ဒေါက်တာမြတ်မိုး
၂၀၂၀ ပြည့်နှစ်အတွင်း ရောက်ရှိလာတော့မည့် အမှတ်တရ ရှိအပ်သည့် ထူးခြားသော ရာပြည့်ပွဲတော်များကို နိုင်ငံသူ နိုင်ငံသားအားလုံး အမှတ်တရရှိစေချင်ပါသည်။ အထူး သဖြင့် ယနေ့မျက်မှောက်ခေတ် လူငယ်လူရွယ်အားလုံးအတွက် ရည်စူးချင်ပါသည်။ အကြောင်းမှာ ၂၀၂၀ ပြည့်နှစ်အတွင်းကျရောက်မည့် GCBA ရာပြည့်၊ ရန်ကုန်တက္ကသိုလ် ရာပြည့်၊ မြို့မကျောင်းရာပြည့်၊ ရုပ်ရှင်ရာပြည့်နှင့် အမျိုးသားနေ့ရာပြည့်စသည်ဖြင့် ရာပြည့်အထိမ်းအမှတ်များစွာဖြင့် သမိုင်းတွင်မည့် ထူးခြားသောနှစ်ဖြစ်သောကြောင့် ဖြစ်ပါသည်။
ကိုလိုနီစနစ်၏ အုပ်ချုပ်မှုကိုထင်ဟပ်
ဖော်ပြပါရာပြည့်အထိမ်းအမှတ်များသည် ကိုလိုနီ စနစ်အောက်တွင် ရုန်းကန်ခဲ့ရသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံကို ဗြိတိသျှတို့သိမ်းပိုက်ပြီး ကိုလိုနီပြုထားသည့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရသော နိုင်ငံ တစ်နိုင်ငံအဖြစ် ၁၉၂၀ ပြည့်နှစ်ကာလအတွင်း ဖြစ်တည် လာခဲ့သော အဖွဲ့အစည်းကြီးများ၊ အကြောင်းအရာများကို အခြေခံထားပါသည်။ အထူးသဖြင့် ကိုလိုနီအစိုးရ၏ ဖိနှိပ်ခွဲခြားအုပ်ချုပ်မှုဒဏ်နှင့်အတူ ဆယ်စုနှစ်ပေါင်း များစွာ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသော နိုင်ငံတစ်နိုင်ငံအဖြစ် ခံစားခဲ့ရမှု၏ပြယုဂ်အဖြစ် ထင်ဟပ်နေသောကြောင့် ဖြစ်ပါသည်။ ၁၉၂၀ ပြည့်နှစ်ဝန်းကျင်ကာလများသည် မြန်မာနိုင်ငံတွင် ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ၊ တောင်သူလယ်သမားများတွင် ဝံသာနုရက္ခိတစိတ်ဓာတ် နှင့် နိုင်ငံရေးအပေါ် အထူးစိတ်ဝင်စားမှုများရှိနေကြပြီး နိုင်ငံရေးစည်းရုံးမှုအရှိန်အဟုန် တက်ကြွပြင်းထန်နေသော ကာလတစ်ခုလည်း ဖြစ်ပါသည်။
GCBA ၏အစ YMBA
YMBA (Young Men's Buddhist Association - Burma)နှင့် GCBA (General Council of Burmese Association) အဖွဲ့နှစ်ခုသည် အကြောင်းနှင့်အကျိုး ဆက်စပ်မှုရှိကြပြီး မျက်ခြည်မပြတ်ရန်လိုအပ်သော ယခု လက်ရှိဖြစ်တည်မှု၏ အကြောင်းတရားများလည်း ဖြစ်ပါ သည်။ GCBA က နိုင်ငံရေးဘက်ကို ဇောင်းပေးသော နိုင်ငံရေးအသင်းအဖွဲ့ကြီးဖြစ်သလို GCBA ၏အစ YMBA သည်လည်း အမျိုးသားရေးကိုဇောင်းပေးသည့် ရန်ကုန် ကောလိပ်မျိုးချစ်လူငယ်တစ်စုက ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့သော အမျိုးဘာသာ၊ သာသနာ၊ ပညာကိုအခြေခံသည့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းဖြစ်ခဲ့သည်။
