြားနယ်စပ်မြို့လေးတွေမှာ လူသူမရှိတော့ဘဲ များပြားလှတဲ့ တိုက်ပွဲရှောင် ထွက်ပြေးမှုတွေကို လုပ်ဆောင်နေကြတာဟာ စစ်ငွေ့ မီးလျှံများကြား ဒုက္ခများပေါင်းစုသလို ဖြစ်နေပါတော့တယ်။

တိုက်ပွဲရှောင်ထွက်ပြေးနေသူတွေဟာ တူရကီတို့ ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုမယ်လို့ မရည်ရွယ်ထားတဲ့ အရှေ့ဘက် မြို့တစ်မြို့ဖြစ်တဲ့ ဟက်ဆာခဲ့မြို့ကို ဦးတည်ထွက်ပြေးနေကြပါတယ်။ ဒီမြင်ကွင်းကို တွေ့မြင်သူတိုင်း စိတ်မသက်မသာဖြစ်စရာပါ။

“အာဒိုဂန်က ကျွန်မတို့ဆီက ဘာလိုချင်လို့လဲ မသိဘူး” လို့ အမျိုးသမီးတစ်ဦးက မေးလိုက်ပါတယ်။ သူကလည်း တိုက်ပွဲရှောင် အရေးပေါ်ခိုလှုံရေးစခန်း တစ်ခုမှာ သူ့မိသားစုနဲ့အတူ လာရောက်ခိုလှုံနေတဲ့သူဖြစ်ပါတယ်။ “ကျွန်မတို့က ကာ့ဒ်တွေဖြစ်နေလို့လားမသိဘူးနော်”လို့ ဝမ်းနည်းစကားကိုလည်း ပြောကြားလိုက်ပါတယ်။

အာဒိုဂန်ဟာ နယ်စပ်နဲ့ တူရကီမြေပေါ်မှာရှိတဲ့ ကာ့ဒ်သူပုန်အုပ်စုတွေနဲ့ အဆက်အသွယ်ရှိတဲ့ ဆီးရီးယားကာ့ဒ် တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ပိုင်နက်နယ်မြေကြားမှာ စစ်မဲ့ဇုန်တစ်ခုကို ဖန်တီးချင်နေပါတယ်။ ပြီးတော့လည်း အဲဒီနေရာကို တူရကီမှာရှိတဲ့ ဆီးရီးယားဒုက္ခသည် ၃ ဒသမ ၆ သန်းကို ပြန်ပို့ဖို့လည်း စီစဉ်နေပါတယ်။

ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်ရမယ်

အကယ်၍ ဆီးရီးယားမှာ ကျူးကျော်ထိုးစစ်တွေ မရပ်သေးဘူးဆိုရင် ရှစ်နှစ်ကြာစစ်ပွဲဖြစ်ပွားနေတဲ့ ဆီးရီးယားဟာ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို နောက်ထပ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခတစ်ခုဆီသို့ ထပ်မံဦးတည်နေလိမ့်ဦးမယ်လို့ အကူအညီပေးရေးအဖွဲ့ တွေက ပြောထားပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အိုင်အက်စ်ချေမှုန်းစစ်ဆင်ရေးမှာ အဓိကမဟာမိတ်ဖြစ်တဲ့ ပြင်သစ်ကလည်း နေတိုးတပ်ဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ တူရကီကို ကြီးလေးတဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ ခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။

တူရကီဟာ ထိုးစစ်ဆင်တိုက်ခိုက်မှုလုပ်ဆောင်နေတဲ့ သူ့ရဲ့ရည်မှန်းချက် မပြီးခင်မှာဘဲ ထိန်းသိမ်းထားတဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေ လွတ်မြောက်နိုင်ခြေ ရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့အသံတွေ ကျယ်လောင် လာတဲ့အတွက် ဒါဟာ သူ့အတွက်တော့ အန္တရာယ်တွေ ကြီးထွားအောင်လုပ်ဆောင်နေသလိုပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ သူသာ ရှေ့ဆက်တိုးမယ်ဆိုပါက ဆိုးရွားလှတဲ့အခြေအနေတွေကို ရင်ဆိုင်ရနိုင်တယ်ဆိုတာ ရေးသားလိုက်ရပါတယ်။ ။

ထွန်းသစ်စ

ကိုးကား - အေအက်ဖ်ပီ