မောင်စာဂ

 


နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းဆောင်ရွက်သည်ဟု ဆိုထားရာ ဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် စာရေးသူ မောင်စာဂ၏ ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

 

စီရင်ချက်သည် မှုခင်းတစ်ခု စုံစမ်းစစ်ဆေးပြီးမြောက် ခြင်း၏ အဖြေဖြစ်ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်၏ပြယုဂ်ဖြစ်ကြောင်း၊ တရားစီရင်ရေး၏ ပင်မကျောရိုး
ဖြစ်ကြောင်း စီရင်ချက်နှင့် တရားစီရင်ရေးမဏ္ဍိုင်ဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။ ယခုတစ်ဖန် စီရင်ချက်မှသည် တရားစီရင်ထုံးသို့ ရောက်ရှိသွားပုံ အကြောင်း အနှစ်ချုပ်၍မျှဝေပါရစေ။

 

မူလတရားရုံးစီရင်ချက်များ

အဆင့်ဆင့်သော တရားရုံးများဖြစ်သည့် မြို့နယ်တရားရုံး၊ ဥပဒေအရသတ်မှတ်ထားသော အခြားတရား
ရုံး၊ ခရိုင်တရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်များသည် ဥပဒေနှင့်အညီ ဥပဒေက သတ်မှတ်ပြဋ္ဌာန်းထားသည့်
အတိုင်း မူလအမှုများကို စီရင်ပိုင်ခွင့်အာဏာများရှိကြသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည်ပင်လျှင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌သာ စီရင်ပိုင်ခွင့်အာဏာရှိသည်ဟု သတ်မှတ်ထားသော အမှုကိစ္စများ အတွက် မူလစီရင်ပိုင်ခွင့်အာဏာများကို ကျင့်သုံး ဆောင်ရွက်ခွင့်ရှိသည်။

တရားရုံးအသီးသီးက မူလစီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံး၍ ချမှတ်ခဲ့သော စီရင်ချက်များသည် မူလတရားရုံးစီရင်ချက်များဖြစ်သည်။ ရာဇဝတ်မှုခင်းများတွင် မူလတရားရုံးစီရင်ချက်များ ရေးသားပုံရေးသားနည်းကို စီရင်ချက်နှင့် တရားစီရင်ရေးမဏ္ဍိုင် ဆောင်းပါးတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

 

အယူခံ၊ ပြင်ဆင်တရားရုံးစီရင်ချက်များ

ခရိုင်တရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များသည် ဥပဒေနှင့်အညီ မူလအမှုကို စီရင်ပိုင်ခွင့်အာဏာရှိသည့်အပြင် ဥပဒေကသတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း အယူခံမှုကို စီရင်ပိုင်ခွင့်နှင့် ပြင်ဆင်မှုကို စီရင်ပိုင်ခွင့်အာဏာများ ရှိသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဥပဒေကသတ်မှတ်ထားသည့်အတိုင်း မူလအမှုကို စီရင်ပိုင်ခွင့် အာဏာရှိသည့်အပြင် ဥပဒေနှင့်အညီ အယူခံမှုကိုစီရင် ပိုင်ခွင့်နှင့် ပြင်ဆင်မှုကို စီရင်ပိုင်ခွင့်အာဏာရှိသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မူလစီရင်ပိုင်ခွင့် အာဏာကိုကျင့်သုံး၍ ဖြစ်စေ၊ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံး၍ဖြစ်စေ အပြီး သတ်ချမှတ်သောစီရင်ချက်၊ ဒီဂရီ သို့မဟုတ် အမိန့်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအယူခံဝင်ခွင့်ပြု နိုင်သည်။
အယူခံမှုနှင့်ပြင်ဆင်မှုတို့ကို စီရင်ပိုင်ခွင့်အာဏာရှိ သော အယူခံတရားရုံး၊ ပြင်ဆင်တရားရုံးတို့က ချမှတ်လိုက်သော စီရင်ချက်များသည် အယူခံပြင်ဆင်တရားရုံး များ၏ စီရင်ချက်များဖြစ်သည်။

 

အယူခံမှု၊ ပြင်ဆင်မှုတွင် စီရင်ချက်ရေးသားနည်းစီရင်ချက်မှ စီရင်ထုံးဖြစ်လာရသည့်အတွက် စီရင်ချက်ရေးသားပုံရေးသားနည်းသည် အရေးကြီးသည်။ ရာဇဝတ်မှုခင်းဆိုင်ရာအယူခံမှုနှင့် ပြင်ဆင်မှုများတွင် စီရင်ချက်နှင့်အမိန့်များ ရေးသားပုံ ရေးသားနည်းတွင် အဓိကအားဖြင့် ခေါင်းစီးပိုင်းရေးသားခြင်းအပိုင်းနှင့်
စီရင်ချက်နှင့် အမိန့်ရေးသားခြင်းအပိုင်းဟူ၍ အပိုင်း နှစ်ပိုင်းတွေ့ရသည်။