အမျိုးဘာသာ၊ သာသနာနှင့် ပညာကိုမြှင့်တင်ရန် အတွက် အမျိုးကိုချစ်ရန်၊ ဘာသာကိုလေးစားရန်၊ သာသနာကို ချီးမြှင့်ရန်၊ ပညာရေးကိုအားပေးရန် ကြွေးကြော်သံများဖြင့် ဖွဲ့စည်းခဲ့သောကြောင့်လည်း မြန်မာနိုင်ငံသမိုင်းတွင် ပထမဆုံးမော်ကွန်းအဖြစ် မှတ်တမ်းတင်အပ်ပါသည်။ နိုင်ငံလုံးဆိုင်ရာအမျိုးသား ရေး၊ နိုင်ငံရေးအဖွဲ့အစည်းကြီးလည်း ဖြစ်ပါသည်။ (၁၉၁၀ မှ ၁၉၁၉- ၁၉၂၀) ခုနှစ်များအတွင်း ဘာသာရေး၊ ပညာ ရေးကိုအခြေခံသည့် လူမှုရေးလုပ်ငန်းများမှ ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးဆီသို့ ဦးတည်လာခဲ့သည်ကို တွေ့ရသည်။
ဝံသာနုစိတ်ဓာတ်များကို မျိုးစေ့ချပေးနိုင်
ဝိုင်အမ်ဘီအေသည် ဗြိတိသျှတို့၏ မြန်မာပြည်သူ များအပေါ် ခွဲခြားဆက်ဆံဖိနှိပ်သည့်နည်းလမ်းများဖြင့် အုပ်ချုပ်မှုကို ပြုပြင်ပြောင်းလဲရန်အတွက် တစ်နိုင်ငံလုံး ကြိုးပမ်းအားထုတ်ရန် လှုံ့ဆော်မှုပြုခြင်းဖြင့် GCBA ၏ အစကိုပျိုးခဲ့သည်။ အစိုးရကျောင်းများတွင် မျက်နှာဖြူ ဆရာများကိုသာခန့်ထားမှု၊ အသက် ခြောက်နှစ်မှ ၁၂ နှစ် ကြား ကလေးတိုင်း ပညာသင်ကြားပေးနိုင်ရေး၊ ခွဲခြားမှု ကင်းသည့် ပညာရေးဥပဒေကိုပြဋ္ဌာန်းပေးနိုင်ရေး၊ ကျောင်းခန်းအတွင်း မြန်မာကျောင်းသားများ ဖိနပ်စီးခွင့် ရရှိရေး၊ မီးရထားတွဲများတွင် မျက်နှာဖြူများအတွက်သာ သီးသန့်တွဲများထားရှိမှုကို ကန့်ကွက်ပြီး သံဃာတွဲများ သီးသန့်ထားပေးရေး၊ မြန်မာများအပေါ် ငဖြူ၊ ငမည်း စသည့် ရင့်သီးသော အသုံးအနှုန်းများ မသုံးစွဲရေး၊ လယ်ယာ မလုပ်သူ နိုင်ငံခြားသားများက လယ်ယာပိုင်ဆိုင်နေမှုကို ရပ်တန့်ရေးမှသည် ဗမာပြည်ယူနီဗာစီတီတက္ကသိုလ် သီးခြားပေါ်ပေါက်ရေးများအထိ ဝံသာနုစိတ်ဓာတ်များကို မျိုးစေ့ချပေးနိုင်ခဲ့ပါသည်။
ဝံသာနုအခြေခံ GCBA
ကိုလိုနီခေတ် ၁၉၁၀-၁၉၂၀ ခုနှစ်ကာလများအတွင်း မြန်မာပြည်သူများတွင် နိုင်ငံရေးနိုးကြားမြင့်မားတက်ကြွမှု အရှိန် မည်မျှကောင်းလာသလဲဆိုလျှင် ထောင်နှင့်ချီသော YMBA အသင်းခွဲများ၊ သိန်းနှင့်ချီသော အသင်းဝင်များနှင့် အတူ မီးခဲပြာဖုံးဖြစ်နေသော ဇာတိသွေး ဇာတိမာန် စိတ်ဓာတ်များ တိုးပွားလာခြင်းက သက်သေဖြစ်ခဲ့ပါသည်။ ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလက ပြည်မြို့၌ကျင်းပသော ဝိုင်အမ်ဘီအေ နှစ်ပတ်လည်ညီလာခံ၌ ဝိုင်အမ်ဘီအေမှ ဂျီစီဘီအေသို့ပြောင်းလဲဖွဲ့စည်းရာမှ ဖြစ်တည်ခဲ့သော မြန်မာ အသင်းချုပ်ကြီးကို ခေါင်းဆောင်သူများမှာ ခေတ်ပညာတတ် ဝံသာနုများသာဖြစ်ကြသည်။
GCBA အသင်းကြီး၏ဌာနချုပ်မှာ ရန်ကုန်မြို့ လွစ္စလမ်း၌ ရှိသည်။ ဝံသာနုအသင်းအမည်ခံသည့် အသင်းပေါင်း ၁၀၀၀ ကျော်မျှအထိ တိုးပွားခဲ့ပြီး ငါးသိန်းခန့်အထိရှိသော အသင်းဝင်များသည် ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်ဖြင့် ရိုင်းပင်းကူညီမှုကိုအခြေခံကာ မြန်မာပြည်ဖြစ် အဝတ် အထည်များကိုသာ ဝတ်ဆင်စေရန်မှအစ မြန်မာပြည်ဖြစ် များကိုသာ အသုံးပြုရန်အထိ တစ်မျိုးသားလုံးကို လှုံ့ဆော် နိုင်ခဲ့ကြသည်။
ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းသော်လည်း ဒိုင်အာခီသာရရှိခဲ့
GCBA ၏အမြင့်ဆုံးသောရည်မှန်းချက်မှာ Home Rule ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန်ပင်ဖြစ်သည်။ အစိုးရ ရာထူးကြီးများတွင် မိမိတို့မြန်မာတိုင်းရင်းသား အမျိုးသား များ တာဝန်ခံအုပ်ချုပ်ခွင့်ရရှိရေးဖြစ်သည်။ စီးပွားရေးတွင် လည်း မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်ကိုင်ခွင့် ရရှိရေးကို ဦးတည်ခဲ့သည်။ GCBA က တောင်းသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဗြိတိသျှတို့ပေးသည်က လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ရေးမဟုတ်ဟု ယူဆခံရသော ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဒိုင်အာခီစနစ်က ဗြိတိသျှ လက်အောက်ခံအိန္ဒိယအစိုးရ၏ ၁၉၁၉ ခုနှစ် အုပ်ချုပ်ရေး အက်ဥပဒေအရ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများတွင် မြန်မာနိုင်ငံလည်း ပါဝင်လာစေမည့်စနစ်တစ်ခုဖြစ်သည်။
ထိုအုပ်ချုပ်မှုပြုပြင်ပြောင်းလဲမှုစီမံချက်အရ အကောင် အထည်ဖော်မည့် ဗြိတိသျှတို့၏ ဆာအေအက်ဖ်ဝှိုက် ခေါင်းဆောင်သည့် ဝှိုက်ကော်မတီကို GCBA က သပိတ် မှောက်ခဲ့သော်လည်း ၁၉၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒိုင်အာခီသည် အတည်ဖြစ်ခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးအရ ၁၉၂၂ ခုနှစ်အတွက် ရည်ရွယ်ကျင်းပသော ဥပဒေပြုကောင်စီ ရွေးကောက်ပွဲနှင့် ဥပဒေပြုကောင်စီများလည်း ပေါ်ပေါက် လာပြီး ၎င်းရွေးကောက်ပွဲများတွင် မြန်မာကိုယ်စားလှယ် များ ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ပါသည်။
GCBA ၏အမျိုးသားရေးလုပ်ဆောင်ချက်များ
GCBA သည်အမျိုးသားညီညွတ်မှု၊ စုစည်းမှုကို ပြသ နိုင်ခဲ့ခြင်းနှင့်အတူ နှစ်ပတ်လည်အစည်းအဝေးများကို ခြိမ့်ခြိမ့်သဲကျင်းပနိုင်ခဲ့သော်လည်း စင်ပြိုင်အဖွဲ့များကွဲ၍ ညီညွတ်မှုလျော့နည်းလာသည့်အခါ စင်ပြိုင်ကွန်ဖရင့်များအသွင်ဖြင့်သာ ကျင်းပနိုင်ခဲ့တော့သည်။ GCBA ၏ဗျူဟာမှာ ဗြိတိသျှအစိုးရကို အကြမ်းမဖက် အနုနည်းဖြင့် အာဏာ ဖီဆန်ရေးဖြစ်သည်။ GCBA က ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်ကိုအားပေးခဲ့ကာ အမျိုးသားကျောင်းများ ပေါ်ထွန်း ရေးကိုအထောက်အကူပြုခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် ကျင်းပ သော GCBA (၉)ကြိမ်မြောက် ကွန်ဖရင့်က နှစ်စဉ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသား အောင်ပွဲနေ့အဖြစ် ကျင်းပနိုင်ရန် သတ်မှတ်ပေးနိုင်ခဲ့သည်။
ဝှိုက်ကော်မတီနည်းတူ ၁၉၂၂ ခုနှစ် ဇန်နဝါရီလအတွင်း လာရောက်သော ဝေလမင်းသားကိုလည်း ကြိုဆိုဧည့်ခံခဲ့ ခြင်းမပြုလုပ်ခဲ့ဘဲ ဗြိတိသျှအစိုးရကို ဆန့်ကျင်သပိတ်မှောက်မှု ပြုလုပ်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်တွင် ဒိုင်အာခီအစား ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဆိုသော နိုင်ငံရေးလှုပ်ရှားမှု ကြောင့် အိန္ဒိယနှင့် မြန်မာတွဲရေး၊ ခွဲရေး ပြဿနာပေါ်ပေါက် လာခဲ့သည်။ ၁၉၂၉ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံကို အိန္ဒိယမှခွဲထုတ်ပြီး ၉၁ ဌာနအုပ်ချုပ်ရေးပေးရန် ရည်ရွယ် သည့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ ကော်မရှင်ကိုလည်း GCBA က သပိတ်မှောက်ခဲ့သည်။ အချို့စင်ပြိုင် GCBA အဖွဲ့များက အစိုးရနှင့် လုံးဝမဆက်ဆံရေး၊ လူခွန်၊ မြေခွန်မပေးခြင်းဖြင့် အာဏာဖီဆန်မှုပြုလုပ်ရေးလမ်းစဉ်ကို ကျင့်သုံးခဲ့သည်။ တိုင်းရင်းသားအကျိုးကို ရှေးရှုခြင်းမရှိသည့် ဥပဒေများကို ဖျက်သိမ်းရန် အစဉ်တစိုက် တောင်းဆိုသပိတ်တိုက်ပွဲဝင် ခဲ့ကြသည်။
မြန်မာ့ရေနံလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ အထည်လုပ် ငန်းများတွင် ဗြိတိသျှတို့ကြီးစိုးနေမှုကို ကန့်ကွက်ခဲ့ပြီး ဝံသာနု ဘဏ်များပေါ်ထွန်းရေးအထိ ကြိုးစားခဲ့ကြသည်ကို တွေ့ရ သည်။ အစိုးရနှင့် စင်ပြိုင်ဝံသာနုသမာဓိအသင်းများ ဖွဲ့စည်း၍ ရဲအရေးမပိုင်သော မှုခင်းများ၊ ငြင်းခုံမှုများကို ဆုံးဖြတ်ဖြေရှင်းပေးခဲ့သည်ကို တွေ့ရှိရသည်။ သာယာဝတီ ဂဠုန်လယ်သမားပုန်ကန်မှုကြီးကို ဦးဆောင်မည့် ဆရာစံလို ပုဂ္ဂိုလ်မျိုးကို စင်ပြိုင် GCBA အဖွဲ့က မွေးဖွားပေးနိုင်ခဲ့ သည်ကိုတွေ့ရှိရသည်။ ၁၉၂၄ ခုနှစ်တွင် သံဃာများပါဝင် သော အမျိုးသား အမျိုးသမီးဆန္ဒပြမှုများအား ပုလိပ် အဖွဲ့များက ဖြိုခွင်းမှုများကြောင့် သံဃာတစ်ပါးပျံလွန် တော်မူပြီး ဆရာတော်ဦးဥတ္တမ အရေးယူခံရသည်အထိ ကြီးမားသော ဆန္ဒပြမှုများကိုလည်း တွေ့မြင်နိုင်ပါသည်။
အစိတ်စိတ်အမြွှာမြွှာကွဲထွက်မှုများနှင့် အတူရယူရန် သင်ခန်းစာများ
ဗြိတိသျှကိုလိုနီအစိုးရက တိုင်းရင်းသားပြည်သူများ အပေါ် ဖိနှိပ်လေလေ GCBA ၏ အင်အားက တောင့်တင်း ခိုင်မာလေလေရှိခဲ့သော်လည်း တစ်မျိုးသားလုံးညီညွတ် ရေးအစဉ်အလာကို ခိုင်မာအောင် စဉ်ဆက်မပြတ် ထိန်းသိမ်းရန်မှာမူ မလွယ်ကူခဲ့ပါ။ ခေတ်မီဖွံ့ဖြိုးမှု နောက်ကျ ခြင်း၊ ညီညွတ်မှုအားနည်းခြင်းတို့ကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည့်နည်းတူ အရှိန်အဟုန်ပြင်းပြင်းဖြင့် ချီတက် နေသည့် အမျိုးသားရေးသည်လည်း စလယ်ဝင်ဖင်မမည်း ခင်က ကွဲ ဆိုသလို နှောင့်နှေးခဲ့ရသည်။ ဗြိတိသျှတို့ပေးသော ဒိုင်အာခီသည် အသင်းချုပ်ကြီး၏ စည်းလုံးညီညွတ်မှုကိုထိခိုက်စေခဲ့သည်။
