မောင်ခင်မင်(ဓနုဖြူ)
“ဘာသာစကားမှာ တစ်ခေတ်ကနေ တစ်ခေတ်ပြောင်းတော့ စကားသံတွေ တဖြည်းဖြည်း ပြောင်းလာတာ ဆရာပြောပြလို့ မြင်လာပါတယ်ဆရာ”
“ဟုတ်ပါတယ် ဆရာ။ ‘နှင့်’ ကနေ ‘နဲ့’၊ ‘လည်း’ ကနေ ‘လဲ’၊ ‘မည်’ ကနေ ‘ မယ်’၊ ‘လျှင်’ ကနေ ‘ရင်’ဆိုပြီး အသံပြောင်းလာလို့ ဒီနေ့ စာစကားနဲ့၊ အပြောစကားနဲ့ ကွဲပြားလာတာကို သဘောပေါက်ပါတယ် ဆရာ”
“ဒီတော့...”
“တချို့အပြောစကားတွေကျတော့ ဘယ် ကနေ ဘယ်လိုပြောင်းတယ်ဆိုတာ စဉ်းစားလို့ မရလို့ပါ ဆရာ”
“ဘယ်လိုစကားမျိုးတွေလဲကွဲ့”
“စာစကားမှာ ‘များ’လို့ သုံးတာကို အပြောစကားမှာ ‘တွေ’ လို့ သုံးတယ်မဟုတ်လား ဆရာ။ စာစကားနဲ့ ဆိုရင် ‘လူများ’၊ အပြောစကားနဲ့ဆိုရင် ‘လူတွေ’လို့ သုံးပါတယ်။ အဲဒီ ‘တွေ’ က ဘယ်လို ပြောင်းလာတယ်ဆိုတာ မသိပါဘူးဆရာ”
“သမီးလည်း တစ်ခုသတိထားမိတာ ရှိပါတယ်။ ‘သူက ပညာရှိမို့ နားလည်တာ’၊ ဒီနေ့ ဆက်ဆက်လာမှာမို့ စောင့်နေပါဆိုတဲ့ စကားမျိုးတွေမှာ အဲဒီ ‘မို့’ က အပြောစကားမှာပဲ သုံးတာ မဟုတ်လား ဆရာ။ အဲဒီ ‘မို့’ က ဘယ်ကလာတာလဲဆိုတာ သိချင်ပါတယ်”
“အေး... သားတို့သမီးတို့ တော်တော်သဘော ပေါက်နေပြီပဲ။ ဒါမေးသင့်တာပေါ့။ သဒ္ဒါသဘော ပြတဲ့ပစ္စည်းစကားတွေက ပြောင်းလဲမှုအနှေးအမြန် ကြောင့် စာစကားနဲ့ အပြောစကားကွဲသွားတာ အကြောင်းတစ်ခုပေါ့။ အခု သားတို့ သမီးတို့ ပြောတဲ့ ‘မို့’ တို့၊ ‘တွေ’တို့ နောက်ရှိမှာပါ။ ‘လို့’ တို့၊ ‘တော့’တို့၊ ‘ပေါ့’တို့ ဆိုတဲ့ စကားမျိုးတွေလေ”
“ဟုတ်ပါတယ် ဆရာ”
“အဲဒီစကားတွေကတော့ အရင်းခံစကား တစ်ခုက အသံပြောင်းလာတာမဟုတ်ဘဲ နှုတ်ပြောစကားထဲ သီးခြားဝင်လာတဲ့ စကားတွေလို့ ဆိုရမှာပေါ့။ မြန်မာစကားနဲ့မျိုးတူ၊ နွယ်တူ ဘာသာစကားတွေထဲက ဝင်လာတာတို့၊ မြန်မာစကားနဲ့ အဆက်အသွယ်ရှိတဲ့ တခြားစကားတွေဆီက ဝင်လာတာတို့ ဖြစ်နိုင်တာပေါ့ကွယ်။ အလွယ်တကူ ပြောလို့တော့မရဘူး။
သုတေသန လုပ်ရမယ့် ကိစ္စတွေပဲလေ”
“မြန်မာစကားအကြောင်း လေ့လာရတာ ထင်သလောက်မလွယ်ဘူးဆိုတာ သဘောပေါက် လာပါတယ်ဆရာ”
“ဒါပေါ့ကွယ်။ လေ့လာစရာတွေ အများကြီး ပေါ့။ ဒီနေရာမှာ စာနဲ့စကား ဘယ်ဟာက အရင်းခံလဲဆိုတာနဲ့ ပတ်သက်လို့ တချို့ပြောကြတဲ့ အယူအဆကို မင်းတို့ကြားဖူးသလားမသိဘူး ”
“ဘယ်လိုအယူအဆပါလဲ ဆရာ”
“ဪ... စာဆိုတာက ရှေးကတည်းက ရှိတဲ့အသုံးအဆောင်တဲ့။ ပုဂံခေတ်ကတည်းက စာအရေးအသားတွေ အစဉ်အဆက် ရှိခဲ့တာပဲတဲ့။ အဲ... စကားကတော့ အခုလက်ရှိပြောဆိုနေကြတဲ့ အသုံးအဆောင်တွေမို့ စကားက စာထက်နောက်ကျမှ ပေါ်တာရှင်းနေတာပဲ...တဲ့။ တချို့က အဲဒီလိုပြောကြတယ်”
“ဟုတ်ကဲ့။ ကျွန်တော်တို့လည်း အဲဒီလို ပြောတာမျိုးကြားဖူးပါတယ်။ သေသေချာချာ စဉ်းစားကြည့်တော့ စကားရယ်လို့မရှိဘဲ အဲဒီစကားကို အခြေခံပြီး ပေါ်လာတဲ့ စာဆိုတာမရှိ နိုင်ဘူးလို့ နားလည်လာပါတယ်။ စကားဟာ စာထက် အရင်ပေါ်တယ်ဆိုတာ သဘာဝကျတယ် လို့ ထင်ပါတယ်ဆရာ”
“ဟိုးရှေးတုန်းက ပေါ်တဲ့အရုပ်စာလို စာမျိုးကလွဲရင် ဒီနေ့သုံးနေတဲ့ စာတွေဟာ သက်ဆိုင်ရာစကားကို အခြေခံပြီးမှ ပေါ်လာရတာ ချည်းပါပဲကွယ်။ ပြီးတော့ အဲဒီလိုစကားကို အခြေခံပြီး စာပေါ်တာဖြစ်တဲ့အတွက် စာမှန်သမျှဟာ အရင်တုန်းက စကားအဖြစ် ပြောခဲ့ကြတာတွေချည်းပဲ ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်ကွယ်”
“ဟုတ်ကဲ့ပါ ဆရာ”
“ကဲ ဒီတော့ မြန်မာစာပေါ်စက မြန်မာ စကားသံတွေ ဘယ်လိုရှိသလဲဆိုတာ ဆရာတို့ တော်တော်ပြောပြီးကြပြီ။ ဆက်ပြီးတော့ စကားလုံးတွေ ဘယ်လိုဖန်တီးတယ်ဆိုတာ ကြည့်ကြ ရအောင်။ ထင်ရှားတဲ့အချက်တစ်ချက်ကတော့ မြန်မာစကားထဲကို ဝင်လာတဲ့ဘာသာခြား စကားလုံးတွေ၊ မြန်မာစာ ပေါ်စမှာ တော်တော်များများ ရှိနေပြီဆိုတဲ့ အချက်ပဲ”
“သက္ကတနဲ့ ပါဠိစကားလုံးတွေလား ဆရာ”
“အများဆုံးကတော့ အဲဒီစကားလုံးတွေ ဖြစ်မှာပေါ့။ မြန်မာစာ စပေါ်ချိန်မှာ အဲဒီသက္ကတပါဠိ စကားလုံးတွေ တော်တော်များများ ဝင်နေတာကို ကြည့်ရင် စာမပေါ်ခင်ကတည်းက အဲဒီစကားလုံး တွေကို မြန်မာလို အသုံးပြုနေပြီလို့ ဆိုရမှာပေါ့ ”
“တစ်ခုစဉ်းစားမိလို့ပါဆရာ”
“ဘာပါလိမ့်”
“ကျွန်တော်တို့ မြန်မာတွေ မြန်မာစာ မတီထွင် ရသေးခင်ကတည်းက အဲဒီ သက္ကတပါဠိဘာသာတွေနဲ့ ရေးထားတဲ့စာတွေကို ရေးတတ် ဖတ်တတ် နေပြီလို့ ယူဆနိုင်မလား ဆရာ”
“သားက ဘယ်လိုထင်လို့လဲ”
