မန္တလေး ၈ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေ၊ နည်းဥပဒေအသစ် ပြင်ဆင်ရေးဆွဲရန် ပြည်သူ့အသံကြားနာပွဲကို ယခုလအတွင်း ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ (ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်) ဦးတင်အောင် ထံမှ သိရသည်။
စည်ပင်သာယာရေး ကော်မတီဥပဒေ၊ နည်းဥပဒေတွင် ပါဝင်မည်ဖြစ်သော ရေနှင့် သန့်ရှင်းရေး၊ အခွန်နှင့်သက်ဆိုင်သော ကိစ္စရပ်များကို ပြည်သူ့အသံကြားနာပွဲ ပြုလုပ်ခြင်းဖြစ်သည်။
" အခွန်ဆိုရင် ခေါင်းစဉ်တွေက အမျိုးမျိုးရှိတယ်။ ပြည်သူ့အတွက် ဘာတွေ အခက်အခဲရှိလဲ ကြားချင်တာပေါ့။ ဒဏ်ကြေးပြဿနာတွေဆို စည်ပင်ဘက်က နည်းတယ်ပြောတယ်။ ပြည်သူ့ဘက်ကကျ များတယ်ပြောတယ်။ အဲဒါတွေ မေးရမှာပေါ့ " ဟု ဦးတင်အောင်က ပြောသည်။
ပြည်သူ့အသံကြားနာပွဲကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်၌ ငါးရက်ကြာပြုလုပ်ရန် စီစဉ်နေပြီး ကျင်းပမည့်နေ့ကို မရွေးချယ်ရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရှိ ဌာန ၁၄ ခုအနက် သန့်ရှင်းရေးဌာန၊ အခွန်ဌာနတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များကို ကြားနာပွဲပြုလုပ်မည်ဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာက ဈေးနှင့် သားသတ်ဌာနနှင့် သက်ဆိုင်သော ကိစ္စရပ်များ ကြားနာခဲ့သည်။
သူရိန်လင်း