နန်းသာရီ-ထိန်ဝင်း
အပန်းဖြေခရီးသွားခြင်း
လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ မိသားစုနှင့်မိမိဘဝအတွက် ရုန်းကန် လှုပ်ရှားနေရသဖြင့် စိတ်ရော၊ ခန္ဓာကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြရသည်။ ယင်းသို့ ပင်ပန်းလျက်နှင့်ပင် မိသားစုစားဝတ်နေရေးအတွက် စိတ်အားတင်း ကာ မဖြစ်မနေ ရုန်းကန်နေကြရပြန်သည်။ လူအများစုသည် လုပ်ငန်းများဖြင့်သာ အချိန်ကုန်နေကြရင်း အနားယူ အပန်းဖြေရမှန်းပင် သတိမထားမိဘဲ မျက် ကွယ်ပြုနေကြရသည်။ အမှန်မှာ ဘဝပျော်ရွှင်ရေးအတွက် လူတိုင်းလူတိုင်းသည် အားလပ်ချိန်အနည်းငယ်ပေးပြီး ခရီးသွားရင်းဖြင့် စိတ်ရောကိုယ်ပါ အပန်းဖြေ အနားယူသင့်သည်။
အပန်းဖြေခရီးသွားခြင်းသည် ကျန်းမာစေခြင်း၊ စိတ်ရွှင်လန်းစေခြင်း၊ အသိ အမြင် ဗဟုသုတတိုးပွားစေခြင်း၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်စေ ခြင်း၊ လေကောင်းလေသန့်များ ရှူရှိုက်ရခြင်း၊ စိတ်သစ်လူသစ် ခွန်အားသစ် များ ဖွံ့ဖြိုးစည်ပင်စေခြင်း စသည့် အကျိုးတရားများစွာအပြင် စီးပွားရေးနယ်ပယ် အသစ်၊ စိတ်ကူးစိတ်သန်းအသစ်တို့အတွက် လမ်းဖွင့်ပေးမည့် အခွင့်အရေးများ ကိုလည်း ဖော်ဆောင်ပေးမည်ဖြစ်သည်။ ပျော်ရွှင်ကြည်နူးမှု၊ စိတ်ချမ်းသာမှုများ ကိုလည်း လက်တွေ့ခံစားရမည်ဖြစ်သည်။
ပုဂံခေတ်က ကမ်းခြေ
ထို့ကြောင့် ကျွန်တော်နှင့်အတူ သူငယ်ချင်းများသည် မောင်းမကန်ကမ်းခြေသို့ အပန်းဖြေအနားယူရန်အတွက် ပြီးခဲ့သည့်ရာသီက တစ်ခေါက်ရောက်ရှိခဲ့ သည်။ မောင်းမကန်ကမ်းခြေအကြောင်း လေ့လာကြည့်ရာ မောင်းမကန်ကမ်း ခြေသည် ယခုနောက်ပိုင်းမှ ပေါ်ပေါက်လာသည့် ကမ်းခြေမဟုတ်ဘဲ ရှေးယခင် မြန်မာမင်းများလက်ထက်ကပင် သမိုင်းအမည်တွင်ခဲ့သော ကမ်းခြေတစ်ခုဖြစ် ကြောင်း သိရသည်။ ကျန်စစ်သားမင်း၏မြေးတော် အလောင်းစည်သူမင်းကြီး သည် မောင်းမမိဿံများနှင့်အတူ ကရဝိက်ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည် ခဲ့ရာ ယခု မောင်းမကန်ကမ်းခြေဖြစ်လာမည့် နေရာတွင် မောင်းမမိဿံများက ပင်လယ်ရေငန်ချိုးပြီး ရေချို ချိုးရန် ရေသန့်ကန်တစ်ခုကို တူးဖော်ခဲ့သည်။ ယင်းကို အကြောင်းပြု၍ မောင်းမကန်ကမ်းခြေဟု အမည်တွင်ခဲ့သည်ဟု လေ့လာသိရှိခဲ့ရပြီး ယနေ့တိုင် လူသိများထင်ရှားသည့် ကမ်းခြေတစ်ခု ဖြစ်နေ ပေသည်။