“မြန်မာစာမပေါ်ခင်က သက္ကတတို့၊ ပါဠိတို့နဲ့ ရေးထိုးထားတဲ့ အုတ်ခွက်စာတွေ၊ စဉ့်ကွင်းစာတွေ ရှိနေတာကိုကြည့်ရင် အဲဒီဘာသာတွေကို မြန်မာ တွေ တတ်နေပြီလို့ ဆိုနိုင်မယ်ထင်ပါတယ် ဆရာ”
“သားစဉ်းစားတာ သဘာဝကျပါတယ်။ ဆရာ လည်း အဲဒီလိုပဲ ထင်ပါတယ်။ ဆိုပါစို့ကွယ်။ မြန်မာစာမပေါ်ခင် အစောပိုင်းမှာ တွေ့ရတဲ့ အုတ်ခွက်တွေမှာ အရှင်အဿဇိက၊ ရှင်သာရိ ပုတ္တရာလောင်း ဥပတိဿပရိဗိုဇ်ကို ဟောတဲ့ ‘ယေဓမ္မာဟေတုပ္ပဘဝါ’ အစချီတဲ့ ပါဠိဂါထာကို ရေးထားတာတွေ့ရတယ် မဟုတ်လား။ သက္ကတလို ရေးတာလည်း ရှိတယ်။ ပြီးတော့ အနော်ရထာ။ အဲ... အနိရုဒ္ဓမင်းကြီးက အုတ်ခွက်ဘုရားကို ကိုယ်တိုင်သွန်းလုပ် လှူဒါန်းတဲ့အကြောင်း မှတ်တမ်းတင်ထားတဲ့စာလည်း တွေ့ရတယ်လေ”
“ဟုတ်ကဲ့ပါ ဆရာ”
“ရေးထားတဲ့စာက ‘ဧသော လောကနာထော မဟာရာဇသီရိ အနိရုဒ္ဓဒေဝေန ကတော ဝိမုတ္တတ္ထံ သဟတ္ထေနေဝါတိ’ တဲ့”
“အဓိပ္ပာယ်က ဘယ်လိုပါလဲ ဆရာ”
“ရေးတာက ပါဠိဘာသာနဲ့ ရေးထားတာလေ။ ဤလောကနာထဘုရားလောင်း၏ ဆင်းတုတော်ကို သီရိအနိရုဒ္ဓဒေဝ မင်းကြီးသည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်းအကျိုးငှာ မိမိလက်တော်ဖြင့် သွန်းလုပ်တော်မူသည် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ”
“ဪ... ဟုတ်ကဲ့ပါ ဆရာ”
“အုတ်ခွက်ဆိုတာ မင်းတို့သိပြီးသားပါ။ မြေကြီးကို ပုံသွန်းလောင်းတဲ့ ဘုရားပုံပါပဲ။ ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ မြေပုံဘုရားလို့ ခေါ်တာ ပိုသဘောကျတယ်လို့ ပြောဖူးတယ်။ မြေကို ပျော့သွားအောင်လုပ်ပြီး ပုံစံခွက်နဲ့ ဘုရားပုံ သွင်းတာပေါ့။ ရှေးက အဲဒီအုတ်ခွက်ဘုရားတွေ သွန်းလုပ်ပူဇော်လေ့ရှိကြတယ်။ တစ်ဖက်မှာ ဘုရားရှင်ပုံ၊ ဘုရားလောင်းပုံတွေ သွန်းပြီး တစ်ဖက်မှာ ဆုတောင်းစာတွေ ထိုးလေ့ရှိတယ်။ အုတ်ခွက်စာလို့ ခေါ်တာပေါ့”
“ဟုတ်ကဲ့ပါ”
