ဘုန်းမြတ်(ဝယ်လင်တန်)
(ယမန်နေ့မှအဆက်)
ဒုစရိုက်သမားတွေ၊ အကြမ်းဖက်သမားတွေ Dark web အသုံးပြုနေတာတွေက တားဆီးဖို့ ကမ္ဘာ့နိုင်ငံတွေကကြိုးပမ်းနေပေမယ့်လည်း နည်းပညာမြင့်မားတဲ့နိုင်ငံအချို့ မှာသာ ထိထိရောက်ရောက် တားဆီးနိုင်ပါသေးတယ်။ ဥပမာအနေနဲ့ပြောရရင် အမေရိကန်နိုင်ငံသား Ross William Ulbricht က Silk Road လို့ခေါ်တဲ့ dark website တစ်ခုကို ၂၀၁၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး သူအဖမ်းမခံရခင် ၂၀၁၃ ခုနှစ်ကာလအထိ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကို အဲဒီ Silk Road ကိုသုံးပြီး လုပ်ကိုင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်ရောက်မှ အဲဒီ Silk Road ကို အမေရိကန်FBI က အပြီးတိုင်ပိတ်သိမ်းနိုင်ခဲ့ပါတယ်။ Silk Road နဲ့ဆက်စပ် ပတ်သက်တဲ့အသေးစိတ်အကြောင်းအရာတွေကိုတော့ “Underneath The Tip Of The Iceberg: The Deep Web” အနက်ရှိုင်းဆုံးအတွင်းပိုင်းဝက်(ဘ်)အလွှာ စာတမ်းမှာ ဖတ်ရှု နိုင်ပါတယ်။ ယခုအခါမှာတော့ Silk Roadနဲ့ပတ်သက်တဲ့ လေ့လာချက်များစွာကို အင်တာနက်မှာလည်း အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
Dark web ဆိုတာ အင်တာနက်လိုင်းပေါ်မှာပဲ သီးသန့် အလွှာတစ်ခုအနေနဲ့ အသုံးပြုရတာဖြစ်လို့ အင်တာနက်အသုံးပြုတဲ့ဘယ်နိုင်ငံမှာမဆို အသုံးပြုလို့ရနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ဒစ်ဂျစ်တယ်စနစ်ကိုပြောင်းလဲမှုအစမှာပဲ ဒီ web အလွှာတွေအကြောင်းကို သိထားမှသာလျှင် နောက် တစ်ဆင့်တက်လှမ်းမယ့် ဒစ်ဂျစ်တယ်စနစ်ကို အောင်အောင် မြင်မြင်နဲ့ ပြဿနာအနည်းဆုံးနဲ့ကူးပြောင်းနိုင်ဖို့ အစီအမံ တွေချထားနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် deep web နဲ့dark web တွေကို မသမာသူတွေနဲ့အကြမ်းဖက်သမားတွေ ရန်က ကာကွယ်နိုင်ဖို့ လိုအပ်တဲ့ဥပဒေတွေ၊ နည်းဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
Dark web တွေနဲ့ပတ်သက်လို့ ထူးခြားမှုတစ်ခုကတော့ The New York Times သတင်းစာရဲ့ website တစ်ခုကို Dark web မှာ ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။The New York Times ရဲ့သတင်းတွေကို ဖတ်လို့မရအောင် ပိတ်ဆို့ထားခြင်းခံရတဲ့ အချို့သောကမ္ဘာ့နိုင်ငံတွေက ပြည်သူတွေသတင်းတွေကို စိတ်ချလက်ချဖတ်ရှုနိုင်အောင်နဲ့ သတင်းဖွင့်ချသူ (whistleblower) တွေရဲ့လုံခြုံရေးကို အပြည့်အဝအကာ အကွယ်ပေးနိုင်အောင် အခုလိုလုပ်ဆောင်တာဖြစ်ကြောင်း သိရပါတယ်။ ဒီကိစ္စကိုThe New York Times သတင်းစာ ရဲ့တရားဝင် website မှာလည်း ဖော်ပြထားတာကို တွေ့ရပါတယ်။
ဆက်သွယ်မှုကွန်ရက် (encrypted network) တစ်ခုဖြစ်
