ခင်မောင်ဌေး (ပညာရေး)
စာရေးသူကား ခရီးသွားဝါသနာထုံသူဖြစ်သည်။ မိသားစု တစ်စုလုံးကလည်း စိတ်တူကိုယ်တူမို့ အားလပ်ရက်ရသည် နှင့် များများမညှိနှိုင်းလိုက်ရ။ ခရီးစဉ်တစ်ခု ဆွဲမိတော့သည်။ ခရီးသွားခြင်းကို အားပေးသောမိတ်ဆွေကလည်း များသည်။ သူတို့ကိုယ်တိုင်လည်း ခရီးထွက်ကြသူများဖြစ်၏။
ဒီနှစ် ရန်ကုန်ကထိန်က အထူးစည်ကားလှသည်။ မြန်မာ လူမျိုးတို့၏ အလှူရေစက်လက်နှင့် မကွာပုံကို အံ့မခန်းတွေ့ရ ၏။ မွန်မြတ်လှသည့်အလှူ၊ တစ်နှစ်မှ တစ်ရက်။ တစ်ရက်မှ တစ်ကျောင်းသာ လှူဒါန်းခွင့်ရသည့် ကုသိုလ်ဖြစ်သည်။ လှူကထိန်သင်္ကန်းနှင့် မင်္ဂလမ်းကိုရွယ်သည့်အချိန် ဘာသာ တရားကိုဗန်းပြ၍ အရောင်ဆိုးကြသူများကလည်း ရှိသည်။ အထူးသဖြင့် ဘာသာတရား၏ ကောင်းမြတ်သော အနှစ် သာရများအား အပေါ်ယံပျော်ရွှင်မှု ပကာသနဖြင့် ဖုံးအုပ်ချင် ကြသည်။ အဆိုးရွားဆုံးမှာ ဆူညံတီးမှုတ်ကခုန်ကြခြင်းပင် ဖြစ်သည်။ အချိန်ကာလမရွေး စည်းမဲ့ကမ်းမဲ့များကြောင့် လူကြီးသူမများ များစွာ စိတ်အနှောင့်အယှက်ဖြစ်ရသည်။ သို့ဖြစ်၍လည်း အသံချဲ့စက်သုံးစွဲမှုနှင့် ပတ်သက်၍ တိကျသည့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းသင့်ကြောင်း ကျယ်ပြန့်စွာ အကြံပြုလာကြသည်ကို တွေ့ရသည်။ သို့ဖြစ်၍လည်း အားလပ် ချိန်ရသည်နှင့် ဆူညံမှုများနှင့် ဝေးရာသို့သာ စိတ်အစဉ်က ရောက်နေတော့သည်။
ခရီးသွားမှတ်တမ်း
မကြာသေးမီကပင် ဆရာမကြီးရွှေကူမေနှင်းထံမှ စာအုပ် လက်ဆောင်ရခဲ့သည်။ စာအုပ်မှာ ခရီးသွားမှတ်တမ်းဖြစ်သည့် Goodbye America ဖြစ်သည်။ ဆရာမကြီးသည် စာပေ လောကတွင် ဝတ္ထုတို ၊ ဆောင်းပါး၊ မဂ္ဂဇင်း၊ ဝတ္ထုရှည် အက်ဆေး၊ ပင်ကိုရေးနှင့် ဘာသာပြန်စာအုပ်ပေါင်းများစွာ ရေးသားခဲ့ သူဖြစ်သည်။ ယခုစာအုပ်မှာ အမေရိကမြေသို့ တစ်လကြာ ပြည်နယ်ရှစ်ပြည်နယ်သို့ ခြေဆန့်ခဲ့သည်။ စာပေဟောပြော ပွဲများ၊ ဆွေးနွေးပွဲအကြီးအသေးစုံလင်ခဲ့သည်။ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်၊ နယူးယောက်၊ ဝါရှင်တန်ဒီစီ၊ အမေရိကန်၊ ဘက်ဖလိုစသည့် ဒေသများ၊ သဲက္တာရနှင့် ရေခဲနှင်းဆောင်း နေရာများ၊ ရွက်ကြွေတောမှ အရိုးပြိုင်းပြိုင်း မေပယ်ပင်အနီး အဝေးမြင်ကွင်းများ၊ ခမ်းနားသော ပြတိုက်များ၊ ဘုရားကျောင်းများ၊ ဈေးဝယ်စင်တာကြီးများ အကြောင်း လက်ကမချချင်အောင်ပင် ဖတ်ဖြစ်ခဲ့သည်။ အထူးသဖြင့် ခရီးသွား ဆောင်းပါးများမို့ ပို၍ နှစ်သက်မိသည်။ ပို၍လည်း အားကျမိသည်။
