နေပြည်တော် ၁၀ ဖေဖော်ဝါရီ

 

ကချင်ပြည်နယ်အတွင်း ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေ၊ လွှတ်တော်ကတိကဝတ်များ၊ BOT များဖြင့် လမ်းတံတားများ တည်ဆောက်သွားမည်။ ကချင်ပြည်နယ်အတွင်းရှိ လမ်း ၆၀ တွင် လမ်းမိုင် ၂၃၈၃ မိုင် ခြောက်ဖာလုံ ဖောက်လုပ်ထိန်းသိမ်းထားပြီး ပေ ၁၈၀ နှင့် အထက် တံတားကြီး ၄၉ စင်း တည်ဆောက်ပေးထားပြီး ဖြစ်သည်။ ၂၀၁၇ ခုနှစ် မတ်လအတွင်း၌ မလိခတံတား (မချမ်းဘော့)ကို ကချင်ပြည်နယ်အတွင်း ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကချင်ပြည်နယ်တွင် ရပ်ဘော့တံတား (နောင်မွန်း) အပါအဝင် ပေ ၁၈၀နှင့်အထက် တံတားငါးစင်း တည်ဆောက်လျက်ရှိပြီး အဆိုပါ တံတားများသည် မကြာမီ တည်ဆောက်ပြီးစီးတော့မည် ဖြစ်သည်ဟူသော သတင်းစကားများကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က ဖွင့်လှစ်ခဲ့သည့် ရပ်ဘော့တံတား (နောင်မွန်း)ဖွင့်ပွဲ အခမ်းအနားတွင် မင်္ဂလာရှိစွာ ကြားသိခဲ့ရသည်။

 

အဆိုပါတံတားသည် မချမ်းဘော့-ဖရုခ-နောင်မွန်း လမ်းပိုင်းပေါ်တွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ မြောက်ဘက်အကျဆုံးသော တံတားတစ်စင်းလည်း ဖြစ်သည်။ အဆိုပါ တံတားဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်အားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်လည်း တွေ့ဆုံခဲ့သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု လိုအပ်ပြီး စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးသည်လည်း လိုအပ်ပါကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။ လမ်းတံတားများ ပြည့်စုံကောင်းမွန်မှု မရှိသောကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ခေတ်ကာလများတွင် ဒေသဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျကာ ဒေသတွင်းနေ တိုင်းရင်းသား ပြည်သူများမှာလည်း လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်ဖြင့် အဘက်ဘက်မှ နိမ့်ကျခဲ့ရသည်။ လမ်းတံတားများ ပြည့်စုံကောင်းမွန်၍ ဒေသခံတိုင်းရင်းသားပြည်သူများ ဆက်သွယ် သွားလာရေး လျင်မြန်ချောမွေ့ကာ ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားရေးများနှင့် ကုန်စည်ကူးသန်းမှုများ မြန်ဆန်ကောင်းမွန်လာမည့် အခြေအနေ၊ သဘာဝအလှအပများ ကြွယ်ဝသည့် ဒေသဖြစ်သည့် အလျောက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည့် အခြေအနေတို့ကို ရှုမျှော်ကာ ဒေသတွင်းရှိ တိုင်းရင်းသား ပြည်သူများ ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ကြည်နူးခဲ့ကြရသလို အပေါင်းလက္ခဏာဆောင်သည့် မင်္ဂလာရှိသော သတင်းကို မီဒီယာများမှတစ်ဆင့် တွေ့မြင်ကြားသိကြရသော ပြည်ထောင်စုကြီးတစ်ဝန်းလုံးမှ ပြည်သူများမှာလည်း ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ပီတိဖြစ်ကြရသည်။

 

ယင်းနောက် ရက်အနည်းငယ်မျှအကြာ ဇန်နဝါရီ ၂၈ ရက်တွင်မူ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကြားလမ်းပိုင်းရှိ တံတားများ ဖျက်ဆီးခံခဲ့ရပြီးနောက် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ကာ စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ ဒေသခံ တိုင်းရင်းသားပြည်သူများ ခံစားနေကြရကြောင်း ဝမ်းနည်းဖွယ်သတင်းအဖြစ် သိရှိကြရပြန်သည်။ ပူတာအိုဒေသတွင် ဓာတ်ဆီတစ်ပုလင်းကို ငွေကျပ် သုံးထောင်မှ ငါးထောင်အထိရှိပြီး ဆန်တစ်အိတ်လျှင် ငွေကျပ် ငါးသောင်းအထက်ရှိကြောင်း၊ အခြား ကုန်ပစ္စည်း ဈေးနှုန်းများမှာလည်း မြင့်တက်နေကြောင်း၊ ကာလကြာလာသည်နှင့် ဒေသခံပြည်သူလူထု အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း ပူတာအိုမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကချင်ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆိုတစ်ရပ် တင်သွင်းကာ ပျက်စီးခဲ့သည့်လမ်းပိုင်းကို အမြန်ဆုံး ပြုပြင်တည်ဆောက်ပေးရန် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းခဲ့သည်။

 

ပြည်နယ်အတွင်း လမ်း၊ တံတားများ ပြည့်စုံကောင်းမွန်၍ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့ကာ ဒေသခံတိုင်းရင်းသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး မျှော်လင့်ချက်များဖြင့် ဝမ်းမြောက်ပျော်ရွှင် ခဲ့မှုများမှာ လမ်း၊ တံတားများ ဖျက်ဆီးခံရခြင်းနှင့်အတူ လွင့်ပျောက်သွားခဲ့ရပြီဖြစ်သည်။ စစ်ရေး လိုအပ်ချက်အရဟုဆိုကာ ဖျက်ဆီးလိုက်သော လမ်း၊ တံတားများနှင့်အတူ ဒေသခံ တိုင်းရင်းသားပြည်သူတို့၏ အနာဂတ်နှင့် ချမ်းမြေ့ပျော်ရွှင်မှုတို့မှာလည်း ဖျက်ဆီးခံခဲ့ရပြီ ဖြစ်သည်။ ပဋိပက္ခ၊ စစ်ပွဲ၊ တိုက်ပွဲများ မပြီးဆုံးသရွေ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုတို့ မရှိနိုင်။ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုတို့ မရှိသေးသရွေ့ ဖွံ့ဖြိုးတိုးတက်မှုတို့လည်း ရောက်မလာနိုင်။ လက်နက်ကိုင်တိုက်ခိုက်မှုများ ရပ်ဆိုင်း၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခြင်းဖြင့်သာ ပြည်သူတို့၏ အကျိုးကို သယ်ပိုး နိုင်ကြပါစေကြောင်း။ 

  
(မြန်မာ့အလင်း)