ထွန်းသစ်စ
အစိုးရနုတ်ထွက်ပေးရေး တောင်းဆိုမှုများနဲ့ ယနေ့ နိုင်ငံရေးဇာတ်ခုံမှာ သောကပွေနေတဲ့ နိုင်ငံတစ်နိုင်ငံကတော့ လက်ဘနွန် နိုင်ငံပဲ ဖြစ်ပါတယ်။ အစိုးရ နုတ်ထွက်ပေးရေး လူထောင်ပေါင်းများစွာ လမ်းများပေါ်ထွက်ကာ တောင်းဆို ဆန္ဒပြမှုတွေအုံနဲ့ ကျင်းနဲ့ အင်နဲ့အားနဲ့ ဒေါနဲ့မောနဲ့ ပြုလုပ်ခဲ့ကြတာ ရပ်သိရွာသိ၊ တိုင်းသိပြည်သိဖြစ်ပါတယ်။ သူတို့ဘာကြောင့် ဆန္ဒပြမှုတွေ ပြုလုပ်နေကြတာလဲ။ အစိုးရနုတ်ထွက်ပေးရေး တောင်းဆိုတယ်ဆိုတော့ ဘယ်လိုမျိုးကြီးမားတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရလို့လဲ။ ဘယ်လိုမျိုး မကျေနပ်မှုတွေ ဖြစ်ပေါ်နေလို့လဲ။ အကြောင်းရှာရင် အဖြေသိဆိုသလိုပါပဲ။ လက်ဘနွန်နိုင်ငံရဲ့ ဆိုးရွားလှတဲ့ စီးပွားရေး အခြေအနေကြောင့်လို့ပြောရင် မမှားနိုင်ပါဘူး။
ရုန်းရင်းဆန်ခတ်ဖြစ်
ပါလီမန်က ခြိုးခြံချွေတာရေးဘတ်ဂျက်ကို အတည်ပြုလိုက်တဲ့ ဇူလိုင်လကတည်းက ပြည်သူလူထုရဲ့ စိတ်ဆိုးဒေါသထွက်မှု တွေဟာ ထမင်းအိုးကြီးဆူသလို တဖြည်းဖြည်း အရှိန်ကောင်းကောင်းနဲ့ ဆူလာလိုက်တာ ယနေ့အချိန်အထိပဲ ဆိုပါတော့။ အစိုးရကလည်း ဒီခြိုးခြံချွေတာရေးအစီအစဉ်ကြီးကို ဖောင်းပွလာတဲ့ လိုငွေပြမှုကို ချုံ့နိုင်ရန်၊ စာတိုပေးပို့ရေး အပလီကေးရှင်း များထံမှ အခွန်ကောက်ခံရန်နဲ့ မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့အတွက် နိုင်ငံရဲ့ လိုအပ်တဲ့ အခြေအနေနဲ့အညီ အတည်ပြုလိုက်ခြင်းပဲလို့ ရှုမြင်ပါတယ်။
နိုင်ငံနဲ့အဝန်း ဆန္ဒပြပြည်သူတွေဟာ ကျော်ကြားလှတဲ့ ၂၀၁၁ ခုနှစ် အာရပ်နွေဦး ဆန္ဒပြဟစ်ကြွေးသံဖြစ်တဲ့ လက်ဘနွန် အစိုးရဆင်းပေးရေး ဆောင်ပုဒ်ကို အော်ဟစ်ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ မြို့ထဲဆန္ဒပြသူတွေကတော့ လေဆိပ်သွားရာ လမ်းပေါ်မှာ တာယာတွေကို မီးရှို့ပြီး လမ်းပိတ်အောင် လုပ်ဆောင်ခဲ့ကြတဲ့အတွက် အခုဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အမြောက်အမြား တပ်ဖြန့်ချထားတဲ့ အနေအထားတောင် ရောက်နေပြီ ဖြစ်ပါတယ်။
ဘေရွတ်မြို့လယ်အစိုးရရုံးချုပ်တွေရှိတဲ့ နေရာအနီးမှာဆိုရင် ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်ထိတွေ့ မှုတောင် ဖြစ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက အဆောက်အအုံတွေထဲ ဝင်ရောက် အကြမ်းဖက်တော့မယ့်အချိန်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မှုတွေဖြစ်ခဲ့တာ ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြလူအုပ်ကြီးကို ခွဲထုတ်ဖို့ မျက်ရည်ယို ဓာတ်ငွေ့တွေကို အသုံးပြုခဲ့ရပါတယ်။ အဲဒီလို ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အနေအထားမှာ လုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၄၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။
ဘက်မျှအောင်လုပ်ဆောင်ရမယ်
