နေပြည်တော် ၈ ဇန်နဝါရီ
ဧရာဝတီတံတား(ညောင်တုန်း) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် RP 12 နှင့် RP 13 အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် RP 11 နှင့် RP 12 အကြားမှ လည်းကောင်း၊ ဖွင့်လှစ်ထားခဲ့သည်။ ယခုအခါ ရေနည်းကာလသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် ရေလမ်းကြောင်း အခြေအနေအရ ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့မှစ၍ အစုန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် RP 15 နှင့် RP 16 အကြားသို့လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် RP 14 နှင့် RP 15 အကြားသို့လည်းကောင်း၊ ပြောင်းလဲဖွင့်လှစ်မည် ဖြစ်သည်။
ပြောင်းလဲမည့် ရေလမ်း၏ ကင်းလွတ်အကျယ်မှာ (၂၆၂) ပေရှိပြီးကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက် (၅၇)ပေရှိသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံ အမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်းပြသထားမည် ဖြစ်ပါသည်။ မဝင်ရမည့်ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေခတ် အမှတ်အသားပြသ၍ ညအခါ မီးနီထွန်းပြသထားမည် ဖြစ်သည်။
တံတားရေလယ်တိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဖက်တစ်ချက်တွင် (၁၅)ပေခန့် အစွန်းထွက်နေသဖြင့် ရေယာဉ်များရေ လယ်တိုင်(၂)ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန်နှင့် တွဲရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။
(သတင်းစဉ်)