 

ခေါင်းစီးပိုင်းရေးသားနည်းအပိုင်း

ဤအပိုင်းတွင် ကြားနာစစ်ဆေးသော တရားရုံး အမည်၊ အမှုအမျိုးအစားနှင့် အမှုအမှတ်၊ မည်သည့်တရားရုံးကစစ်ဆေးသောအမှုကို အယူခံဝင်သည့် သို့
မဟုတ် ပြင်ဆင်မှုတင်သွင်းသည့်အကြောင်း ဖော်ပြ ချက်တို့ကို ရေးသားရသည်။

အယူခံတရားလို သို့မဟုတ် လျှောက်ထားသူတို့၏ အမည် တစ်ဦးထက်ပိုလျှင်သော်လည်းကောင်း၊ အယူခံ တရားခံ သို့မဟုတ် လျှောက်ထားခံရသူ၏အမည်
တစ်ဦးထက်ပိုလျှင်သော်လည်းကောင်း ယင်းတို့၏ အမည်များကို အမှတ်စဉ်တပ်၍ အထက်မှ အောက်သို့စဉ်ပြီးရေးရသည်။

အယူခံတရားလို သို့မဟုတ် လျှောက်ထားသူနှင့် အယူခံတရားခံ သို့မဟုတ် လျှောက်ထားခံရသူတို့ အတွက် လိုက်ပါဆောင်ရွက်သောရှေ့နေများ၏အမည်၊
ထို့နောက် တရားစွဲဆိုသောဥပဒေနှင့် ပုဒ်မ (ပြစ်မှုထင်ရှားစီရင်ခြင်းခံရသောဥပဒေနှင့်ပုဒ်မ သို့မဟုတ် မူလရုံးမှ အမိန့်ချမှတ်ရာတွင်အခြေ ခံခဲ့သောပုဒ်မ) တို့ကို ဖော်ပြရ သည်။

 

စီရင်ချက်နှင့်အမိန့်ရေးသားခြင်းအပိုင်း

ဤအပိုင်းတွင် အဓိကအချက် ခြောက်ချက်ပါရှိသည်။ ပထမအချက်အနေဖြင့် မူလမှုဖြစ်ပေါ် လာပုံအကြောင်း အကျဉ်းချုပ်အပြင် အယူခံမှု သို့မဟုတ် ပြင်ဆင်မှုတင်သွင်းရသည့်အကြောင်း အကျဉ်းချုပ်ပါဝင်သည့် အမှုအကြောင်းအရာအကျဉ်းချုပ်ကို ဖော်ပြရသည်။

ဒုတိယအချက်အနေဖြင့် မူလမှုကိုစစ်ဆေးခဲ့သော တရားရုံးက မည်ကဲ့သို့စီရင်ဆုံးဖြတ်၍ မည်သို့ ပြစ်ဒဏ်ချမှတ်ခဲ့သည်ကိုလည်းကောင်း၊ ယင်းမူလမှုကို တစ်ဆင့်မြင့်သောတရားရုံး၌ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုဝင်ရောက်ခဲ့ဖူးပါကလည်း ထိုအဆင့်မြင့်တရားရုံးက မည်ကဲ့သို့ဆုံးဖြတ်၍ မည်သို့ပြစ်ဒဏ်ချမှတ်ခဲ့သည်ကိုလည်းကောင်း ရေးသားဖော်ပြရသည်။