ဆန္ဒပြသူတွေဟာ ဘေရွတ်မြို့လယ် မိုဟာမက်အယ်လ်အာမင် ဘာသာရေး အဆောက်အအုံအနီးမှာလည်း မီးရှို့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ သူတို့ကို တင်မြှောက်ခဲ့ကြတယ်။ ကျွန်တော်တို့ အခု သူတို့ကို ရာထူးအာဏာက ဖယ်ရှားတော့မယ်လို့ ဆန္ဒပြသူတစ်ဦးက ဒေသတွင်းရုပ်မြင်သံကြားကို ပြောကြားခဲ့ပါတယ်။ စည်းလုံးခြင်းက လူနေမှု အဆင့်အတန်း တစ်ခုပါပဲလို့ အခြားဆန္ဒပြသူတစ်ဦးက ပြောပါတယ်။
မြို့တော်ဘေရွတ်မှာတင် မဟုတ်ပါဘူး။ ဆန္ဒပြမှုတွေ အခြားဒေသတွေကို တစ်ပြေးညီ မပျံ့နှံ့ခင် ဆန္ဒပြသူတွေဟာ တောင်ပိုင်း မြို့တော် ဆိုင်ဒွန်၊ မြောက်ပိုင်းမြို့တော် ထရီပိုလီနှင့် ဘီကာတောင်ကြားတွေမှာလည်း ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်လို့ နိုင်ငံပိုင် အမျိုးသား သတင်းအေဂျင်စီက သတင်းဖော်ပြထားပါတယ်။
ဆက်သွယ်ရေးဝန်ကြီး မိုဟာမက်ချိုကိုင်က ဆန္ဒပြမှုတွေ ဖြစ်ပြီးနောက်မှာ အစိုးရအနေနဲ့ သူ့ရဲ့စာတိုပေးပို့တဲ့ နေရာမှာ အခွန်ကောက်ခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်သင့်တယ်လို့ ပြောပါတယ်။ အစိုးရဟာ တခြားတင်းကျပ်နေတဲ့ ဆောင်ရွက်ချက်တွေကိုလည်း ဘက်ညီအောင်၊ ဘက်မျှအောင် ပြန်လည်လုပ်ဆောင်သင့်ကြောင်း အဲဒီလိုလုပ်ဆောင်မှသာ နိုင်ငံမှာ ကြုံတွေ့နေတဲ့ စီးပွားရေးအကျပ်အတည်းကို ကူညီရာရောက်မှာဖြစ် ကြောင်းနဲ့ လွန်ခဲ့တဲ့နှစ်က နိုင်ငံတကာ အလှူရှင်တွေက ကမ်းလှမ်းထားတဲ့ ကူညီငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရရှိအောင် လုပ်ဆောင်ဖို့လည်း လိုနေကြောင်း ပြော ပါတယ်။
ကြေညာချက်ထုတ်ပြန်
လာမည့် နှစ်ဘတ်ဂျတ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လာမည့်လတွေအတွင်းမှာ အခွန်တွေ တိုးကောက်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အောက်တိုဘာ ၁၇ ရက်ကလည်း ဆန္ဒပြသူတွေဟာ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းတွေကို နုတ်ထွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒရုစ်ဇ်နိုင်ငံရေး သဘောတရားမှာ လွှမ်းမိုးနိုင်သူ ဝါလစ်ဂျမ် ဘလတ်က သူ့အနေနဲ့ ဝန်ကြီးချုပ်ကို နုတ်ထွက်ဖို့ တောင်းဆိုကြောင်း ပြောကြားခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး ရာယာအယ်လ်ဟက်ဆန်က ဝန်ကြီးချုပ်ဟာ အောက်တိုဘာ ၁၈ ရက်မှာ မိန့်ခွန်းပြောခဲ့တယ်လို့ ဆိုပါတယ်။ အကယ်၍သာ အစိုးရပြုတ်ကျသွားခဲ့မယ်ဆိုရင် နောက်လာမယ့် အစိုးရဟာလည်း ရွေးချယ်စရာ ကောင်းကောင်းရှိမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနကတော့ နိုင်ငံတစ်ဝန်း ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကြောင့် စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို အောက်တိုဘာ ၁၈ ရက်က ပိတ်လိုက်ကြောင်း ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁၇ ရက်အစောပိုင်းက ပြန်ကြားရေးဝန်ကြီး ဂျမယ်လ်ဂျရာက စာတိုပေးပို့တဲ့ ဝန်ဆောင်မှုစနစ်ကို အသုံးပြု သူတွေအနေနဲ့ တစ်နေ့လျှင် ၂၀ ဆင့် ပေးရမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစနစ်က တစ်ဆင့် ပြည်သူလူထုကြား ရေပန်းစားနေသော ဝှက်စ်အပ်၊ ဗိုက်ဘာတို့ကို ပြည်သူလူထုက နှစ်ခြိုက်စွာ သုံးစွဲနေကြတယ်လို့လည်း သိရပါတယ်။
