သီဟလုလင်
(ယခင်အပတ်မှအဆက်)
ကောင်ဒေါ သဘာဝလိုဏ်ဂူတော်ကြီး
မုဆိုးကြီးကောင်ဒေါရဲ့ အရုပ်ကြီးလည်း ထုဆစ်ထားပြီး ဂူအဝင်ဝမှာ ထားထားတဲ့ ဒီသဘာဝလိုဏ်ဂူဟာ တကယ်လှပါတယ်။ တကယ်ကို သဘာဝ အဆန်ဆုံး ထိန်းထားပေးတဲ့ သက်ဆိုင်ရာ စောင့်ရှောက်သူများနဲ့ ကျောင်းထိုင်ဘုန်းဘုန်းတို့ကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့တွေ တော်တော်နက်နက်အထိ ဝင်လေ့လာဖြစ်ခဲ့တယ်။ ဂူပေါက်ဆုံးနိုးနိုးသွားကြည့်ပေမယ့် မီးသွယ်တန်းထားတာသာ ဆုံးသွားတယ်။ ဂူက မဆုံးသေး။ မြင်လည်းမမြင် ရတော့တဲ့အပြင် မိုးတွင်းမို့ရေကလည်း လျှံလာတာနဲ့ ပြန်ထွက်လာခဲ့ကြတယ်။ ကျောက်စက်ပန်းဆွဲတွေ၊ ရေမှော်ပင်တွေနဲ့ သဘာဝလိုဏ်ဂူကြီးဟာ နိုင်ငံခြားသား ခရီးသွားတွေ အတော်သဘောကျလိုက်မယ့်ဖြစ်ခြင်း။
တောင်ထီဗွာဂူနဲ့ ဝင်္ကပါတောင်
ဝင်္ကပါတောင် မရောက်မီမြင်ရတဲ့ ရွာကြီးဟာ စနစ်တကျနဲ့ လှနေတာမို့ သဘောကျမိတယ်။ ဒီဝင်္ကပါတောင်ကိုရောက်ရင် ဓာတ်ပုံရိုက်ချင်စိတ် ပေါ်လာစေတဲ့ ကျောက်နံရံကြီးတွေရှိတယ်။ တောင်ထီဗွာဂူထဲမှာတော့ ဝင်္ကပါလိုဖြစ်နေတဲ့ လမ်းအသွယ် သွယ်ထဲ ဝင်သွားကြည့်ရတာ စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ တချို့လည်း စမ်းတဝါးဝါးတွေ ဖြစ်လို့။ သွားနေကျ သူတွေကတော့ ဘယ်နေရာ ဘာရှိလဲဆိုတာ သိနေကြပြီ။
လိမ္မော်ခြံ
ပင်လောင်းလိမ္မော်သီးလေးတွေစားကောင်းတယ်။ လိမ္မော်ရာသီ မဟုတ်သေးပေမယ့် ခြံထဲအထိဆင်းပြီး လိမ္မော်ပင်စိုက်ခင်း တွေကို လေ့လာခဲ့တယ်။ ဆောင်းတွင်းဆိုရင်တော့ လိမ္မော်ချိန်ရောက်ပြီမို့ ပိတ်ရက်ခရီးသွားသူတွေ ဝင်းမှည့်နေတဲ့ လိမ္မော်သီးတွေကို ခြံအပြည့် မြင်ကြရမှာပါ။ ဒါလေးလည်း ဗဟုသုတအဖြစ်သွားရင်း သဘာဝရှုခင်းတွေနဲ့ စိုက်ခင်းတွေကြား လည်ပတ် ပျော်ရွှင်နိုင်တယ်။
ပအိုဝ်းရိုးရာပလိုင်းရက်တဲ့ ရွာများ
ရိုးရာပလိုင်းရက်တဲ့ ရွာတွေကိုလည်း မဖြစ်မနေ လေ့လာစေချင်ပါတယ်။ အဆင်ပြေမယ်ဆို အားပေးခဲ့ စေချင်ပါသေးတယ်။ ငွေကျပ် ၁၀ဝ၀ ကနေ ၅၀ဝ၀ ဝန်းကျင်လောက်ပဲ ရှိတတ်လို့ပါ။ ဒေသခံလမ်းညွှန် နဲ့သွားပါ။ သွားတဲ့အခါ ရက်တဲ့အိမ်တွေအထိ သေချာလိုက်ပြပေးတာမို့ ရက်လုပ်နေတာတွေကိုလည်း လေ့လာခွင့်ရမယ့်အပြင် ဒီဒေသက လူနေမှု ပုံစံတွေကိုလည်း ဗဟုသုတရမယ်။ အိမ်တည်ဆောက်ပုံနဲ့ မိသားစုပုံစံတွေကို မြင်တွေ့ရပါဦးမယ်။ သူ့ရာသီအခါဆို ရွာထိပ်မှာတင် စုရပ် အသီးသီးရှိပြီး ရွာသူရွာသားတွေ စုပေါင်းရက်လုပ် နေကြတာကို ချစ်စဖွယ် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။
ပအိုဝ်းယွန်းထည်