မိုးကမကုန်တတ်သေး။ ဆောင်းနှင်းမြူတို့က ဝေ့သီဝဲ၍ နေသည်။ ရှူရှိုက်ရသည့် လေနုအေးကြောင့် ပို၍ပင် လန်းဆန်း တက်ကြွသွားသည်။ ဖွင့်ထားသည့်ကားတံခါးမှ တိုးဝင်လာသည့် လေအေးများကိုအငမ်းမရ ရှူရှိုက်နေမိ၏။ မူးဝေနောက်ကျိ နေသောစိတ်နှလုံးကို ကြည်လင်လန်းဆန်းသွားစေ၏။ စာရေး သူတို့သွားနေသည့် ခရီးမှာ တိမ်တောင်တိမ်လိပ်များကြားမှ ဝေဟင်ခရီးမဟုတ်။ အမေရိကားလည်း မဟုတ်။ ပြင်ပရပ်ခြား ခရီးလည်းမဟုတ်။ နှင်းငွေ့ဝေသီနေသည့် ရန်ကုန်-တွံတေး မြေပြင်ခရီးသွားဖြစ်သည်။
အမေရိကားကိုမျှော်လင့်နေ၍ မဖြစ်။ ဖြစ်နိုင်သည့်နေရာမှ ပထမစရမည်။ မိမိနိုင်ငံအတွင်း၌ပင် မရောက်ဖူးသေးသည့် နေရာကများလှစွာ။ နိုင်းမြစ်ကြီးလည်း လှသည်။ အမေဇုန်မြစ်၊ ယန်စီ၊ ဂင်္ဂါမြစ်တို့လည်း လှမည်။ သို့သော် ဧရာဝတီ၏ အလှအပ ကိုအပြည့်အဝခံစားနိုင်ရန် ကြိုးစားရဦးမည်။ အဲလ်စ်တောင်တန်း၊ အင်ဒီးစ်တောင်တန်းတွေလှသလို ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီ တောင်ထွတ်များကလည်း တစ်မျိုးတစ်ဖုံလှနေမည်သာဖြစ်သည်။ စင်စစ်အလှတရားသည် နေရာတိုင်းတွင် ရှိနေသည်။ အလှတရား ကို တွေ့အောင်ရှာဖွေတတ်ရန်နှင့် ခံစားသိတတ် ခံယူတတ် ရန်သာ လိုရင်းဖြစ်သည်။
လက်ခုပ်ကုန်း
မကြာခင်တွံတေးတံတားသို့ ရောက်တော့မည်။ ထိုမှ တစ်ဆင့် ဆယ်အိမ်တန်း။ ဆယ်အိမ်တန်းမှ တစ်ဆင့် အပြော ကျယ်လှသည့် ပင်လယ်ပြင်ကြီးကို မြင်တွေ့နိုင်တော့မည့် ကမ်းခြေတစ်ခု။ ယင်းကမ်းခြေမှာ “လက်ခုပ်ကုန်း ကမ်းခြေပင် ဖြစ်သည်။ စင်စစ် ယင်းကမ်းခြေသည် ရန်ကုန်မြို့မှ မိုင် ၃၀ အကွာ ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကျေးရွာတွင်ရှိလေ သည်။ (ယင်းခရီးမိုင်မှာ ဒလသို့ ဇက်ကူး၍သွားသော ခရီးမိုင် ဖြစ်နိုင်ပါသည်။) ကမ်းခြေအရှည်မိုင်မှာ ကိုးမိုင်နီးပါးရှိသည်။ ထူးခြားချက်မှာ ယင်းကမ်းခြေအနီးတွင် မြစိမ်းတောင်ကျွန်းရှိပြီး အဆိုပါကျွန်းနှင့် ကမ်းခြေကို လူကူးကြိုးတံတား တည်ဆောက် ကာ ငှက်ကြည့်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဒီရေတောများကို လေ့လာခြင်း ပြုလုပ်နိုင်လေသည်။ (ခွင့်ပြုချက်ရလျှင် တံတား ထိုးရန် ပြင်ဆင်လျက်ရှိသည်)။ သို့ဖြစ်လျှင် မြစိမ်းတောင်ကျွန်းမှ ၁၅ မိနစ်သာသာ သွားလျှင် ပင်လယ်ရေပြာပြာကို မြင်ကြရ မည်သာဖြစ်သည်။
၂၀ဝ၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းအပြီးတွင် ရပ်နားခဲ့သည့် လက်ခုပ်ကုန်းကမ်းခြေဟိုတယ်ကို Orchid Advanture Cher Present အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ကမ်းခြေပင်လယ်ရေရွှံ့ဖုံး၍ ရေအနည်းငယ် နောက်သည့်အတွက် Muddy Water Resort ပြုလုပ်သည့်အပြင် ရွက်ဖျင်တဲများနှင့် မိသားစုဝင်များ စရိတ်သက်သက်သာသာနှင့် တည်းခိုနိုင်မည့်အခန်းများ ပိုမိုစီစဉ်ထားမည်ဟု သိထားရလေသည်။
ဆယ်အိမ်တန်းသို့
ကားလမ်းခရီးဖြင့် သွားမည်ဆိုလျှင် ရန်ကုန်မြို့မှ ဘုရင့် နောင်တံတားကိုဖြတ်၍ ယခင်အဝိုင်းမှ တွံတေးတံတားကြီးဆီသို့ တန်းတန်းမတ်မတ်သွားရမည်။ တွံတေးတံတားကျော်လျှင် လှိုင်သာယာ၊ ဒလနှင့် တွံတေး ၃ လမ်းဆုံသို့ ရောက်သည်။ ၃ လမ်းဆုံအထိ ၁၁ မိုင်ရှိသည်။ တွံတေးလမ်းမှတစ်ဆင့် ကန်ဘဲ့ လမ်းသို့ချိုးကာ ကော့မှူးအထိ မောင်းရမည်။ ခန့်မှန်းအကွာ အဝေး ၂၁ မိုင်နီးပါးရှိသည်။ ကော့မှူးမှ ဝါးဘလောက်သောက်ကို ဖြတ်၍ ဆယ်အိမ်တန်း ကမ်းခြေသို့ မိုင် ၂၀ နီးပါးရှိ၏။ ယခုအခါ ယင်းဆယ်အိမ်တန်းကို လက်ခုပ်ကုန်းအဖြစ် ပြောင်းလဲထား ကြောင်း သိရသည်။ အနည်းဆုံး သုံးနာရီပြင်းပြင်းမောင်းရသည်။ တွံတေး၊ ကော့မှူး - ဝါးဘလောက်သောက်လမ်း ကောင်းပါ သည်။ ဝါးဘလောက် သောက်မှ ဆယ်အိမ်တန်းသို့ ကွန်ကရစ် လမ်းအပေါက်ခင်းထားသည်။ ရောက်ခါနီး သုံး၊လေး မိုင်ခန့် လမ်းကျဉ်းလွန်၍ ကား နှစ်စင်းရှောင်တိမ်းရန် ခက်ခဲလှပါသည်။
လက်ခုပ်ကုန်းကမ်းခြေ
