၂၂  အောက်တိုဘာ

အာရှတိုက်မှာဆိုရင် ဗိုင်းရပ်စ်ပိုးကြောင့် ဦးနှောက်ရောင် ရောဂါဖြစ်ရတဲ့အထဲမှာ ဂျပန်ဦးနှောက်ရောင်ရောဂါက ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ တစ်နှစ်တစ်နှစ်ကို လူနာအယောက် ၅၀၀၀၀ လောက်ရှိနေပါတယ်။ သေနှုန်း ကိုကြည့်ပြန်တော့ လူနာရဲ့အသက်နဲ့ လူဦးရေထူထပ်မှု အပေါ်မူတည်ပြီး လူနာ ၁၀၀၀၀ လောက် နှစ်စဉ် သေဆုံး နေရပါတယ်။ ရာခိုင်နှုန်းနဲ့တွက်ချက်ကြည့်ရရင် ၂၅ ရာခိုင် နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ရှိတတ်ပါတယ်။ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှား၊ အင်ဒို နီးရှား၊ စင်ကာပူ စတဲ့နိုင်ငံတွေအပါအဝင် ကမ္ဘာပေါ်မှာ ၂၄ နိုင်ငံဟာ ရောဂါဖြစ်ပွားလျက်ရှိပါတယ်။ အာရှ- ပစိဖိတ် ဒေသတွေမှာ အဓိကတွေ့ရတဲ့ရောဂါတစ်မျိုးလို့ ပြောလို့ ရပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက မြန်မာနိုင်ငံ ကချင်ပြည်နယ်ကနေ လူနာတွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးက ဂျပန်ဦးနှောက်ရောင်ရောဂါ အမြစ်စွဲနေတဲ့ဒေသတွေမှာ နေထိုင်နေကြပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါက အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး ကူးစက်ဖြစ်ပွားနိုင်ပါတယ်။ တစ်နှစ်ပတ်လုံး ကူးစက်ဖြစ်ပွားနိုင်ပေမယ့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများဖြစ်တဲ့ မိုးတွင်းကာလမှာ အဖြစ်များပါတယ်။

သုံးဦးအနက် တစ်ဦးသေဆုံးနိုင်

လူကို ကူးစက်ခံရပြီဆိုရင် လူ ၂၅၀ ထဲကမှ တစ်ဦးပဲ ဦးနှောက်ရောင်လက္ခဏာပြပြီး ကျန်လူနာတွေကတော့ သာမန်တုပ်ကွေးလက္ခဏာတွေပဲ ပြပါတယ်။ ဦးနှောက်ရောင်လက္ခဏာရှိသူ သုံးဦးအနက် တစ်ဦးကတော့ သေဆုံး နိုင်ပါတယ်။ အသက်မသေဘဲ ပြန်လည်ကောင်းမွန်လာတဲ့ လူနာတွေရဲ့ ၃၀ ရာခိုင်နှုန်းခန့်ကတော့ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုခုချို့ယွင်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါကို ဖြစ်ပေါ်စေတဲ့ ရောဂါပိုးကတော့ Flavivirus အမျိုးအစား ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပါတယ်။ ရောဂါပိုးကို သယ်ဆောင်ဖြန့်ဖြူး ပေးတဲ့ ကောင်ကတော့ ကျူးလက်လို့ခေါ်တဲ့ ရေသိုးရေပုပ် မှာ ပေါက်ပွားတတ်တဲ့ခြင်ပဲ ဖြစ်ပါတယ်။ နာမည်ကြီးတဲ့ ခြင်သုံးမျိုးရှိပါတယ်။ အနောဖလိခြင်က ငှက်ဖျားရောဂါ ဖြစ်စေပါတယ်။ အေးဒိစ်ခြင်ကတော့ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးဖြစ်စေပါတယ်။ ကျူးလက်ခြင်ကတော့ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်စေပါတယ်။ ခြင်ဆိုကတည်းက ပိုးလောက်လမ်းဘဝက ဖြစ်လာတာရယ်၊ ရေမှာပေါက်ပွားတာရယ် အတူတူပါပဲ။