နင်လားငါလား
ဝန်ကြီးအဖွဲ့ အစည်းအဝေးပြီးတဲ့နောက်မှာတော့ ပြန်ကြားရေးဝန်ကြီးဟာ အခုလို လုပ်ဆောင်ခြင်းအားဖြင့် အစိုးရအနေနဲ့ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၂၀ဝ လောက်ရရှိမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ လက်ဘနွန် ဒစ်ဂျယ်တယ် အခွင့်အရေးအုပ်စုဖြစ်တဲ့ စမက်က နိုင်ငံရဲ့ အဓိက မိုဘိုင်းအော်ပရေတာတွေအနေနဲ့ နည်းပညာသစ်တစ်ခုကို စတင်မိတ်ဆက်ဖို့ အဆင်သင့် ပြင်ဆင်ထားကြကြောင်း အဲဒီနည်းပညာက အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ကွန်ရက်တွေ အသုံးပြုပြီး အင်တာနက်ဖုန်းခေါ်ဆိုခြင်း ရှိမရှိ သိရှိနိုင်မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
လက်ဘနွန်ဟာ ဒေသတွင်း မိုဘိုင်းဖုန်းဈေးကွက်မှာတော့ အမြင့်ပိုင်းကို ဦးတည်နေတယ်လို့ စမက်က လူမှုကွန်ရက် ဝက်ဆိုက်ဖြစ်တဲ့ တွစ်တာမှာ ပြောပါတယ်။ နောက်ဆုံးမူဝါဒကို အသုံးပြုသူတွေကို အင်တာနက် ဝန်ဆောင်မှုနှစ်ဆ ပေးခိုင်းနေတယ်လို့ စမက်က ထပ်လောင်းပြောကြားထားပါတယ်။
လက်ဘနွန်နိုင်ငံမှာဖြစ်ပေါ်နေတဲ့ တိုးတက်မှုဟာ မကြာသေးမီ နှစ်အနည်းငယ်လောက်က ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး အကျပ်ရိုက်မှု တွေကြောင့် နာလန်မထနိုင် ဖြစ်နေပါတယ်။ အိမ်နီးချင်း ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရှစ်နှစ်ကြာစစ်ပွဲနဲ့ နင်လား ငါလား ဖြစ်နေပါ တယ်။
အကျဘက်ကိုရောက်နိုင်
အဆင့်မြင့်အညွှန်းကိန်းတွေက လက်ဘနွန်နိုင်ငံ ဟာ၂၀၁၉ ခုနှစ်မှာလည်း တိုးတက်မှုဆက်လက်နှေး ကွေးနေဦးမယ်ဆိုတာကို ဖော်ပြထားပါတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က အောက်တိုဘာ ၁၇ ရက်က ပြောကြားလိုက်ပါတယ်။
လက်ဘနွန် ပြည်သူ့ကြွေးနွံဟာ အမေရိကန်ဒေါ်လာ ၈၆ ဘီလီယံလောက် ရှိပါတယ်။ ဒီနှုန်းဟာ ပြည်တွင်း အသားတင် ထုတ်လုပ်နိုင်မှု တန်ဖိုးလို့ခေါ်ရတဲ့ ဂျီဒီပီရဲ့ ၁၅၀ ရာခိုင်နှုန်းထက်ကို ပိုမိုမြင့်မားနေတာကို တွေ့ရပါတယ်။ ဒါဟာ မကောင်းပါဘူး။ စီးပွားရေးဆက်လက် ကျဆင်းနေဦးမယ့် သဘောပါ။
အကျပ်အတည်းနဲ့ ရင်ဆိုင်ရနိုင်
ခြုံငုံသုံးသပ်ရမယ်ဆိုရင် ပြည်သူလူထုရဲ့ တောင်းဆိုမှုကို ဂရုမစိုက်ဘူးဆိုရင် အခုအစိုးရဟာ အကျပ် အတည်းတွေနဲ့ ထပ်မံရင်ဆိုင်ရဦးမယ့် သဘောကို တွေ့ရပြီး တကယ်လို့ ဒီအစိုးရဆင်းသွားပါကလည်း နောက်တက်လာမယ့် အစိုးရအနေနဲ့ ဒီထက်ကောင်းနိုင်စရာ ရွေးချယ်မှုတွေ ပြုလုပ်လို့ရဦးမယ့် အနေအထား မဟုတ်သေးပါဘူး။ ပြည်သူတွေဟာ စီးပွားရေး ဆုတ်ယုတ်လို့ ဆန္ဒပြမှုတွေ လုပ်နေပေမယ့်လည်း တကယ့်အညွှန်းကိန်းတွေမှာ စီးပွားရေးတိုးတက်မှုကို မဖော်ပြထားပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင် နောက်လာမယ့်နှစ်တွေမှာတောင် လက်ဘနွန်ရဲ့ စီးပွားရေးဟာ အကျဘက်ကို ရောက်နေ နိုင်ပါတယ်။
ကိုးကား- အေအက်ဖ်ပီ