အရှည်မိုင် ကိုးမိုင်ရှိသောကမ်းခြေတစ်လျှောက် ညီညာ သပ်ရပ်စွာ ဆောက်လုပ်ထားသည့် ယာယီတဲများနှင့် ရောင်စုံ ထိုင်ခုံများချထားသည်မှာ စနစ်ကျလှသည်။ ဓနိမိုးထား၍ အရိပ်ကောင်းသည်။ ကားပါကင်အတွက် နေရာကောင်းသည်။ တစ်မျှော်တစ်ခေါ် ရှုမျှော်ကြည့်နိုင်သည့် ပင်လယ်ပြင်ကြီး ကိုတွေ့ရသည်။ ငါးဖမ်းလှေငယ်လေးများကို လှမ်း၍မြင်နေရသည်။ ကျယ်ဝန်းလှသော ကမ်းခြေတွင် မြင်းစီးခြင်း၊ ကားမောင်းခြင်း၊ စက်လှေစီးခြင်းများရှိသော်လည်း များများစားစားတော့ မဟုတ်သေး။ ကမ်းခြေမှာ ကျယ်ပြန့်ရှည်လျားလှ၍ အလှဓာတ်ပုံ ရိုက်ကြသူများကို အများအပြားတွေ့ရသည်။
ပင်လယ်စာမျိုးစုံ
ယင်းကမ်းခြေတွင် ဘန်ဂလိုများ ငှားရမ်းနေထိုင်လိုလျှင် ရွာထဲတွင်ရှိသည်။ ကမ်းခြေရှိ ဆိုင်များသည် ကားပါကင်နှင့် ကမ်းစပ်တွင် အပန်းဖြေနားနေနိုင်ရန် စီစဉ်ပေးသည်။ ၎င်းတို့ ဆိုင်မှ ပင်လယ်စာအနည်းဆုံး နှစ်သောင်းဖိုး ဝယ်ယူစား သောက်လျှင် နားနေရန် အခမဲ့ဝန်ဆောင်မှုပေးသည်။ မိမိတို့ အစီအစဉ်ဖြင့် စားမည်ဆိုလျှင် ကားပါကင်နှင့် နားနေသည့် အတွက် ထိုက်သင့်သည့် အခကြေးငွေပေးရမည် ဖြစ်သည်။ ရရှိနိုင်သည့် အစားအစာများမှာ ကဏန်းမဆလာ၊ ကဏန်း ချဉ်စပ်၊ ပုစွန်ထုပ်ဆီပြန်၊ ငါးသလောက်ဒယ်အိုး မှောက်ကင်၊ ကျောက်ပွင့်သုပ် စတဲ့ ပင်လယ်စာမျိုးစုံရရှိနိုင် သည်။ မူးယစ် သောက်စားခြင်း အရက်စသည့် အဖျော်ယမကာများ ရောင်းချသည်ကို မတွေ့ခဲ့ရပေ။
ပင်လယ်ရေနဲ့ သဲနုန်းမြေ
စာရေးသူတို့ နံနက် ၁၀ နာရီလောက် ရောက်သွားပါ သည်။ ပင်လယ်ရေက ကမ်းစပ်နှင့် လေးဖာလုံနီးနီးလောက် နိမ့်ကျနေလေသည်။ နှစ်ဖာလုံလောက်က သဲနုန်းဖြစ်ပြီး ကျန်နှစ်ဖာလုံလောက်မှာ ရွှံ့နုန်းမြေဖြစ်နေလေသည်။ ဆိုင်ရှင် ကိုမေးကြည့်တော့ အခုရေတက်လာနေပါပြီတဲ့။ ၁၂ နာရီ လောက်မှာ ပင်လယ်ရေဟာ နှစ်ဖာလုံအထိ ရောက်လာပါ သည်။ လှိုင်းသိပ်မကြီးပါ။ ၁ နာရီခွဲလောက်မှာတော့ ပင်လယ်ရေသည် လူအများနားနေသည့် ယာယီအရိပ်ရတဲများအနီးထိ ရောက်လို့လာသည်။ ပင်လယ်ရေကကမ်းနှင့် နှစ်ဖာလုံ လောက်အလိုကတည်းက ဗောကျွတ်ငှားသည့်ဆိုင်များ ကမ်းစပ်ကို ဆင်းလာကြသည်။ ရောင်စုံဗောကျွတ်များ ဆင့်ကာဆင့်ကာ စီထားကြပါသည်။ ပင်လယ်ရေကမ်းနား နီးလေ ဗောကျွတ်ကိုယ်စီနှင့် ပင်လယ်ထဲ ဆင်းကုန်ကြပါ တော့သည်။ နံနက်ပိုင်း အပန်းဖြေသူနည်းသော်လည်း ၁၂ နာရီနောက်ပိုင်း အပန်းဖြေလာကြသည့် ကားအစီးရေရော ပြည်တွင်းဧည့်သည်တွေပါ ပြုံကျလာပါသည်။ ကိုးမိုင်ကမ်းခြေ တစ်လျှောက် အစီအရီ ရှိနေသည့် နားနေဆောင်များအားလုံး ဧည့်သည်ပြည့်နှက် သွားပါတော့သည်။ ကိုးမိုင်ရှည်လျားသည့် ကမ်းခြေတစ်လျှောက် ရေဆင်းကူးသူများတစ်မျှော်တစ်ခေါ် ကြီးပင်။
တစ်နေ့တာအပန်းဖြေစရာ
စင်စစ်လက်ခုပ်ကုန်းကမ်းခြေသည် ရန်ကုန်မြို့နှင့် နေ့ချင်းပြန်သွားနိုင်သည့် နေရာတစ်ခုပင်။ ဒလဘက်က ဇက် ကူးသွားမည်ဆိုလျှင် ပိုနီးပါသည်။ ကော့မှူး၊ ကွမ်းခြံ ကုန်းဘက်က သွားလည်းရပါသည်။ ဤကမ်းခြေ၏ အားနည်းချက်မှာ ပင်လယ်ရေက ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေကဲ့သို့ ရေမကြည်ပါ။ သဲမပေါပါ။ ရေနောက်ပါသည်။ သဲနုန်းမြေဆန်ပါသည်။ စိမ်းစိမ်းလဲ့လဲ့ ပြာပြာရည်ရည် မရှိလှပါ။ ယင်းအချက်များမှလွဲလျှင် ကျယ်ပြန့်သည့် ကမ်းခြေအုန်းပင်တန်းများနှင့် ကြည်နူးဖွယ်ကောင်းသည့် နေရာတစ်ခုပင်ဖြစ်သည်။ နေဝင်ချိန် ရှုမျှော်ခင်းများကို ခံစားကြည့်မည်ဆိုလျှင် ရှု၍မဝနိုင်စရာ ပင်။ စိတ်အေးလက်အေးစာလေးရေးလို့ ပင်လယ်လေနု အေးကို ရှူရှိုက်ရင်းတစ်နေ့တာ အပန်းပြေစေနိုင်မည့် နေရာ လေးမို့ ခရီးဝေးသွားဖို့ အချိန်မရသူများအတွက် အကောင်း ဆုံးတစ်ခုအဖြစ် ညွှန်းဆိုပါရစေ။
အကြံပြုချက်
လက်ခုပ်ကုန်းကမ်းခြေသည် ရန်ကုန်မြို့နှင့်အလှမ်း မဝေးသောနေရာတွင်ရှိပါသည်။ သို့ဖြစ်၍ လူတိုင်း အလွယ် တကူသွားလာနိုင်ပါသည်။ ဆက်သွယ်ရေးလမ်းကြောင်း လည်း ကောင်းမွန်ပါသည်။ သို့သော် လမ်းညွှန်အမှတ်အသား မရှိပါ။ တစ်လမ်းလုံး မေးသွားနေရပါသည်။ လိုလိုချင်ချင်လည်း ပြောပြကြပါသည်။ ကမ်းခြေမှာ သဲနုန်းဖြစ်၍ ရေတက်လာပြီး လှိုင်းရိုက်လိုက်တိုင်း ရွှံ့ ဗွက်ထလေသည်။ ကမ်းစပ်တွင် ရေချိုး၍ မကောင်းပါ။ က္ဘာပေါ်တွင် လူလုပ်သော ရေတံခွန် များ (Men made waterfall) ကမ်းခြေတုများ ရှိပါသည်။ အမှန်တကယ်ရှိနေသည့် ပင်လယ်ကမ်းခြေကို နည်းပညာ အကူအညီဖြင့်သာ ပြုပြင်ဖန်တီးလိုက်နိုင်မည်ဆိုလျှင်။
မြန်မာ့အလင်း