ဒီနေရာမှာ အနည်းငယ်ဖြည့်စွက်ပြောရမယ့်အချက်တစ်ချက်ရှိပါသေးတယ်။ အဲဒါက Dark net အကြောင်းပါ။ Dark net ဆိုတာက အင်တာနက်ပေါ်မှာသီးသန့်soft ware နဲ့တည်ဆောက်ထားပြီး လုံခြုံရေးကုဒ်ထည့်သွင်းထားတဲ့ဆက်သွယ်မှုကွန်ရက် (encrypted network) တစ်ခု ဖြစ်ပါတယ်။ Dark net တွေဟာ သုံးစွဲသူတွေရဲ့အချက် အလက်တွေ၊ တည်နေရာတွေ၊ ၎င်းတို့ဘယ်လိုအချက် အလက် တွေရှာဖွေရယူနေတယ်ဆိုတာတွေကို မသိနိုင်အောင် ဖုံးကွယ်ပေးထားပါတယ်။ ၎င်းကို အသုံးပြုဖို့အတွက် သီးခြား သတ်မှတ်ထားတဲ့ browser တွေလိုအပ်ပါတယ်။ ကမ္ဘာမှာ နာမည်ကြီးတဲ့ Dark net တွေကတော့ အတိုကောက်အား ဖြင့် Tor လို့ခေါ်တဲ့ The Onion Router၊ Friend-to-Friend(F2F)နဲ့ ZeroNetတို့ဖြစ်ပါတယ်။
ဒီ Dark net တွေဟာ dark web တွေကိုချိတ်ဆက် သုံးစွဲနိုင်ဖို့ လုံခြုံရေးကုဒ်တွေပါတဲ့ အလွှာတွေနဲ့အင်တာနက် ပေါ်မှာ သီးသန့်တည်ဆောက်ထားတဲ့ဆက်သွယ်မှု ကွန်ရက် တွေဖြစ်ပါတယ်။ ဒီကွန်ရက်တွေဟာ dark web တွေကို ချိတ်ဆက်ဖို့သာမက သတင်းအချက်အလက်ပေးပို့ဖို့လည်း အသုံးပြုနိုင်ပါတယ်။ Dark net တွေဟာ သက်ဆိုင်သူတွေသာ ချိတ်ဆက်လို့ရတဲ့အတွက် သတင်းအချက်အလက် ပေးပို့မှု တွေကို သက်ဆိုင်သူတွေကလွဲလို့ မည်သူမျှ ရယူနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Dark net တွေဟာ အကြမ်းဖက် သမားတွေ၊ ဒုစရိုက်သမားတွေ မူးယစ်ဆေးဝါး ရောင်းဝယ် သူတွေအတွက်သာမက လူကုန်ကူးသူတွေ၊ အကြွေးကတ် အတု ပြုလုပ်ရောင်းချသူတွေ၊အကြွေးကတ်ခိုးယူ ရောင်းချ သူတွေ၊ ငွေကြေးခဝါချလိုသူတွေအတွက်ပါ အလွန်အသုံးတည့် နေတဲ့ အင်တာနက်ကွန်ရက်ကြီးတစ်ခုဖြစ်လို့လာနေပါပြီ။
ဒါကြောင့်မို့ ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလဲမှုနဲ့အတူ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ အထက်မှာပြောခဲ့တဲ့အချက် တွေကို သိထားဖို့လိုပါတယ်။ အကယ်၍မြန်မာနိုင်ငံမှာနည်း ပညာနဲ့ပတ်သက်တဲ့ ဥပဒေတွေရှိပြီး ဖြစ်ရင်လည်း ဒီ deep web နဲ့ dark web အသုံးပြုမှုတွေကို လွှမ်းခြုံနိုင်မယ့် အနေအထား ရှိ/ မရှိ၊Dark net တွေကို ကာကွယ်နိုင်မယ့် အခြေအနေ ရှိ/ မရှိ ပြန်လည်စိစစ်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့လုံခြုံရေးအဖွဲ့အစည်းတွေကလည်း deep web၊ dark webနဲ့ Dark net တွေကို စိစစ်စောင့်ကြည့်နိုင်ဖို့ စွမ်းဆောင်ရည်မြှင့်တင် နိုင်ရေး(capacity building) ကိုလည်း တစ်ပြိုင်နက်( တစ်ချိန် တည်း) အလေးပေးဆောင်ရွက်သင့်ပါတယ်။ စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုရာမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည် (institutional capacity) နဲ့ ဝန်ထမ်း တစ်ဦးချင်းရဲ့စွမ်းဆောင်ရည် (individual capacity) နှစ်မျိုးစလုံးကိုဆိုလိုပါတယ်။
ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့လိုအပ်