ကျွန်တော်တို့သည် မောင်းမကန်ကမ်းခြေရှိ မန်းရတနာပုံ စားသောက်ဆိုင် တွင် အနားယူ အပန်းဖြေနေစဉ် သဲသောင်ပြင်ကမ်းစပ်တစ်လျှောက်နှင့် ဈေး ဆိုင်များသို့ လေ့လာကြည့်ရာ ခရီးသွားများ၊ အပန်းဖြေလာရောက်သူများ နည်းပါးနေသည်ကို တွေ့ရသဖြင့် သိလိုသည်များကို ဆိုင်ပိုင်ရှင် ဒေါ်ငယ်အား မေးမြန်းခဲ့သည်။
ဒေါ်ငယ်က "မောင်းမကန်ကမ်းခြေမှာ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ နေ့ကြီးရက်ကြီးနဲ့ သင်္ကြန်ရုံးပိတ်ရက်တွေမှာဆို တော်တော်လေးကို စည်ကား ပါတယ်၊ ကြားရက် စနေ၊ တနင်္ဂနွေရက်တွေမှာလည်း အထိုက်အလျောက် စည်ကားပါတယ်၊ မိုးတွင်းမှာတော့ အသွားအလာနည်းပြီး ဈေးရောင်း အေးတယ်၊ အများအားဖြင့် မောင်းမကန်ကမ်းခြေကို အပန်းဖြေ လာရောက် ကြတဲ့သူတွေက မော်လမြိုင်၊ ရေး၊ ထားဝယ်၊ မြိတ်နဲ့ ကော့သောင်းပေါ့၊ တော် တော်များများက လာကြပါတယ်၊ လာရင် အပန်းဖြေပြီး ရေကူးကြတယ်၊ ထိုင်ခုံလေးတွေမှာ နားနားနေနေ အပန်းဖြေကြတယ်၊ စားကြသောက်ကြ၊ သွားကြလာကြပြီး ပျော်ရွှင်ကြပါတယ်”ဟု ပြောပြသည်။
အပန်းဖြေရန် နေရာကောင်းတစ်ခု
မောင်းမကန်ကမ်းခြေသည် ထားဝယ်မြို့မှ ၁၀ မိုင်ခန့်သာ ကွာဝေးသော ကြောင့် အခါကြီး၊ ရက်ကြီးများနှင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ များပြားသည်။ "မောင်းမကန်က ရေကိုချိုးလျှင် ဆွေမျိုးမေ့သည်"ဟု မောင်းမကန်နှင့်ပတ်သက်ပြီး ရှေးလူကြီးများ၏ ဆိုရိုး စကားကို မှတ်သားခဲ့ရဖူးသည်။ မောင်းမကန်ကမ်းခြေသည် အနားယူ အပန်း ဖြေရန်အတွက် နေရာကောင်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည့် အရည်အသွေး များကို ပိုင်ဆိုင်ထားသည်။
ကမ်းခြေအနေအထားကို ကြည့်လိုက်လျှင် တောင်နှင့်မြောက် အလျား လိုက်သည် သုံးမိုင်ခန့် ရှည်လျားကာ ပင်လယ်ကမ်းစပ်သည်လည်း ပြေပြစ် သည်။ ကျောက်ဆောင်များ၊ ချောက်များလည်း မရှိဘဲ ရေကျသွားသည့်အခါ သောင်ပြင်က ကျယ်လှသည်။ သဲပြင်ကလည်း မာနေသောကြောင့် လမ်း လျှောက်သွားရန် အလွန်ကောင်းသည်။ စက်ဘီး၊ ဆိုင်ကယ်လည်း စီး၍ရသည်။ ကမ်းခြေတစ်လျှောက်တွင် သက်တမ်းနှစ် ၇၀ ခန့်ရှိသော ပင်လယ်ကဗွီးပင် တန်းများကိုလည်း တွေ့ရမည်။ ယင်းအပင်သည် ထင်းရှူးပင်နှင့်တူသော ကြောင့် ပင်လယ်ထင်းရှူးဟုလည်း ခေါ်ကြသည်။
မောင်းမကန်ကမ်းခြေ၏ အလှ
