ခြူးစန္ဒီနွေး
၂၀၁၇ ခုနှစ်က စပိန်နိုင်ငံကနေ ကတ်တလိုနီးယားဒေသ ခွဲထွက်ရေးအတွက် ကြိုးပမ်းမှုဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ရပေမယ့် ခွဲထွက်ရေးအတွက် လှုပ်ရှားခဲ့တဲ့ ကတ်တလန်ခေါင်းဆောင်တွေကိုတော့ ထောင်ဒဏ်နှစ်ရှည် တွေ ချမှတ်ခဲ့ပါတယ်။လောင်စာပေးသလိုဖြစ်သွား
အဲဒီနောက်မှာတော့ ကတ်တလန်ဒေသတွင်းမှာ အမျိုးသားရွေးကောက်ပွဲမတိုင်မီ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲ တွေကို လောင်စာပေးလိုက်သလို ဖြစ်သွားပါတယ်။ အောက်တိုဘာ ၁၄ ရက်မှာတော့ ခွဲထွက်ရေးအတွက် လှုပ်ရှားခဲ့ကြတဲ့ ကတ်တလန်ခေါင်းဆောင် ၁၂ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ကတ်တလန်ဒေသ ခွဲထွက်ရေးအတွက် လှုပ်ရှားမှု ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်မှာတော့ စပိန်ဗဟိုအစိုးရဟာ နှိမ်နင်းမှုတွေပြုလုပ်ခဲ့ပြီး ကတ်တလန်ဒေသကို ဗဟို ကနေ တိုက်ရိုက်အုပ်ချုပ်ခဲ့ပါတယ်။
ဆန္ဒပြပွဲတွေရပ်တန့်ပေးဖို့တောင်းဆို
ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့ ကတ်တလိုနီးယားဒေသ ဥက္ကဋ္ဌဖြစ်သူက အကြမ်းဖက် လှုပ်ရှားမှုတွေကို ချက်ချင်းဆိုသလို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဘာလို့လဲဆိုရင် ဆန္ဒပြမှုတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာလို့ပါပဲ။ အကြမ်းဖက်မှု အားလုံးကိုရှုတ်ချပါတယ်။ ဒါတွေအားလုံးဟာ အခုချက် ချင်း ရပ်တန့်ရမယ်လို့ ကတ်တလန်ဥက္ကဋ္ဌ ကွင်တိုရာက ပြောပါတယ်။ အောက်တိုဘာ ၁၆ ရက်မှာတော့ ဆန္ဒပြသူ တွေဟာ မီးရှို့ပြီး အတားဆီးအဟန့်အတားတွေ ပြုလုပ် ခဲ့ပါတယ်။ နောက်ပြီး မြို့တော်ဘာစီလိုနာမှာ ရဲတွေကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ စပိန်အာဏာပိုင်တွေကတော့ ဒီလိုမျိုးဆန္ဒပြပွဲတွေကို ဘယ်သူက ဦးစီးဦးဆောင်လုပ်နေတာလဲဆိုတာကို စုံစမ်း သွားမယ်လို့ ပြောပါတယ်။
အကြမ်းဖက်မှုတွေရပ်တန့်ရမယ်
ကတ်တလန်ဥက္ကဋ္ဌဖြစ်တဲ့ မစ္စတာ တိုရာကတော့ ယခုလမ်းပေါ်မှာ မြင်တွေ့နေရတဲ့ ဖြစ်ရပ်မျိုးကို ကျွန်တော်ထပ်ပြီး ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောပါတယ်။ အကြမ်းဖက်မှုတွေအားလုံးကို ရပ်တန့်ရမယ်၊ အများ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာမျိုးတွေ၊ ကားတွေ ကို မီးရှို့တာတွေ မလုပ်သင့်ဘူးလို့ ပြောခဲ့ပါတယ်။ မစ္စတာ တိုရာဟာလည်း ကတ်တလန်ဒေသလွတ်လပ်ရေး အတွက် လိုလားသူဖြစ်ပြီး စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ် က ယခုဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချပေးဖို့ မစ္စတာတိုရာထံ တောင်းဆိုခဲ့တဲ့နောက်မှာတော့ အကြမ်း ဖက်မှုတွေရပ်တန့်ဖို့ မစ္စတာတိုရာက ပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ကတ်တလန်အစိုးရကို ထိန်းချုပ်ထားတဲ့ လွတ်လပ်ရေးလိုလားတဲ့ ခေါင်းဆောင်တွေကတော့ စပိန် ကနေ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ အသစ်ပြုလုပ်ဖို့ ကြိုးစားမယ်ဆိုပြီး အစောပိုင်းကာလတွေတုန်းက ပြောခဲ့ ပါတယ်။
ဆန္ဒပြပွဲဘယ်ကစ
ဆန္ဒပြပွဲတွေ ဘယ်ကနေစပြီး ဖြစ်ပေါ်လာရသလဲ၊ ကတ်တလန်ဒေသ လွတ်လပ်ရေးအတွက် ကြိုးစားခဲ့ကြတဲ့ ခေါင်းဆောင် ကိုးဦးကို စပိန်တရားရုံးကနေ ထောင်ဒဏ် ကိုးနှစ်ကနေ ၁၃ နှစ်အထိ အသီးသီးချမှတ်ခဲ့တဲ့ အခါမှာတော့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတော့တာပါပဲ။ ကတ်တလန် ခေါင်းဆောင် ၁၂ ဦးကို ၂၀၁၇ ခုနှစ်မှာ စပိန် ကနေ ကတ်တလန်ဒေသ ခွဲထွက်ရေးကြိုးပမ်းမှုအတွက်တရားစွဲဆိုခဲ့ပြီး ကိုးဦးကိုတော့ ထောင်ဒဏ်ချမှတ်ခဲ့ ပါတယ်။ သုံးဦးကိုတော့ဖြင့် အမိန့်မနာခံမှုအတွက် ဒဏ်ငွေချမှတ်ခဲ့ပါတယ်။ အောက်တိုဘာ ၁၄ ရက်မှာတော့ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ ဘာစီလိုနာ မြို့က အယ်လ်ပရက်လေဆိပ်ကိုသွားတဲ့ လမ်းကြောင်းကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။
လေကြောင်းခရီးစဉ်များဖျက်သိမ်း
ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်မှု တွေ ပြင်းထန်လာတဲ့အတွက် အဲဒီနေ့က လေကြောင်းခရီး စဉ် ၁၀၀ ခန့်ကို ဖျက်သိမ်းလိုက်ရပါတယ်။ ဘာစီလိုနာမြို့ အပါအဝင်အခြားသောမြို့တွေမှာ ရဲတွေနဲ့ဆန္ဒပြသူတွေ ကြား ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ လမ်းပေါ်မှာ မီးရှို့ပြီး အရံအတားတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရဲတွေကတော့ လူစုခွဲဖို့အတွက် မျက်ရည်ယိုဗုံးတွေ အသုံး ပြုခဲ့ပါတယ်။ စပိန်အစိုးရကတော့ ဆန္ဒပြသူတွေရဲ့ လုပ်ရပ် ဟာ အကြမ်းဖက်တဲ့လုပ်ရပ်ဖြစ်ပြီး ကတ်တလန်ဒေသရဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က ကတ်တလန်ဒေသမှာ အမျိုးသားနေ့ကျင်းပရာမှာတော့ လွတ်လပ်ရေးလိုလားသူ ခြောက်သိန်းခန့် ဆန္ဒပြခဲ့ကြပါတယ်။ ယခင်နှစ်တုန်းက တော့ လူပေါင်းတစ်သန်းနီးပါးခန့် ဆန္ဒပြခဲ့ကြတာမို့ အရေအတွက် နည်းပါးသွားတယ်လို့ ပြောရမှာပါ။
မငြိမ်သက်မှုဘာကြောင့်ဖြစ်