နောက်တစ်ချက်ကတော့ ဒုစရိုက်သမား၊ အကြမ်းဖက် သမားတွေအနေနဲ့ အထက်မှာပြောခဲ့တဲ့အတိုင်း deep web၊ dark webနှင့်dark netတွေသုံးပြီး ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အခြေအနေတွေကို ပြည်သူတွေသိနားလည်ဖို့ဖြစ်ပါတယ်။လူကုန်ကူးမှု၊ စိတ်ကြွမူးယစ်ဆေးရောင်းဝယ်မှုတွေ ကျူးလွန်နေတဲ့ ဒုစရိုက်သမားတွေရဲ့အဓိကပြစ်မှတ်ဟာ အပြစ်မဲ့ပြည်သူတွေဖြစ်သလို အကြမ်းဖက်သမားတွေ အဓိက ရည်ရွယ်တိုက်ခိုက်နေတဲ့နေရာတွေဟာလည်း အပြစ်မဲ့ ပြည်သူများစုဝေးရာကျောင်း၊ ဟိုတယ်၊ ရုပ်ရှင်ရုံစတဲ့ soft targets တွေဖြစ်ပါတယ်။ ဒါကြောင့်မို့ နည်းပညာရဲ့ အခြေခံ သဘောတရားတွေ၊ ဒုစရိုက်သမားတွေ၊ အကြမ်းဖက်သမား တွေ၊ အင်တာနက်နဲ့ web တွေကို အသုံးပြုနေတဲ့ အခြေ အနေတွေကို သက်ဆိုင်ရာအစိုးရဝန်ထမ်း၊ တရားဥပဒေစိုးမိုး ရေးအေဂျင်စီတွေအပြင် ပြည်သူနဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ကပါ သိနားလည်ထားဖို့ လိုအပ်တာဖြစ်ပါတယ်။ အဲဒီလိုနားလည် မှ အစိုးရ-ပုဂ္ဂလိကမိတ်ဖက်အသွင်နဲ့ ဒုစရိုက်သမားတွေ အကြမ်းဖက်သမားတွေ အင်တာနက်နဲ့ web အသုံးနေတာကို ဟန့်တားနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေကို ဦးတည် ဖို့ဆိုရင် ပြည်သူတွေအနေနဲ့ အထက်မှာပြောခဲ့တဲ့ အင်တာနက် နဲ့ web တို့ရဲ့ အခြေခံသဘောတွေကို အခုကတည်းက လေ့လာ သိရှိထားသင့်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပညာပေး ဖို့လိုအပ်လာမှာ ဖြစ်ပါတယ်။
အထက်မှာပြောခဲ့တာတွေအပြင် အင်တာနက်နဲ့ web တို့ရဲ့အခြေခံသဘောတရားတွေသိထားဖို့ နောက်ထပ် အကြောင်းပြချက်တစ်ခုလည်း ရှိပါသေးတယ်။ တစ်ဟုန်ထိုး ဖွံ့ဖြိုးလာနေတဲ့ ဉာဏ်ရည်တုနည်းပညာ artificial intelligence ကြောင့်ပဲဖြစ်ပါတယ်။ မူလကဒီဉာဏ်ရည်တု နည်းပညာကို စက်ရုပ်တွေမှာသာ အသုံးပြုနေကြောင်းလူအများစုကသိထားပေမယ့် ယခုအခါမှာ ယင်းဉာဏ်ရည်တုတွေက ကွန်ပျူတာထိန်းချုပ်မှုကတစ်ဆင့် လုပ်ငန်းတွေကိုလည်ပတ်ဖို့ ကြိုးစားလုပ်ဆောင်လာ နေပြီဖြစ်ပါတယ်။တရုတ်နိုင်ငံဆင်ဟွာသတင်းဌာနဆိုရင် ကမ္ဘာ့ပထမဦးဆုံး artificial intelligence နည်းပညာသုံး သတင်းတင်ဆက်မှုကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ ထုတ်လွှင့်ခဲ့ပါတယ်။ လူအစား artificial intelligence ကပုံဖော်သည့် လူရိပ်ဖြင့်သတင်းများကို ကြေညာထုတ်လွှင့်သည်အထိ ဉာဏ်ရည်တုနည်းပညာကို တွင်ကျယ်စွာ အသုံးပြုလာနေတာ ဖြစ်ပါတယ်။ တစ်ချိန် တည်းမှာပဲ ဉာဏ်ရည်တုတွေကို အင်တာနက်နဲ့ ချိတ်ဆက် အသုံးပြုတာတွေ၊ web တွေနဲ့ ချိတ်ဆက်အသုံးပြုတာ တွေကိုလည်း ကဏ္ဍစုံမှာတွေ့မြင်လာနေရပါတယ်။