ရှင်းလင်းထားသင့်

ဒီတော့ ရေမြောင်းတွေကို ရေစီးရေလာကောင်းစေဖို့၊ အသုံးမပြုတဲ့ ရေအိုင်၊ ဗွက်အိုင်တွေကို မြေမြှုပ်ပစ်ဖို့၊ ရေသိုးကန်တွေပြုလုပ်ထားဖို့၊ ရေသိုးကန်တွေထဲကို အင်ဂျင်ဝိုင်အဟောင်းတွေ လောင်းထည့်ထားဖို့၊ အသုံးပြု တဲ့ရေကန်၊ ရေလှောင်ကန်တွေထဲကို လောက်လမ်းစား ငါးတွေမွေးမြူထားဖို့ လိုပါတယ်။ မိမိနေအိမ်ပတ်ဝန်းကျင် မှာ ချုံနွယ်ပိတ်ပေါင်းတွေမရှိအောင် ရှင်းလင်းထားသင့်ပါတယ်။ မိမိနေအိမ်အတွင်းမှာလည်း ခြင်တွေ ခိုအောင်းမနေနိုင်အောင် ပြတင်းပေါက်တွေ ဖွင့်ထား၊ လေဝင်လေထွက်ကောင်းအောင်၊ အလင်းရောင်ကောင်းကောင်းရအောင် ဆောင်ရွက်ထားသင့်ပါတယ်။

နေအိမ်တွေကို ပိုးလောက်လမ်းလိုက်စစ်ရတဲ့အခါ အများဆုံးတွေ့ရတာကတော့ ဘုရားညောင်ရေအိုး၊ နတ်ပန်း အိုးတွေမှာ ပိုးလောက်လမ်းတွေရှိနေတတ်တာပါပဲ။ ခြင်ကောင်ဖြစ်ဖို့ဆိုရင် ဥဘဝ၊ ပိုးလောက်လမ်းဘဝ၊ ပိုးတုံးလုံးဘဝကို ၁၀ ရက်အတွင်း ဖြတ်ကျော်လာရပါတယ်။ ခြင်ဥတွေရှိတဲ့ ပန်းအိုး၊ ရေအိုးတွေကို ပွတ်တိုက်ဆေးကြော ခြင်းမပြုခဲ့ဘူးဆိုရင် နောက်တစ်ကြိမ် ရေလဲ၊ ဘုရားပန်းလဲ လိုက်ပြီး တစ်ရက်၊ နှစ်ရက်အကြာမှာ ပိုးလောက်လမ်းတွေ တွေ့ရမှာပါပဲ။ လေးငါးရက်ကြာတဲ့အခါ သက်ကြီးကောင်ဘဝ ရောက်သွားနိုင်ပါတယ်။ နောက်တစ်ခုက အသုံးမပြုတော့တဲ့ ရေအိုး၊ ရေတင်ကျန်နိုင်တဲ့ အိုးခြမ်းပဲ့လိုပစ္စည်း ဟောင်းတွေ၊ ဝက်စာအိုး၊ နွားစာအိုးတွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုပိုးလောက်လမ်းတွေရှိနေတာက ခြင်တွေအတွက် ပေါက်ပွားခွင့်ပေးထားတာပဲဖြစ်ပါတယ်။ ခြင်တွေရှိနေတာဟာ ခြင်ကိုက်ရာကနေ ဖြစ်လာနိုင်တဲ့ရောဂါတွေကို ဖိတ်ခေါ်နေသလိုပါပဲ။

ထိရောက်မှုပိုရှိ

ခြင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရာမှာ ခြင်နှိမ်နင်းရေး၊ ခြင်ကိုက် မခံရရေး၊ ရောဂါဖြစ်သူကို ထိထိရောက်ရောက် ကုသရေး တို့ဟာ အရေးကြီးပါတယ်။ ခြင်နှိမ်နင်းရေးမှာ ပိုးလောက် လမ်းဘဝကို နှိမ်နင်းတာက သက်ကြီးကောင်ခြင်ဘဝကို နှိမ်နင်းတာထက် ထိရောက်မှုပိုရှိပါတယ်။ ပိုးလောက်လမ်း နှိမ်နင်းရေးလုပ်ငန်းဖြစ်တဲ့ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းကို အပတ်စဉ် ပုံမှန်ဆောင်ရွက်သွားဖို့ လိုပါတယ်။ ခြင်ကိုက်မခံရရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ နေအိမ်ပြတင်း ပေါက်တွေကို ခြင်လုံဆန်ခါတွေ တပ်ဆင်ပေးရသလို နေထိုင်သူတွေကလည်း ခြင်ကိုက်မခံရအောင် နေထိုင်ရပါမယ်။

လှည့်လည်နေ

ဂျပန်ဦးနှောက်ရောင်ရောဂါကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကိုလည်းသိခဲ့ပါပြီ၊ ရောဂါဖြန့်ဖြူးပေးတဲ့ခြင်ကိုလည်း ပြောပြခဲ့ပါပြီ၊ အခုဆက်လက်ပြီးတော့ သိုလှောင်ပေးတဲ့ သူတွေကို ပြောပြပါမယ်။ ဒီဗိုင်းရပ်စ်တွေက ငဟစ်ငှက်၊ ဗျိုင်းစတဲ့ ခြေတံရှည်ငှက်တွေထဲမှာ လှည့်လည်နေပါတယ်။ ဝက်တွေက ပိုးကောင်အရေအတွက်တွေကို ပွားများလာစေပါတယ်။ ဝက်တွေထဲမှာ မျိုးပွားကြပါတယ်၊ အဲဒီဝက်တွေကို ခြင်ကိုက်လိုက်တဲ့အခါ ရောဂါပိုးတွေဟာ ခြင်ထဲရောက်ရှိသွားပါတယ်၊ ဒါပေမယ့် ခြင်တွေကတော့ ရောဂါ မဖြစ်ကြပါဘူး။ အဲဒီခြင်တွေက လူကိုကိုက်လိုက်တဲ့အခါမှ လူမှာ ရောဂါဖြစ်လာရပါတယ်။

ကူးစက်ခံရဖွယ်ရှိ

မုတ်သုံရာသီအတွင်းနဲ့ မိုးအကုန်ဆောင်းအကူးတွေမှာ ရောဂါပိုးအမြစ်စွဲနေတဲ့ ဒေသတွေက ကလေးငယ်တွေဟာ အိမ်အပြင်မှာ အနေများရင် ရောဂါကူးစက်နိုင်ခြေ ပိုများပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါပိုးကူးစက်မှု ရှိနေတဲ့ ကျေးလက်ဒေသတွေကို ခရီးသွား၊ အနေများတဲ့သူတွေဟာ ဒေသခံတွေလိုပဲ ကူးစက်ခံရဖွယ် ရှိပါတယ်။ တစ်ပတ်အတွင်း လူဦးရေတစ်သိန်းမှာ နှစ်ယောက်အထိ ကူးစက်ခံရပါမယ်။

မိုးတွင်းကာလမှာ ဖြစ်ပွားတတ်

ဂျပန်ဦးနှောက်ရောင်ရောဂါ အစုလိုက်အပြုံလိုက် ကပ်ရောဂါအနေနဲ့ ဖြစ်ပွားတယ်ဆိုတာ မိုးတွင်းကာလမှာ ဖြစ်ပွားတတ်ပါတယ်။ မိုးရာသီအတွင်း လယ်ယာမြေတွေဟာ ရေပြင်ကြီးလိုဖြစ်နေတော့ ခြင်တွေအတွက် ပေါက်ပွား စရာနေရာတွေ ပေါများလာပါတယ်။ ဒါကြောင့် အဲဒီလိုဒေသတွေမှာ မှီတင်းနေထိုင်သူတွေဟာ ခြင်ပိုကိုက်ခံရ၊ ရောဂါပိုကူးစက်ခံရပါတယ်။ တစ်ခါတလေတော့ ကပ်ရောဂါက မြို့ဆင်ခြေဖုံးရပ်ကွက်တွေ၊ ဝက်မွေးမြူတဲ့နေရာတွေ၊ မိုးတွင်းမှာ ရေဝင်၊ ရေအိုင်နေတဲ့ ဒေသတွေမှာလည်း ပေါ်ပေါက်တတ်ပါတယ်။ ရောဂါပိုးသယ်ဆောင် ထားတဲ့ခြင်တွေက လူတွေကို ကိုက်လိုက်၊ တိရစ္ဆာန်တွေကို ကိုက်လိုက်နဲ့ ကပ်ရောဂါတွေ ဖြစ်ပေါ်လာစေပါတယ်။

