ဘူးသီးတောင် ၈ ဇန်နဝါရီ
ရခိုင်ပြည်နယ်အတွင်းရှိ ဒိုင်းနက်(ခေါ်) သက္ကမလူမျိုးများ၏ (၈)ကြိမ်မြောက် အမျိုးသားနေ့ကို ယမန်နေ့နံနက် ၉ နာရီက ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း လောင်းချောင်းကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဒိုင်းနက်ရိုးရာဓလေ့ အဆို၊ အက၊ အတီး၊ အမှုတ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဒိုင်းနက်(ခေါ်) သက္ကမအမျိုးသားနေ့ကို ၎င်းတို့လူမျိုးများ၏ မူရင်းအမည်ဖြစ်သည့် သက္ကမအမည်ပြန် လည်အသက်ဝင်လာစေရန်၊ မိခင်ဘာသာစကားနှင့် စာပေများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ယဉ်ကျေးမှုရိုးရာ အဝတ်အစား ပြန်လည်ရှင်သန်လာစေရန်နှင့် နိုင်ငံတကာတွင် ရောက်ရှိနေသည့် သက္ကမလူမျိုးများနှင့် အပြန်အလှန် ဆက်သွယ်လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ တာဝန်ရှိသူ ဦးထွန်းဖြူက ပြောသည်။
ဒိုင်းနက်လူမျိုးများသည် မြို၊ ခမီ၊ သက်၊ မရမာကြီး အစရှိသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောအပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌ ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း၊ ဒိုင်းနက်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပျောက်ပျက်မသွားစေရန် ဒေသနေ ဒိုင်းနက်လူမျိုးများက ဆက်လက်ထိန်းသိမ်းထားကြကြောင်း သိရသည်။
ဒိုင်းနက်(ခေါ်) သက္ကမလူမျိုးတို့၏ အမျိုးသားနေ့ကို ၂၀၁၂ ခုနှစ်က စတင်ကျင်းပလာခဲ့ပြီး ပထမဆုံးအကြိမ်ကို မင်းပြားမြို့နယ် လက်ပန်ကုန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း၊ နှစ်စဉ် ရခိုင်ပြည်နယ်အတွင်းရှိ ဒိုင်းနက်လူမျိုးများ နေထိုင်ရာ မြို့နယ်များကိုရွေးချယ်ကာ ကျေးရွာများ၌ ကျင်းပလေ့ရှိကြောင်း၊ ယခုနှစ်ဒိုင်းနက်(ခေါ်) သက္ကမလူမျိုးများ၏ (၈)ကြိမ်မြောက် အမျိုးသားနေ့ကို ဘူးသီးတောင်မြို့နယ် လောင်းချောင်းကျေးရွာကို ရွေးချယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း၊ ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးသားပါတီ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရခိုင်မျိုးနွယ်စုဝင်များ တက်ရောက်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN