ဖေဖော်ဝါရီ 

 

မျက်မှောက်ကမ္ဘာ့နိုင်ငံများကို လေ့လာပါက နိုင်ငံဖွဲ့စည်းမှုပုံစံ အမျိုးမျိုး၊ အစိုးရနှင့် အုပ်ချုပ်မှုစနစ်အမျိုးမျိုးတို့ကို တွေ့ရမည် ဖြစ်သည်။ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတို့ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းများ ကွဲပြားခြားနားကြသည့် အလျောက် ဒီမိုကရေစီစနစ်ဖြင့် သမ္မတဦးဆောင်သော အစိုးရ၊ ဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့တို့ဖြင့် အုပ်ချုပ်သော စနစ်ကို ကျင့်သုံးသည့်နိုင်ငံများ၊ ဘုရင်စနစ်ကို ကျင့်သုံးသည့် နိုင်ငံများ စည်းမျဉ်းခံဘုရင်နှင့် ပါလီမန်စနစ်ကို ကျင့်သုံးသည့် နိုင်ငံများ ဦးဆောင်ပါတီကြီးတစ်ခုတည်းဖြင့် နိုင်ငံကို အုပ်ချုပ်သည့်နိုင်ငံများ စသည်ဖြင့် ကွဲပြားကြသည်။ နိုင်ငံကို ဖွဲ့စည်းတည်ဆောင်ရာတွင်လည်း တစ်ပြည်ထောင်စနစ်၊ ပြည်ထောင်စုစနစ် စသည်ဖြင့် ကျင့်သုံးကြသည်။ United Union   Federal စသည်ဖြင့် နိုင်ငံအမည်တပ်ထားသော နိုင်ငံများမှာ ပြည်ထောင်စုနိုင်ငံများ ဖြစ်ကြသည်။

 

ပြည်ထောင်စုနိုင်ငံများအနက် United State of America ခေါ် အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံ၊ အကြီးဆုံးသော ပြည်ထောင်စုနိုင်ငံကြီး တစ်ခုပင်ဖြစ်သည်။ စတင်တည်ထောင်ခဲ့သည် ၁၇၇၆ ခုနှစ်က ပြည်နယ်ပေါင်း ၁၃ ပြည်နယ်ရှိခဲ့ရာမှ ယခုအခါတွင် ပြည်နယ်ပေါင်း ၅၀ ရှိလာခဲ့ပြီး၊ ဗဟိုအစိုးရရုံးစိုက်သည့် ဝါရှင်တန်ဒီစီ အပါအဝင်ဆိုပါက ၅၁ ပြည်နယ်ရှိနေပြီဖြစ်သည်။ သမ္မတလင်ကွန်းလက်ထက် ၁၈၆၁ ခုနှစ်တွင် တောင်ပိုင်းပြည်နယ်များ ခွဲထွက်ခွင့်လှုပ်ရှား ခဲ့ရာမှ အမေရိကန်ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့ရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၆၀ ခန့်က အမေရိကန်သည် ၄င်း၏ ပြည်ထောင်စုကြီး မပြိုကွဲရေးအတွက် ဤသို့လျှင် ရုန်းကန်ကြိုးပမ်းခဲ့ရသည့် သမိုင်းရှိခဲ့သည်။

 

United Kingdom ဒေါ် ဗြိတိန်ဘုရင့်နိုင်ငံတော်သည်လည်း အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်နှင့် မြောင်းပိုင်း အိုင်ယာလန် နယ်မြေတို့ကို စုစည်းထားခြင်းဖြစ်သည်။ အိုင်ယာလန်တို့၏ လွတ်လပ်ရေးလှုပ်ရှားမှု၊ စကော့တလန်၏ ခွဲထွက်ရန် ဆန္ဒခံယူမှု စသည်တို့နှင့် တွေ့ကြုံခဲ့ရပြီး စုစည်းထားသည့် ဘုရင့်နိုင်ငံတော်ကြီး အစုအစည်း မပျက်စေရေးအတွက်  ကြိုးပမ်းခဲ့ရကြောင်းကိုလည်း လေ့လာခဲ့ရဖူးသည်။ ပြည်ထောင်စုများ စုစည်းနေထိုင်ကြခြင်း၏ အဓိကအကြောင်းရင်းမှာ အင်အားခိုင်မာ တောင့်တင်းရေးအတွက် ဖြစ်သည်။ မိမိတို့၏ အမျိုးအနွယ်တည်တံ့ရေး၊ ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေးနှင့် ညီညွတ်မျှတစွာ သာယာဝပြောရေးအတွက်လည်း ဖြစ်သည်။ သို့ဖြစ်သည့်အလျှောက် ကမ္ဘာ့အင်အားကြီး ပြည်ထောင်စုနိုင်ငံများသည်ပင်လျှင် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး၊ မပြိုကွဲရေးအတွက် သမိုင်းကြောင်းတစ်လျှောက် ကာကွယ်စောင့်ရှောက်ခဲ့ကြရသည်ကို တွေ့ရှိရမည် ဖြစ်သည်။

 

၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်ကြသည့် အမိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည်လည်း ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် နိုးကြားစွာဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိကြရန်မှာ ယနေ့ကာလအတွက် အရေးတကြီး လိုအပ်ချက်တစ်ရပ် ဖြစ်သကဲ့သို့ အနာဂတ်အတွက်လည်း အဓိက လိုအပ်ချက်တစ်ရပ် ဖြစ်နေသည်။ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့၏ အမျိုးသားရေး ဦးတည်ချက်များ ဖြစ်ကြသော 

၁။ ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်နိုးကြားရှင်သန်ရေး၊

၂။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်အောင် တည်ဆောက်ရေး၊

၃။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံမှသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊

၄။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင်ပြည်ထောင်စုတစ်ဝန်း စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးတို့သည်လည်း တစ်မျိုးသားလုံးက မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ကြရမည့် လုပ်ငန်းလမ်းညွှန်များပင် ဖြစ်ပါကြောင်း။   

 

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)