ကတ်တလိုနီးယား မငြိမ်သက်မှုတွေ ဘာကြောင့် ဖြစ်ပေါ်လာခဲ့ရသလဲ။ ကတ်တလန် အမျိုးသားရေးဝါဒီတွေ ဟာ သူတို့ဒေသနဲ့ပတ်သက်ပြီး ကာလရှည်ကြာ မကျေ နပ်မှုတွေ များခဲ့ရပါတယ်။ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပြီး ရှေးနှစ်ပေါင်းများစွာကတည်းက မကျေနပ်မှုတွေ ရှိခဲ့တာပါ။ ကတ်တလန်ဒေသဟာ ချမ်းသာကြွယ်ဝတဲ့ ဒေသဖြစ်ပြီး သူတို့ဒေသက ပိုက်ဆံတွေကို စပိန်ရဲ့ အခြား သော ဆင်းရဲတဲ့ဒေသတွေကို ပေးပို့ရပါတယ်။ အခွန်ငွေကို လည်း စပိန်ဗဟိုအစိုးရက ကိုင်တွယ်ပါတယ်။ ဒါကြောင့် လည်း မကျေနပ်မှုကို ပိုပြီးတိုးပွားလာစေခဲ့တာပါ။ ချမ်းသာကြွယ်ဝတဲ့ ကတ်တလန်ဒေသဟာ လူပေါင်း ၇ ဒသမ ၅ သန်း မှီတင်းနေထိုင်ရာအရပ်လည်း ဖြစ်ပါ တယ်။ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ပါလီမန်၊ ကိုယ်ပိုင်အလံနဲ့ ကိုယ်ပိုင်အမျိုးသားသီချင်း ရှိပါတယ်။
ရဲတပ်ဖွဲ့ကိုချီးကျူး
ကတ်တလန် လူမှုအဖွဲ့အစည်းမှာတော့ လွတ်လပ် ရေးနဲ့ ပတ်သက်ပြီးကွဲလွဲမှုတွေ ရှိနေပါတယ်။ ခွဲထွက်ရေး အတွက်ကြိုးစားခဲ့တဲ့ ကတ်တလန် ခေါင်းဆောင်တွေက တော့ ၂၀၁၅ ခုနှစ်မှာ အာဏာရလာပါတယ်။ ပါလီမန်မှာ လည်း အမတ်နေရာ အတော်များများ ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ လွတ်လပ်ရေးလှုပ်ရှားမှု အတွက် ကတ်တလန်ဒေသမှာ အဖွဲ့နှစ်ဖွဲ့ကွဲသွားပါတယ်။ အခု ထောင်ချခံလိုက်ရတဲ့ ခေါင်းဆောင်တွေမှာတော့ အဖွဲ့နှစ်ဖွဲ့စလုံးက ခေါင်းဆောင်တွေ ပါဝင်ပါတယ်။ ဆန္ဒ ပြပွဲတွေကိုလည်း အဖွဲ့နှစ်ဖွဲ့ပေါင်းပြီး လုပ်ဆောင်ခဲ့ကြ တာပါ။ ဆန္ဒပြသူတွေကို ချဉ်းကပ်တဲ့အခါမှာ နည်းလမ်း ကျတယ်ဆိုပြီး စပိန်အမျိုးသားရဲတပ်ဖွဲ့ကိုရော၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ ရဲတပ်ဖွဲ့ကိုပါ စပိန်ဝန်ကြီးချုပ်က ချီးကျူးစကားဆိုခဲ့ပါတယ်။
တပ်ကူများစေလွှတ်
စပိန်အာဏာပိုင်တွေဟာ လတ်တလောမှာ အဓိ ကရုဏ်းဖြိုခွင်းရေး ရဲတွေကိုတပ်ကူအနေနဲ့ ကတ်တလို နီးယားဒေသကို စေလွှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်း ကလည်း သဘောထားတင်းမာတဲ့ တက်ကြွလှုပ်ရှားသူ ခုနစ်ဦးကို စပိန်ရဲများက ဖမ်းဆီးခဲ့ပါတယ်။ ကတ်တလန် ခေါင်းဆောင်တွေ ထောင်ဒဏ်ချမှတ်ခံရပေမယ့် ကတ်တလန်အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့သူ ကားလက်စ်ပူဒီမောင့်ကတော့ နိုင်ငံခြားမှာရှိနေတုန်းပါပဲ။ အောက်တိုဘာ ၁၄ ရက်မှာတော့ စပိန်တရာရုံးကနေပြီး ပူဒီမောင့်ကို ဖမ်းဝရမ်းအသစ် ထုတ်ခဲ့ပါတယ်။ သူဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလကတည်းက နိုင်ငံခြားကို ထွက်ပြေးသွားခဲ့တာပါ။ ဘယ်လ်ဂျီယံနဲ့ ဂျာမနီနိုင်ငံတို့ ကနေ သူ့ကိုပြန်လွှဲပြောင်းပေးဖို့ စပိန်အစိုးရရဲ့ တောင်းဆို မှုကိုလည်း ကောင်းကောင်းကျော်လွှားနိုင်ခဲ့ပါတယ်။ ဂျာမနီကတရားရုံးတစ်ခုကတော့ စပိန်အစိုးရရဲ့ စွပ်စွဲ ချက်ဖြစ်တဲ့သူဟာ သူပုန်ခေါင်းဆောင်ဆိုတဲ့ စွပ်စွဲမှုကို လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ။
ကိုးကား -နယူးယောက်တိုင်းမ်၊ ဘီဘီစီ