မောင်းမကန်ကမ်းခြေသည် ညနေ နေဝင်ချိန်တွင် ပုစွန်ဆီအရောင်သမ်း၍ မိုးကုတ်စက်ဝိုင်းမှာ ရောင်စုံအလှအပများဖြင့် ကြည့်မဆုံးနိုင်အောင်ပင် သာယာလှပသော ကြည်နူးဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်သည်။ မောင်းမကန် ကမ်းခြေ၏ နေဝင်ချိန် သဘာဝအလှကို အေးအေးဆေးဆေးထိုင်ကြည့်ပြီး တိုက်ခတ်လာသော ပင်လယ်လေအေးကလည်း လာရောက်အပန်းဖြေသူများ၏ စိတ်ကို ကြည်နူးပီတိဖြစ်စေနိုင်သည်။
မောင်းမကန်ကမ်းခြေသို့ ထားဝယ်မြို့၊ လောင်းလုံးမြို့၊ ရေဖြူမြို့နှင့်သရက် ချောင်းမြို့တို့မှ ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များဖြင့် အလွယ်တကူ နေ့ညမရွေး သွားလာနိုင်သည်။ ယခုလို ပွင့်လင်းရာသီတွင် လာရောက် လည်ပတ်သူများနေမည်ဖြစ်သည်။ လာရောက်လည်ပတ် အပန်းဖြေ ကြမည့် မိသားစုများ၊ အစုအဖွဲ့များ တည်းခိုရန် ဘန်ဂလိုများ၊ တည်းခိုခန်း များလည်း အသင့်ရှိနေကြောင်း သိရသည်။ ဒေသထွက် ပင်လယ်အစားအစာ များကို စားသောက်ရင်း ပင်လယ်ထွက်ပစ္စည်းများဖြင့် အလှဆင်ထားသော ခရုလည်ဆွဲ၊ ခရုနှင့် ပြုလုပ်ထားသော အရုပ်မျိုးစုံ စသည်တို့ကိုလည်း မောင်းမကန်ဒေသ၏ အမှတ်တရလက်ဆောင်များအဖြစ် ဝယ်ယူ၍ရနိုင် ပါမည်။
ကျွန်တော်တို့ မောင်းမကန်ကမ်းခြေ သဲသောင်ပြင်တွင် လမ်းလျှောက်ရင်း အပန်းဖြေနေကြစဉ် ထားဝယ်မြို့နယ်မှ အပန်းဖြေလာရောက်သူ မသက်သက် ဖြိုးနှင့် မဖြူဖြူအောင်တို့ သူငယ်ချင်းနှစ်ဦးအား မိတ်ဖွဲ့၍ ခရီးစဉ်နှင့်ပတ်သက်ပြီး သိလိုသည်များကို မေးမြန်းကြည့်ဖြစ်ခဲ့သည်။ “ဝေးနေတဲ့သူငယ်ချင်းတွေဆုံ တုန်း လာလည်ကြတာ၊ ဗောကွင်းတွေငှားပြီး ရေကူးမယ်၊ အုန်းသီးနုရည် သောက်မယ်၊ ဆီထမင်း ဝယ်စားမယ်၊ အမှတ်တရဓာတ်ပုံတွေ ရိုက်မယ်၊ အပြန် မှာ ရုပ်ရှင်သွားကြည့်မယ်၊ တစ်နေကုန် အပန်းဖြေကြမယ်၊ သူငယ်ချင်းတွေနဲ့ အတူလာပြီး အပန်းဖြေရတဲ့ အတွက် ပျော်လည်းပျော်တယ်၊ စိတ်လန်းဆန်း ပေါ့ပါးမှုကိုလည်း ခံစားရတယ်၊ သီတင်းကျွတ်ပြီးရင်လည်း နောက်ထပ်လာ ဦးမယ်”ဟု ချစ်စဖွယ် ထားဝယ်ဒေသ စကားသံဝဲဝဲဖြင့် ၎င်းတို့က ဖြေကြား ကြသည်။
နိုင်ငံတစ်ဝန်းရှိ ကမ်းခြေများအနက် တနင်္သာရီတိုင်းဒေသကြီး၏ အထင် ကရနေရာတစ်ခုဖြစ်ပြီး ထားဝယ်ဒေသ၏ ထင်ရှားလှသော မောင်းမကန် ကမ်းခြေသို့ အပန်းဖြေခရီး လာရောက်လည်ပတ်ကြပါရန် ''မွန်းဂံကလိုင်း လောင်းဂီးလာ စီးပါလားရှင်''ဆိုသည့် ထားဝယ်သီချင်းဖြင့် ရပ်ဝေးရပ်နီးမှ မိတ်ဆွေအပေါင်းအား ဖိတ်ခေါ်လိုက်ရပါကြောင်း။
မြန်မာ့အလင်း