မြန်မာနိုင်ငံရဲ့ဒစ်ဂျစ်တယ်ပြောင်းလဲရေးမှာ အားသာချက် တစ်ခုဖြစ်တဲ့ နည်းပညာသစ်တွေကိုခုန်ပျံကျော်လွှား သုံးစွဲနိုင် တဲ့အခွင့်အလမ်းအရ လက်ရှိအချိန်မှာတောင် အခြေခံကျတဲ့ artificial intelligence ဉာဏ်ရည်တုနည်းပညာတွေကို စတင်ထိတွေခွင့်ရနေပြီ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် စမတ် ဖုန်းအသုံးပြုမှု တွင်ကျယ်လာတာဖြစ်ပါတယ်။ စမတ်ဖုန်းတွေ မှာပါတဲ့ လက်ဗွေဖတ်တဲ့စနစ်တွေ၊ မျက်နှာကိုမှတ်တမ်းတင် တဲ့စနစ်တွေ၊ အမည်ခေါ်လိုက်တာနဲ့ဖုန်းခေါ်ပေးတဲ့စနစ် စတာတွေဟာဉာဏ်ရည်တုနဲ့လုပ်ထားတဲ့ ကွန်ပျူတာ နည်းပညာတွေဖြစ်ပါတယ်။
artificial intelligence တွေကို
ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု
ဒါတွေကိုကြည့်ရင် အင်တာနက်နဲ့ web တွေရဲ့ အခြေခံ သဘောတရားတွေကို တီးမိခေါက်မိ အခြေအနေမှာပဲ မြန်မာ ပြည်သူတွေဟာ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်တဲ့ artificial intelligence ရဲ့အခြေခံတွေကို မြည်းစမ်းခွင့် ရ နေတာ တွေ့နိုင်ပါတယ်။ သတင်းအချက်အလက်ဆိုင်ရာကိစ္စ တွေမှာ မသမာမှုတွေကိုရှောင်ရှားနိုင်ဖို့အတွက် နိုင်ငံတကာ ကုမ္ပဏီအများစုဟာ artificial intelligence တွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလို့ လာနေပါတယ်။ ဒီအခြေအနေ ကြောင့် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ အခြေခံသဘောတရား တွေနဲ့ အသားမကျခင်မှာဘဲ artificial intelligence တွေကိုတွင်ကျယ်စွာအသုံးပြုမှုတွေဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ အတူ မြန်မာနိုင်ငံကိုကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်လာမယ့် အခြေအနေကိုလည်း မြင်တွေ့နေရပါတယ်။ သတင်း အချက်လက်ဆိုင်ရာ ကိစ္စတွေမှာ artificial
intelligence ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လာတာတွေကို အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးယူနီယမ် (International Telecommunication Union(ITU))ကထုတ်တဲ့ အထူးထုတ်ဂျာနယ် “The impact of Artificial Intelligence on Communication network and services” ဉာဏ်ရည်တုသုံး ဆက်သွယ်ရေး
ကွန်ရက်၏ သက်ရောက်မှုစာတမ်းမှာ လေ့လာတွေ့ရှိရပါ တယ်။
အစိုးရပိုင်း၊ ပုဂ္ဂလိကပိုင်းရဲ့ အချက်အလက်တွေကို သက်ဆိုင်ရာကုမ္ပဏီတွေ၊ လုပ်ငန်းတွေကခွင့်ပြုချက်နဲ့ရယူသုံးစွဲရတဲ့အခါ ၎င်းတို့ဘက်မှ artificial intelligence အသုံးပြု ဆောင်ရွက်ပါက အဲဒီartificial intelligence တွေကို အချက် အလက်ဘဏ်သို့ထိတွေ့ခွင့် (access) ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို ထိတွေ့ခွင့် (access)
ပေးတဲ့အခါ ဘယ်လမ်းကြောင်းက ပေးဖို့လိုမလဲဆိုတဲ့
web တို့ရဲ့ အခြေခံသဘောကို ယနေ့အချိန်ကတည်းက ကြိုတင် သိနားလည်ထားရမှာ ဖြစ်ပါတယ်။ သို့မှသာ ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းခြင်း အပါအဝင် အစီအမံများကို ကြိုတင် စီမံထားနိုင်မှာ ဖြစ်ပါတယ်။