တတိယအချက်အနေဖြင့် အယူခံမှု သို့မဟုတ် ပြင်ဆင်မှုတွင် အဆုံးအဖြတ်ပေးရမည့် အဓိက ဆုံးဖြတ်ရန် အချက်များကို ထုတ်နုတ်ဖော်ပြရန်ဖြစ်သည်။ (ယခင်
စစ်ဆေးကြားနာစီရင်ခဲ့ကြသည့် တရားရုံးများ၏ စီရင် ချက်များနှင့် ယခုအယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက် ထားချက်တို့ကို ဖတ်ရှုလေ့လာပါလျှင် အဆုံးအဖြတ်ပေး ရမည့် အဓိကဆုံးဖြတ်ရန်အချက်များ ပေါ်လွင်လာပါ လိမ့်မည်)
စတုတ္ထအချက်အနေဖြင့် အမှုတွင်ပေါ်ပေါက်သော သက်သေခံချက်များ၊ သက်သေခံစာရွက်စာတမ်း အထောက်အထားများ၊ ဥပဒေအချက်အလက်များနှင့် စီရင်ခဲ့ပြီးသော တရားရုံးအဆင့်ဆင့်၏ စီရင်ချက်တွင်ပါရှိ သည့် အကြောင်းပြချက်များအပေါ်တွင် တွေ့ရှိချက် များနှင့် ဝေဖန်သုံးသပ်ချက်များကို ဖော်ပြရန်ဖြစ်သည်။

ပဉ္စမအချက်အနေဖြင့် ဆုံးဖြတ်ချက်နှင့် အမိန့်ရေးသားရန်ဖြစ်သည်။ အယူခံလွှာ သို့မဟုတ် ပြင်ဆင်မှုလျှောက်လွှာနှင့်စပ်လျဉ်း၍ မည်သို့ဆုံးဖြတ်သည်ကို အကြောင်းပြချက်များဖော်ပြ၍ ရေးသားရသည်။ ထို့ပြင်မူလတရားရုံးကဖြစ်စေ၊ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုကို တရားရုံး ကဖြစ်စေ ချမှတ်ပြီးသောဆုံးဖြတ် ချက်နှင့် အမိန့်ကိုပယ်ကြောင်း သို့မဟုတ် အတည်ပြု ကြောင်း သို့မဟုတ် အခြားနည်းမည်သို့ အမိန့်ချမှတ် ကြောင်းတို့ကို ရှင်းလင်းစွာဖော်ပြရသည်။

ဆဋ္ဌမအချက်အနေဖြင့် ယခင်စီရင်ခဲ့ပြီးသော တရားရုံးများ၏ သက်သေခံပစ္စည်းများနှင့်စပ်လျဉ်း၍ ချမှတ်ခဲ့သောအမိန့်ကို အတည်ပြု၊ မပြု သို့မဟုတ် မည်ကဲ့သို့အမိန့်ချမှတ်သည်ကို ဖော်ပြရေးသားရန်ဖြစ်သည်။
ဤကဲ့သို့ စီရင်ချက်နှင့်အမိန့်ကို ဆီလျော်စွာရေးသားပြီးသည့်အခါ တရားသူကြီးက စီရင်ချက်နှင့်အမိန့် အောက်တွင် လက်မှတ်ရေးထိုးရသည်။

 

စီရင်ချက်မှစီရင်ထုံးဖြစ်လာရခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် အားလျော်စွာ နောက်ဆုံး
အပြီးအပြတ် အယူခံဝင်ရာ တရားရုံးဖြစ်သည်။ ပြည်ထောင်စုတရားသူကြီးချုပ် ပါဝင်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အမှုအားလုံးတွင် အပြီးအပြတ်ဖြစ်၍ အယူခံ
ဝင်ခွင့် မရှိစေရပါ။ ထို့ကြောင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ စီရင်ချက်များသည် စီရင်ထုံးအဖြစ် ရောက်ရှိလာနိုင်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်များထဲမှ နောင်တွင် ဥပဒေကြောင်းအချက်အလက်၊ အကြောင်းခြင်းရာ အချက်အလက်များနှင့်တူညီသော အလားတူအမှုမျိုးတွင် ကိုးကားခြင်း ပြုနိုင်သည့် စီရင်ချက်များ၊ လက်အောက်ခံတရားရုံးများ၏ ဆုံးဖြတ်ချက်များအပေါ် ဥပဒေကြောင်းအချက်အလက်၊ အကြောင်းခြင်းရာ အချက်အလက်များကို ပေါင်းစပ်သုံးသပ်၍ အဖြေထုတ်ပေးထားသည့် စီရင်ချက်များ၊ လမ်းညွှန်သဖွယ် လိုက်နာရမည့်ဆုံးဖြတ်ချက်များနှင့် ကိုးကား ထိုက်သည့်မူသဘောအသွင်ဆောင်သော စီရင်ချက်များ
ကိုရွေးချယ်ကာ စီရင်ထုံးအဖြစ် ထုံးဖွဲ့သည်။ ထိုစီရင် ချက်များသည် စီရင်ထုံးဖြစ်သွားသည်။

 