“အုတ်ခွက်စာတွေကို ပါဠိ၊ သက္ကတ၊ ပျူ၊ မွန် ဘာသာတွေနဲ့ ရေးလေ့ရှိကြတယ်။ မြန်မာစာပေါ်လာတော့ မြန်မာလိုရေးတဲ့ အုတ်ခွက်စာတွေ လည်း ပေါ်လာတာပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“မြန်မာနိုင်ငံမှာ ပျူခေတ်ကတည်းက ဗုဒ္ဓ သာသနာထွန်းကားနေတဲ့ အထောက်အထားတွေ ရှိတယ်မဟုတ်လား။ ဒီတော့ မြန်မာစာ မပေါ်ခင် ကတည်းက ခုနပြောတဲ့ဘာသာတွေနဲ့ရေးတဲ့ အုတ်ခွက်စာတို့၊ စဉ့်ကွင်းစာတို့၊ မင်စာတို့၊ ကျောက်စာ တို့ရှိနေပြီလေ။ ဒီတော့ သားတွေးမိသလို ဆရာတို့ မြန်မာတွေဟာ အဲဒီစာတွေကို တတ်မြောက်နေလို့သာ အဲဒီလိုရေးထိုးနိုင်တာ ပေါ့ကွယ်”
‘‘ဟုတ်ကဲ့ပါ’’
“တစ်နည်းပြောရရင် မြန်မာစာမပေါ်ခင်ကတည်းက မြန်မာတွေဟာ အဲဒီဘာသာစကားတွေနဲ့ ထိတွေ့နေပြီမို့ အဲဒီ ဘာသာစကားတွေကနေ ပြီး မွေးစားယူတဲ့စကားတွေ မြန်မာစကားထဲမှာ ရှိနေပြီလို့ နားလည်ရမှာပေါ့ ”
“ဟုတ်ကဲ့ပါ”
“အစောဆုံးမြန်မာစာလို့ အသိအမှတ်ပြုကြတဲ့ ရာဇကုမာရ်ကျောက်စာမှာကြည့်ရင် စောစောကတည်းက မြန်မာတွေ တတ်ကျွမ်းပြီးဖြစ်တဲ့ သက္ကတ၊ ပါဠိစကားလုံးတွေ ဒီကျောက်စာမှာ ဝင်နေပြီဆိုတာ တွေ့မှာပေါ့။ စစချင်း ‘ရှရီ’ ဆိုတဲ့ စကားနဲ့ စတာကိုက သက္ကတဘာသာရဲ့ အရေးပါပုံ ကို ဖော်ပြနေတာပဲလေ”
“ဆရာ ရှရီဆိုတာ ဂငယ်အလယ်က အစက် ကလေးကို ရရစ်ပြီး လုံးကြီးတင် ဆန်ခတ်နဲ့ ရေးတဲ့ စာလုံးကို ခေါ်တာမဟုတ်လား ဆရာ”
“ဟုတ်ပါတယ်။ ဆရာက မှတ်ရလွယ်အောင် ပြောတာပါ။ အဲဒီစာလုံးက သက္ကတစာလုံး ‘ရှ’လို့ အသံထွက်တယ်။ ဂငယ်အလယ်က အစက်ရယ်၊ ပစောက်အလယ်က အစက်ရယ် နှစ်လုံးရှိတယ်။ (ရေးပြလိုက်ပါသည်) ဂ-ရှ၊ ပ-ရှ လို့ ခေါ်လေ့ရှိ ကြတယ်။ အဲဒီ ရှရီဆိုတာ ကောင်းမြတ်ခြင်း၊ ကျက်သရေမင်္ဂလာရှိခြင်း၊ အောင်မြင်ခြင်းဆိုတဲ့ အဓိပ္ပာယ်တွေ ရတာပေါ့။ ပါဠိစကားသိရီနဲ့ အတူတူပါပဲ။ သိရီကိုတော့ မြန်မာက ‘သီရိ’ လို့ အသံပြောင်းပြီး မွေးစားယူတယ်လေ”
“ကျောက်စာတွေက အလှူမှတ်တမ်းတွေ ဆိုတော့ ကောင်းတဲ့အဓိပ္ပာယ်နဲ့ စစချင်း ရှရီကို ရေးတာပေါ့။ ပြီးတော့ ‘နမောဗုဒ္ဓါရ’ လို့ ဆက်ရေး တယ်မဟုတ်လား။ ‘ဘုရားရှင်တို့အား ရှိခိုးပါ၏’ လို့ အဓိပ္ပာယ်ရတဲ့ ပါဠိစကားပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“ဒီတော့ ရာဇကုမာရ်ကျောက်စာတစ်ချပ်ကိုပဲ မူတည်ပြီး သက္ကတပါဠိစကားလုံးတွေ မြန်မာစကား ထဲဝင်နေပုံကို လေ့လာကြည့်ကြရအောင်”
“ဟုတ်ကဲ့ပါ”