ဆိပ်ဖြူ  ၈ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် ကြက်သွန်နီစိုက်ခင်းများတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။ 

 

1

 

“ယခုရက်ပိုင်းအတွင်း အချိန်အခါမဲ့ မိုးရွာသွန်းပြီး စိုက်ပျိုးထားရှိတဲ့ ကြက်သွန်နီ စိုက်ခင်းတွေအတွင်း မိုးရေဝင်ရောက်တာကြောင့် ထိခိုက်ပျက်စီးမှု မရှိစေဖို့ ရေတွေဖောက်ထုတ်နေရတယ်၊ လတ်တလောအနေနဲ့ ထိခိုက်ပျက်စီးမှု မသိရသေးဘဲ မိုးရေကုန်အောင်ထုတ်ပြီး ကြက်သွန်နီခင်းတွေကို မှိုသတ်ဆေးများ ဖျန်းပေးရမယ်” ဟု မကျီးကုန်းကျေးရွာ ကြက်သွန်နီစိုက်တောင်သူ ဦးသန်းအေးက ပြောသည်။

 

2

 

ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ကြက်သွန်နီကို အဓိကထား၍ မြို့နယ်အတွင်းရှိ တောင်သူများ အားထားစိုက်ပျိုးကြပြီး ကြက်သွန်နီသည် ဆောင်းသီးနှံဖြစ်သည့်အတွက် နှင်းအအေးဓာတ်နှင့် မြေအောက် ရေသွင်းစနစ်ဖြစ်သည့် နွားချေး၊ နှမ်းဖတ်တို့ဖြင့် ရေချိန်၊ မြေချိန်တိုင်း၍ စိုက်ပျိုးသော ဆောင်းသီးနှံတစ်မျိုးဖြစ်ကာ မိုးရေကို ကြိုက်နှစ်သက်မှုမရှိကြောင်း ကြက်သွန်နီစိုက် တောင်သူများက ပြောသည်။ 

 

“၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကလည်း မိုးရွာသွန်းခဲ့၍ ကြက်သွန်နီခင်းတွေ ထိခိုက်ပျက်စီးခဲ့ရတယ်။ အသစ်ပြန်လည် စိုက်ပျိုးတော့ အချို့တောင်သူတွေ ပျိုးရရှိမှု မရှိတဲ့အတွက် ပြန်လည်စိုက်ပျိုးနိုင်ခြင်း မရှိဘဲ အခြားသီးနှံပဲ စိုက်ပျိုးခဲ့ရတယ်၊ ယခုလို မိုးဆက်လက်ရွာပါက ကြက်သွန်နီခင်းတွေထဲ ရေဝပ်ကာ အပင်ရိ၍ ပျက်စီးဆုံးမှုရှိနိုင်တယ်၊ ကြက်သွန်နီဟာ သွင်းအားစုများနဲ့ မျိုးဈေးမြင့်မားတဲ့ သီးနှံဖြစ်ပြီး ကြက်သွန်နီမျိုးစေ့ တစ်ပြည်ပျိုးလျှင် ကျပ် ၁၅၀၀၀၀ ခန့်ပေးဝယ်ရကာ တစ်ဧကလျှင် မျိုးဈေး၊ အလုပ်သမား၊ မြေသြဇာဖိုး ကုန်ကျစရိတ် ၅ သိန်းကျပ်ခန့်ရှိတယ်” ဟု မကျီးကုန်းကျေးရွာ ကြက်သွန်နီ စိုက်တောင်သူ ဦးသန်းအေးက  ဆက်လက်ပြောကြားသည်။

 

ဆိပ်ဖြူမြို့တွင် အချိန်အခါမဲ့မိုးသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ  ၇ ရက်နှင့် ၈ ရက်နေ့ နံနက်ထိ မိုးရေချိန် ၁ ဒသမ ၇၅ လက်မရွာသွန်းခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း၌ မိုးရွာရက် ၄ ရက်ရှိခဲ့ကာ မိုးရေချိန် ၂ ဒသမ ၀၄ လက်မရှိကြောင်း သိရသည်။

 

စိုးလင်းနိုင်(ပြန်/ဆက်)