သွေးခွဲအုပ်ချုပ်ရေးစနစ်ဖြစ်သည်နှင့်အညီ ၁၉၂၂ ခုနှစ်မှစတင်၍ ဥပဒေပြုကောင်စီကို သပိတ်မှောက်ရေး၊ မမှောက်ရေး နှစ်ခုကွဲကာ ဥပဒေပြုကောင်စီထဲဝင်၍ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမည့်အဖွဲ့က ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။ ၁၉၂၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၂၉ ခုနှစ်တွင် တစ်ကြိမ် သီးခြား GCBA အဖွဲ့များ ထပ်ကွဲခြင်းဖြင့် အသင်းခွဲပေါင်း ခြောက်သင်းအထိ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့သည်။ နောက်ဆုံး ၁၉၃၅ ခုနှစ် မြန်မာပြည် အက်ဥပဒေအရ မြန်မာပြည်ကို အိန္ဒိယပြည်မှခွဲထုတ်၍ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ ၁၉၃၆ ခုနှစ် နိုဝင်ဘာလတွင် ရွေးကောက်ပွဲဖြစ်မြောက်ခဲ့ပြီး GCBA အသင်းကြီးလည်း နိဂုံးချုပ်ခဲ့ရတော့သည်။
စည်းလုံးညီညွတ်မှု အပူတပြင်းလိုအပ်နေသော အချိန်ကာလတစ်ခုလည်းဖြစ်
ယနေ့ကာလသည် မြန်မာနိုင်ငံအတွင်း အပစ်အခတ် ရပ်စဲပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးမှတစ်ဆင့် တစ်နိုင်ငံလုံးငြိမ်းချမ်းမှုတည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စည်းလုံး ညီညွတ်မှု အပူတပြင်းလိုအပ်နေသော အချိန်ကာလတစ်ခု လည်းဖြစ်ပါသည်။ ထို့အပြင် ပြင်ပပယောဂများဖြင့် စွက်ဖက်မှုကိုသတိထား၍ ပြည်တွင်းစည်းလုံးညီညွတ်မှု လိုအပ်နေချိန်လည်း ဖြစ်ပါသည်။ သင်ခန်းစာတစ်ခုအနေ ဖြင့် ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်ရေးစနစ်နှင့်အတူ နိုင်ငံ ရေးအယူအဆကွဲလွဲမှုများကိုအခြေခံ၍ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲ၊ သဘောထားကွဲလွဲမှုများ၊ အသင်းရန်ပုံငွေကိစ္စရပ်များကစည်းလုံးညီညွတ်မှုကို ထိခိုက်စေကာ ပြိုကွဲမှုကို ဦးတည် ခဲ့ပြီး အဖွဲ့ကြီး၏ အမြင့်ဆုံးရည်မှန်းချက်ကို ထိခိုက် ခဲ့ကြောင်းလည်း တွေ့ရှိရမည်ဖြစ်ပါသည်။
သို့သော်လည်း မြန်မာတိုင်းရင်းသားပြည်သူ အားလုံး၏ ဇာတိသွေးဇာတိမာန်စိတ်ဓာတ်၊ နယ်ချဲ့ ဆန့်ကျင်ရေးစိတ်ဓာတ်၊ သူတစ်ပါး၏ လက်အောက်မှ လွတ်မြောက်လိုစိတ်များကိုမူ အခြေခံမွေးဖွားပေးခဲ့ ကြောင်းနှင့် နိုင်ငံတော်လွတ်လပ်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုကို စိုက်ထူပေးနိုင်ခဲ့သည့် သမိုင်းဝင် GCBA အဖွဲ့၏အရေးပါမှုကို မမေ့မလျော့ အသိအမှတ်ပြု နေရမည်သာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။ ကြေးမုံ