မန္တလေး ၁၄ အောက်တိုဘာ
မန္တလေး အာကီဒိုသင်တန်းများ၏ အနှစ်(၂၀)ပြည့် အထိမ်းအမှတ် အာကီဒို နှီးနှောဖလှယ်ပွဲနှင့် နိုင်ငံတကာ အကီဒို သရုပ်ပြသပွဲကို ယမန်နေ့ ညနေပိုင်းတွင် မန္တလေးမြို့ မန္တလာသီရိအဆင့်မြင့် အားကစားကွင်းရှိ Multipurpose Stadium ၌ ကျင်းပသည်။
သရုပ်ပြသပွဲတွင် ဂျပန်၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ စကော့တလန်၊ ပြင်သစ်၊ ဂူအမ်နှင့် မြန်မာနိုင်ငံတို့မှ အာကီဒို အားကစားသမားများက အာကီဒို ပညာရပ်ဆိုင်ရာများကို သရုပ်ပြသကြပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။
“အခုလို သရုပ်ပြပွဲကျင်းပခြင်းဖြင့် နိုင်ငံတကာက အသိပညာ ဗဟုသုတတွေ တိုးပွားလာမယ်။ နိုင်ငံ အသီးသီးရဲ့ ယဉ်ကျေးမှူနဲ့ အာကီဒိုပညာရပ်တွေ နှီးနှောဖလှယ်နိုင်မယ့် အကျိုးကျေးဇူးတွေ ရရှိလာပါမယ်။ မန္တလေးမြို့မှာ Branch နှစ်ခုနဲ့ အာကီဒိုနည်းပညာရပ်တွေ ပြန့်ပွားအောင် ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံ အကီဒိုအဖွဲ့ချုပ် အတွင်းရေးမှူး နည်းပြဆရာ ဦးကျော်သီဟက ပြောသည်။
တင်မောင်(မန်းကိုယ်ပွား)