တရားလွှတ်တော်များ၏စီရင်ချက်များသည်စီရင်ထုံးဖြစ်မလာနိုင်ဘူးလား
ယနေ့အချိန်အထိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်အသီးသီးက ချမှတ်သည့်စီရင်ချက်များကို စီရင်ထုံးအဖြစ်ထုတ်ပြန်သည်ကို မတွေ့ရှိရသေးပါ။ သမိုင်းကြောင်းဖြစ်စဉ်ကို ပြန်လည်သုံးသပ်ပါက တော်လှန်ရေးကောင်စီအစိုးရမတိုင်မီက တရားလွှတ်တော် ( High Court) နှင့် တရားလွှတ်တော် ချုပ် (Supreme Court) ဟူ၍ ရန်ကုန်မြို့တွင် တစ်ရုံးတည်း တည်ထောင်ထားသည်။ တရားလွှတ်တော်ချုပ်က စီရင်ပိုင်ခွင့်အာဏာအမြင့်ဆုံးဖြစ်သည်။ တရားလွှတ် တော်ချုပ်က ဆုံးဖြတ်သည့် စီရင်ချက်များကို စီရင်ထုံးအဖြစ်ထုံးဖွဲ့သည်။ တရားလွှတ်တော်သည် အမြင့်ဆုံး
တရားရုံးမဟုတ်သော်လည်း တရားလွှတ်တော်၏စီရင်
ချက်များကိုလည်း စီရင်ထုံးဖွဲ့ခဲ့သည်။

 

တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက်
တရားလွှတ်တော်နှင့် တရားလွှတ်တော်ချုပ်တို့ကို
ပေါင်းကာ တရားရုံးချုပ် (Chief Court) ကို တည်ထောင် သည်။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်၊ စီရင်ချက်များကို စီရင်ထုံးအဖြစ်ထုံးဖွဲ့ခဲ့သည်။
အိန္ဒိယနိုင်ငံတွင် မဒရပ်၊ ဘုံဘေ၊ ကာလကတ္တားစသည့်
ပြည်နယ်များတွင် တရားလွှတ် တော်များဖွဲ့စည်းထားရှိ သည်။

ယင်းတရားလွှတ်တော်များက ဆုံးဖြတ်သည့် စီရင်ချက်များကို စီရင် ထုံးအဖြစ်ထုံးဖွဲ့၍ မဒရပ်စီရင်ထုံး၊ ဘုံဘေစီရင်ထုံး၊ ကာလကတ္တားစီရင်ထုံးဟူ၍ ထုတ်ဝေ သည်။

ယနေ့မြန်မာနိုင်ငံတွင်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားလွှတ်တော်များ ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် သီးခြားတည်ထောင် ထားရှိသည်။ ယင်းတရားလွှတ် တော်များသည် ယခင်က ရှိခဲ့သည့် တရားလွှတ်တော်၏စီရင်ပိုင်ခွင့်အာဏာများ ရရှိသည်။ ထို့ကြောင့် ယင်းတရားလွှတ်တော်များ၏ ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုတင်သွင်း
ခြင်းမရှိခဲ့လျှင် သို့မဟုတ် တင်သွင်းခဲ့သော်လည်း တရား
လွှတ်တော်ချုပ်ကဆက်လက်၍ အတည်ပြုသည့်အမိန့် ချမှတ်ခဲ့လျှင် ထိုစီရင်ချက်များကို စီရင်ထုံးအဖြစ် ထုံးဖွဲ့လာနိုင်ပါသည်။ သို့ဖြစ်၍ မန္တလေးတိုင်း တရားလွှတ်တော်စီရင်ထုံးများ၊ ရှမ်းပြည်နယ်တရားလွှတ်တော်
စီရင်ထုံးများစသည်ဖြင့် ပေါ်လာလိမ့်မည်ဟု မျှော်လင့်ရပေသည်။

စီရင်ချက်နှင့်စီရင်ထုံးတို့၏ ကွဲပြားခြားနာပုံ သဘော သဘာဝ၊ အာနိသင်တို့ကို ဆက်လက် ရေးပါဦးမည်။

- ဥပဒေနှင့်အညီ အားကောင်းခိုင်မာသော စီရင်ချက် များဖြစ်ကြပါစေ၊


- စီရင်ချက်များထဲမှ စီရင်ထုံးအဖြစ် များများရွေးချယ် ထုံးဖွဲ့နိုင်ကြပါစေ၊


- စီရင်ချက်နှင့်စီရင်ထုံးများသည် တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်ရေးအတွက် အားကောင်းခိုင်မာ သော ဒေါက်တိုင်များဖြစ်ကြပါစေ။