ဥပမာတစ်ခုအနေနဲ့တင်ပြရရင် ပြည်သူတစ်ဦးက မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်ခွဲတစ်ခုမှာ ငွေစာရင်းဖွင့်ထားပြီး ကိုယ်ပိုင်စုဆောင်းငွေနဲ့ မော်တော်ကားကုမ္ပဏီတစ်ခုမှ ကားတစ်စီးဝယ်တဲ့အခါ ငွေပေးချေမှုကိုဘဏ်က ကားကုမ္ပဏီသို့ တိုက်ရိုက်ပြုလုပ်စေလျှင် ၎င်းရဲ့အခွန် မှတ်တမ်းကို သက်ဆိုင်ရာ မော်တော်ကားကုမ္ပဏီနဲ့ ဘဏ်တို့က သိရှိဖို့လိုအပ်လာပါတယ်။ အဲဒီအခါမှာ မှတ်တမ်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့်ထားရှိခြင်း မဟုတ်
ပါက ကာယကံရှင်အနေနဲ့ သက်ဆိုင်ရာအခွန်ရုံးကို သွားရောက်ပြီး စာရွက်စာတမ်းရယူကာ ဘဏ်နဲ့ကား ကုမ္ပဏီသို့ ပေးအပ်ဖို့ဖြစ်ပါတယ်။
အဲဒီလိုဆောင်ရွက်တဲ့အခါမသမာမှုများ၊ လာဘ်ပေး
လာဘ်ယူမှုများ ပေါ်ပေါက်နိုင်ပါတယ်။ ဒီလိုအခြေအနေ
တွေကို ရှောင်ရှားနိုင်ဖို့-ID ပြုလုပ်တာဖြစ်ပါတယ်။ e-IDဟာလူတစ်ဦးရဲ့ အချက်အလက်တွေကို အီလက် ထရွန်နစ်စနစ်နဲ့ထိန်းသိမ်း ထားတာဖြစ်လို့ မှတ်တမ်းရေး သွင်းပြီးတာနဲ့ ယင်းအချက် အလက်တွေက အလွယ်တကူ ပြင်ဆင်ဖို့ မလွယ်ကူတော့ပါဘူး။ ဒီလိုမလွယ်ကူတဲ့အတွက် အခွန်နှုန်းထား၊ အခွန်မှတ်တမ်းတွေကို ထုတ်ပေးရာမှာ မသမာမှုရှိနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း e-IDစနစ်မှာအချက်အလက် တွေရဲ့လုံခြုံမှုအတွက် အစီ အမံတွေထားရှိဖို့တော့ အထူးလိုအပ်ပါတယ်။
လွန်စွာအရေးကြီး
e-IDစနစ်ကို သုံးစွဲတဲ့အခါ အထက်ပါကိစ္စရပ်မျိုးတွေမှာ အခွန်မှတ်တမ်းကို သက်ဆိုင်ရာ မော်တော်ကားကုမ္ပဏီနဲ့ ဘဏ်တို့က အချက်အလက်ဘဏ်က အင်တာနက်က
တစ်ဆင့်ချိတ်ပြီး ကာယကံရှင်ရဲ့ အခွန်မှတ်တမ်းကို ရယူ နိုင်မှာဖြစ်ပါတယ်။ ယင်းသို့ ရယူနိုင်အောင်လည်း ချိတ်ဆက် ခွင့် (access) ကို ဥပဒေနဲ့အညီ ခွင့်ပြုပေးထားရမှာ ဖြစ်ပါ
တယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါ ဥပဒေနဲ့အညီ ဆောင်ရွက် သည့်တိုင် ကုမ္ပဏီနဲ့ငွေစုဘဏ်တို့က အချက်အလက်ဘဏ် ကို ချိတ်ဆက်ရာမှာ ဆက်သွယ်မှုလမ်းကြောင်းကို web ရဲ့ မည်သည့်အလွှာမှာ ထားရှိမလဲဆိုတာ လွန်စွာအရေးကြီး ပါတယ်။ သာမန်အခြေအနေမျိုးမှာတောင် အချက်အလက် ဘဏ်နှင့် ခွင့်ပြုချက်ရသည့် အဖွဲ့အစည်းတို့အကြား အချက်အလက် အပြန်အလှန် ဖလှယ်မှုကို လုံခြုံစွာဆောင် ရွက်နိုင်ရန် အထူးအလေးထား စီစဉ်ဖို့ လိုအပ်နေတဲ့အတွက် ဉာဏ်ရည်တုတွေ့နဲ့ ချိတ်ဆက် ဆောင်ရွက်လာမယ်ဆိုရင် သတင်းအချက်အလက် လုံခြုံမှုအပိုင်းဟာ ပိုအရေးကြီး လာမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် မြန်မာနိုင်ငံရဲ့ဒစ်ဂျစ်တယ် စနစ်ကူးပြောင်းရေးလုပ်ငန်းဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ မရှိမဖြစ်လိုအပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။ ရှေးရိုးစွဲသူတွေ အနေနဲ့ သတင်းအချက်အလက် လုံခြုံရေးကိစ္စကို ထောက် ပြပြီး ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းတာကို မနှစ်မြို့နိုင်သော် လည်း ဒစ်ဂျစ်တယ်စနစ်မှသာ အကျင့်ပျက်ခြစားမှုနဲ့ အဂတိ လိုက်စားမှုတွေကို ထိရောက်စွာ တားဆီးလို့ရမှာဖြစ်ပါ တယ်။ ဒစ်ဂျစ်တယ်စနစ်ကို ကူးပြောင်းပြီးတဲ့အခါ အနိမ့်ဆုံး အဆင့်အနေနဲ့ လူတစ်ဦးတည်းက နိုင်ငံသားစိစစ်ရေး
ကတ်ပြားများစွာ ကိုင်ဆောင်ထားနိုင်တဲ့ အခြေအနေမျိုးကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုအချက်တွေသာမက အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ၊ အားသာချက်တွေ ကလည်း သိသိသာသာရှိနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းရေးလုပ်ငန်းမှာ digital literacy နဲ့အချက်အလက် လုံခြုံရေးအပိုင်းကို ဖိဖိစီးစီး လုပ်နိုင်မယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွား ဘဝတိုးတက်ရေးကို များစွာအထောက်အကူပြုမယ့်
နည်းပညာကို အခြေခံသည့် တိုးတက်သော လူမှုအဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာမှာ အသေအချာဖြစ်ပါတယ်။
ဝန်ခံချက်။ ဤဆောင်းပါးမှာ နည်းပညာဆိုင်ရာ အကောက် အယူလွဲမှုများရှိက စာရေးသူရဲ့အားနည်းချက်သာဖြစ်ပါ တယ်။ ယခုဆောင်းပါးဟာ နည်းပညာအခြေခံများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိထားဖို့၊ လိုအပ်တဲ့ ဥပဒေတွေပြဋ္ဌာန်းထားနိုင်ဖို့ နည်းပညာကျွမ်းကျင်သူတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေတာကို တစ်ဖက်တစ်လမ်းက မူဝါဒဆိုင်ရာ အကြံပြုတင်ပြထား ခြင်းသာဖြစ်ပါတယ်။
ရည်ညွှန်းကိုးကား
၁။ Gehl, Robert W., Weaving the Dark Web: Legitimacy on Freenet, Tor, and I2P, London, MIT Press, 2018.
၂။ Jeffray, C. andFeakin, T. 2015. Underground Web The Cybercrime Challenge. Australian StrategicPolicy Institute, Special Report.https :// www.aspi.org.au/ report/under groun d-web-cyber crime-challenge.
၃။ ဗီအိုအေသတင်းဌာန၏ သိပ္ပံနှင့်နည်းပညာကဏ္ဍက ၁၄-၂-၂၀၁၉ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည့် နာဆာသိပ္ပံ ပညာရှင် ဒေါက်တာပဒေသာတင်နှင့် ၂၀၁၈ ခုနှစ် အတွင်း သိပ္ပံနှင့်နည်းပညာတိုးတက်မှု အမေးအဖြေ။
၄။ ဂျာမနီနိုင်ငံ Hamburg University of Applied Sciences ရဲ့ Information Research and Information Retrieval ဌာနက ပါမောက္ခ Prof. Dr. Dirk Lewandowski နဲ့ ဂျာမနီနိုင်ငံ Mannheim မြို့ Leibniz-Institute for the Social Sciences က Dr. Philipp Mayr-Schlegel တို့ပူးတွဲပြုစုတဲ့ Library Hi Tech က၂၀၀၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့အတွဲ၂၄၊ အမှတ် ၄ မှာ ပါတဲ့ “Exploring The Academic Invisible Web” လေ့လာချက်စာတမ်း။
ကြေးမုံ