ငါးရက်ကနေ ၁၅ ရက်ပဲကြာ

ရောဂါပျိုးရက်လို့ခေါ်တဲ့ ရောဂါပိုးဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာတွေ စတင်ခံစားရတဲ့အချိန်အထိ ကြားကာလကတော့ ငါးရက်ကနေ ၁၅ ရက်ပဲ ကြာပါတယ်။ ဒါကြောင့် ရောဂါကူးစက်နိုင်တဲ့ဒေသတွေကို သွားရောက်ပြီး လေး၊ ငါး၊ ဆယ်ရက်လောက်အကြာမှာ အောက်ပါလက္ခဏာတွေခံစားရရင် ဂျပန်ဦးနှောက်ရောင် ရောဂါလားလို့ သံသယရှိသင့်ပါတယ်-

ရောဂါလက္ခဏာတွေကိုဖော်ပြရမယ်ဆိုရင် ကနဦး လက္ခဏာတွေကတော့-

(၁) ရုတ်တရက်အဖျားကြီးခြင်း

(၂) ခေါင်းကိုက်ခြင်း

(၃) မောပန်းပြီးနုံးခြင်း

(၄) ပျို့ခြင်း၊ အန်ခြင်း

(၅) ရောဂါဖြစ်ပွားစမှာကလေးတွေဟာ ဗိုက်နာခြင်းကို ထင်ရှားစွာခံစားကြရပါတယ်။

နောက်ဆက်တွဲလက္ခဏာတွေအနေနဲ့ကတော့-

(၁) လည်ပင်းတောင့်တင်းခြင်း

(၂) စိတ်ရှုပ်ထွေးခြင်း

(၃) သတိလစ်ခြင်း

(၄) မူးဝေအိပ်ငိုက်ခြင်း

(၅) လှုပ်ရှားမှုမမှန်ခြင်း

(၆) တက်ခြင်း စတာတွေ ဖြစ်နိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အသက် ၁၀ နှစ်အောက် ကလေးငယ်တွေမှာ ပြင်းထန်တဲ့ရောဂါဖြစ်ပွားမှု များပြားပြီး သေဆုံးနှုန်းလည်း မြင့်မားပါတယ်။

ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးနေပြီ

ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ ကာကွယ်ဆေးထိုးခြင်းဟာ တစ်ခုတည်းသော အရေးအပါဆုံးကာကွယ် ရေးနည်းလမ်းပဲ ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ကလေးငယ်တွေကို ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးကို အခမဲ့ထိုးနှံပေးနေပြီ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှ စတင်ပြီး အသက်ကိုးလအရွယ်ကလေးတိုင်းကို ကာကွယ် ဆေးထိုးပေးနေပါပြီ။ ကာကွယ်ဆေးထိုးသင့်တဲ့သူတွေကတော့ ရောဂါကူးစက်ဖြစ်ပွားလွယ်တဲ့ နေရာများသို့ ခရီးသွားမယ့်သူတွေအနေနဲ့ ခရီးမထွက်ခင် တစ်လအလို ကြိုထိုးထားရပါမယ်။ ကာလရှည် ခရီးထွက်သူတွေ၊ မကြာခဏခရီးသွားသူတွေ၊ ကပ်အသွင်ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို ခရီးသွားသူတွေ၊ ကျေးရွာကို လည်ပတ်သူတွေဟာ အဓိကထိုးနှံသင့်ပါတယ်။ အသက်ကိုးလအရွယ်မှစပြီး လူကြီး၊ လူငယ်အားလုံး ကာကွယ်ဆေးကြိုတင်ထိုးနှံနိုင်ပါတယ်။

ခြင်ထောင်နဲ့အိပ်စေသင့်

နောက်ထပ်အရေးကြီးတဲ့ ကာကွယ်ရေးနည်းလမ်း တစ်ခုကတော့ ရောဂါပိုးသယ်ဆောင်တဲ့ခြင်တွေက ညနေစောင်း နေဝင်ရီတရောမှာ ကိုက်လေ့ရှိတာကြောင့် ကလေး ငယ်တွေကို ခြင်ထောင်နဲ့ အိပ်စေသင့်ပါတယ်။ ။

ဇော်သစ်ကြည်