ပအိုဝ်းမှာလည်း ယွန်းလုပ်ငန်း ရှိတယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော် အံ့သြသွားတယ်။ လက်ဆင့်ကမ်း လုပ်ကိုင်နေသူ ရှားပြီး တိမ်မြုပ်လုမတတ်ဖြစ်နေတဲ့ ဒီလက်မှုလုပ်ငန်းကို ကျွန်တော်သိလိုက်ရတော့ အတော်စိတ်ဝင်စားမိတယ်။ ခေတ်နဲ့အညီ အသုံးတည့်မယ့် ပစ္စည်းလေးတွေ ထုတ်လုပ်နိုင်ရင် ပအိုဝ်းယွန်းက တစ်ခေတ်ဆန်းလို့ ပြည်တွင်းပြည်ပ ခရီးသွားတွေရဲ့ အိမ်ပြန် လက်ဆောင်ဝယ်စရာ ဖြစ်လာနိုင်တယ်လို့ ယူဆမိပါတယ်။
ဒုံးယေးခေါဝ်းကျန်စစ်သားခြေရာ
လက်ဖက်ပင်ပေါက်လေးတွေရောင်းပြီး ဝင်ငွေရှာတဲ့အကြောင်းကို ဗဟုသုတ အများကြီးရလိုက်တယ်။ ကျန်စစ်သားခြေရာလို့ ယူဆရတဲ့ ခြေရာပုံစံ တစ်ခုကို ထိန်းသိမ်းထားတာကို တွေ့ခဲ့ရတယ်။ ဒီပင်လောင်းမှာ ကျန်စစ်သားခြေရာက ဘယ်တစ်ဖက် ညာတစ်ဖက် တစ်နေရာစီ အတော်ဝေးဝေး ရှိနေတာ။
အခြားလည်ပတ်စရာနေရာများ
ပင်လောင်းနယ်ထဲပါဝင်တဲ့ နေရာတချို့ကို အချိန်ရမယ်ဆိုရင်တော့ ဆက်လည်စေချင်မိပါတယ်။ စင်းဆင်းရေတံခွန်၊ အေးချမ်းမြေ အပန်းဖြေစခန်း၊ ဟားရေတံခွန်၊ ရွက်ပုန်းသီးကော်ဖီစက်ရုံ (ပအိုဝ်းကော်ဖီ)၊ ဘီလူးချောင်း ရေထွက်နဲ့ သဘာဝဂူ၊ ရှမ်းစက္ကူပြုလုပ်တဲ့လုပ်ငန်း၊ ပအိုဝ်းရိုးရာမီးလုံးပွဲ၊ ဒုံးလွှတ်ပွဲနဲ့ မိုးခေါ်ပွဲ(ရာသီအလိုက်)၊ လိန်းလီတံတား၊ နန့်မွန်ကြီးရေတံခွန်တို့ ဖြစ်ပါတယ်။
လည်ပတ်ဖို့အတွက် ဒေသခံလမ်းညွှန်တွေနဲ့ ဆက်သွယ်ပါ
ကျွန်တော်တို့ ဒေသတစ်ခုကိုသွားရင် အဲဒီဒေသအကြောင်းနဲ့ ထူးခြားတဲ့ ဖြစ်ရပ်ဖြစ်စဉ်တွေ၊ စိတ်ဝင်စားစရာတွေကို သေချာ သိသင့်ပါတယ်။ ဒီအတိုင်းလေးသွားကြည့်ရုံနဲ့ တချို့နေရာတွေရဲ့တန်ဖိုးကို မသိရတတ်ပါဘူး။ ဒါတွေကို သေချာရှင်းလင်း ပြောပြနိုင်တာက ဒေသခံလမ်းညွှန်တွေပါ။ မြန်မာပြည်ထဲ ပါးစပ်ပါ ရွာရောက်ပေမယ့် ဒေသခံလမ်းညွှန်ပါရင် ပိုသွားရ လွယ်ကူပြီး ဗဟုသုတ ပိုဖြစ်ရပါတယ်။ ကျွန်တော့်ရဲ့ ပင်လောင်းခရီးစဉ်မှာ ဒေသခံလမ်းညွှန်အဖြစ် ကိုခွန်လို့ လွယ်လွယ် ခေါ်ကြတဲ့ ကိုခွန်လွန်စိန်ပါ။
သူက ကိုယ်နေထိုင်လည်ပတ်မယ့် ပုံစံအလိုက် သေချာလေး ခရီးစဉ်ဆွဲပေးနိုင်ပါတယ်။ လမ်းကြောင်းသင့်မယ့် လည်ပတ်စရာ နေရာအစုံကို တစ်ခါတည်း တိုင်ပင်လုပ်ဆောင်နိုင်တဲ့အပြင် ကား၊ ဆိုင်ကယ်ငှားတာကအစ စီစဉ်ပေးနိုင်လို့ သူနဲ့ချိတ်ဆက်တာ အဆင်ပြေဆုံး ဖြစ်မှာ ပါ။ ပင်လောင်းရောက်လို့ ဆက်သွယ်မယ်ဆိုရင်တော့-
ပင်လောင်းဒေသခံလမ်းညွှန် ကိုခွန်လွန်စိန် ဖုန်း ဝ၉-၂၆၀၈၉၀၈၈၀၊ ဝ၉- ၇၈၃၅၃၀ဝ၄၅။ ခရီးစဉ်တွေက ပင်လောင်းမြို့ထဲ မှာအပြင် တစ်ဆင့်ခံ ဆက်သွားရမယ့် နေရာတွေလည်းများလို့ ပိတ်ရက်များများလေးရှိရင် သွားနေကျနေရာတွေထဲက ခွဲထွက်လို့ ပြောင်းလဲသွားလာ လည်ပတ်နိုင်မယ့် ဒေသသစ်တစ်ခုအဖြစ် တင်ပြပေးလိုက်ရပါတယ်။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ ။